ပြည်တွင်း၌ ငါး၊ ပုစွန်ကုန်ကြမ်း ရှားပါးမှုကြောင့် စက်ရုံများ ပုံမှန်လည်ပတ်နိုင်ရန်နှင့် ပို့ကုန် တိုးမြှင့်ရန်အတွက် Re-export ခွင့်ပြုပေးရန် တောင်းဆို

ပြည်တွင်း၌ ငါး၊ ပုစွန်ကုန်ကြမ်း ရှားပါးမှုကြောင့် စက်ရုံများ ပုံမှန်လည်ပတ်နိုင်ရန်နှင့် ပို့ကုန် တိုးမြှင့်ရန်အတွက် Re-export ခွင့်ပြုပေးရန် တောင်းဆို
Published 27 July 2016
မျိုးဇော်ဦး၊ ငြိမ်းငြိမ်းသူ

ပြည်တွင်း၌ ငါး ပုစွန် ကုန်ကြမ်း ရှားပါးမှုကြောင့် ရေလုပ်ငန်းစက်ရုံများ ပုံမှန် လည်ပတ်နိုင်ရန်နှင့် ပို့ကုန်မြှင့်တင်ရန်အတွက် Re-export စနစ် ခွင့်ပြုပေးရန် မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် (MFF) တာဝန်ရှိသူများက ရန်ကုန်တိုင်း ငါးလုပ်ငန်း ဦးစီးမှူးမှ တစ်ဆင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသို့ ဇူလိုင် ၂၆ ရက်က တောင်းဆိုခဲ့ကြောင်း သိရသည်။ပြည်တွင်း၌ ကုန်ကြမ်းရှားနေချိန်တွင် Re-export ခွင့်ပြုပေးမည် ဆိုပါက မြန်မာနိုင်ငံထက် ဈေးနှုန်းသက်သာသော နိုင်ငံများမှ ငါး၊ ပုစွန်များ တင်သွင်းပြီး CMP လက်ခစား စနစ်ဖြင့် စက်ရုံများ ပုံမှန် လည်ပတ်နိုင်မည် ဖြစ်ကြောင်း၊ ထိုသို့ စက်ရုံများ ပုံမှန်လည်ပတ်နိုင်မည် ဖြစ်သောကြောင့် အလုပ်အကိုင် အခွင့်အလမ်းများလည်း တိုးတက်လာမည်ဟု MFF တာဝန်ရှိသူများက ပြောကြားသည်။“ပို့ကုန်ကို မြှင့်တင်ချင်တယ်ဆိုရင် Re-export ဆိုတာလည်း ပေးသင့်တယ်။ Re-export ဆိုတာ ဘယ်နိုင်ငံမှာ ရှိတဲ့ ငါး၊ ပုစွန်ကိုမဆို တင်သွင်းခွင့် ရှိရမယ်။ နောက်ပြီး ဒါက နိုင်ငံတကာမှာ ကျင့်သုံးတဲ့စနစ် ဖြစ်တယ်။ အဲဒီလိုသာ လုပ်ခွင့်ရမယ်ဆိုရင် ဒီနှစ်မှာ ရေထွက်ကုန် တင်ပို့မှုကနေ ဒေါ်လာ တစ်ဘီလျံလောက် ရမယ်လို့ မှန်းနိုင်တယ်။ ဒီလို ခွင့်ပြုပေးမယ်ဆိုရင် စက်ရုံတွေက လုပ်ငန်းတွေ ပိုချဲ့လာနိုင်တာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ကုန်ကြမ်းပြတ်လပ်တာ မရှိတော့ဘူး။ ကုန်ကြမ်းပြတ်လပ်တာ မရှိတဲ့ အခါကျ စက်ရုံ တစ်ခုက အလုပ်သမား ၂၀၀ လိုတယ်ဆိုရင် အလုပ်သမား ၂၀၀ လုံး ခန့်ထားနိုင်တာပေါ့” ဟု MFF ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ တိုးနန္ဒာတင်က ပြောကြားသည်။MFF အထွေထွေ အတွင်းရေးမှူး ဦးဝင်းကြိုင်က “ဒီအချိန်က ဒီအခွင့်အရေးကို လက်မလွတ်သင့်တဲ့ အခွင့်အရေးပဲ။ ဒေါ်လာ ၁၀၀ ဖိုး ရင်းနှီးလိုက်လို့ ဝန်ဆောင်ခနဲ့ ၁၁၀ ရတယ် ဆိုရင်လည်း ၁၀ မြတ်တယ် ပြောလို့ရတယ်။ ဒါ့ပြင် အီးယူလို နိုင်ငံမျိုးကို ပို့မယ်ဆိုရင် GSP အထူး ကုန်သွယ်အခွင့်အရေး ၁၃ ဒသမ ၇ ရာခိုင်နှုန်း ရဦးမှာ ဖြစ်တဲ့အတွက် ၁၀ အမြတ်အပြင် နောက်ထပ် ၁၃ ဒသမ ၇ ရာခိုင်နှုန်းလည်း တိုးရမှာ ဖြစ်တဲ့အတွက်ကြောင့် ဒီအခွင့်အရေးကို လက်မလွတ်သင့်ဘူး။ သဘောကတော့ ကိုယ့်မှာ ပို့ကုန်က မလုံလောက်တဲ့ အခါကျတော့ သူများရဲ့ ကုန်ကြမ်းနဲ့ ကိုယ်က ဒီအခွင့်အရေးကို ရယူတဲ့ သဘောပဲ။ ဒီလို လုပ်နည်းလုပ်ဟန်တွေက နိုင်ငံတကာမှာလည်း လုပ်နေတယ်။ ကျွန်တော်တို့လို လုပ်အားခ သက်သာတဲ့ နိုင်ငံတွေက ဒီအခွင့်အရေးတွေကို လက်မလွတ်သင့်ဘူး။ ဒါကလည်း ကိုယ့်နိုင်ငံမှာ ကုန်ကြမ်းတွေ ရှားပါးတဲ့ကာလ ဖြစ်နေတဲ့ အတွက်ပေ့ါ။ ကုန်ကြမ်းတွေ ပေါများတဲ့ အချိန်ရောက်ရင်တော့ ဒီစနစ်ကလည်း အလိုလို ပျောက်သွားမှာပါ” ဟု ပြောကြားသည်။သို့သော် မြန်မာနိုင်ငံနှင့် အသားမကျသေးသော Re-export စနစ်ကို ကျင့်သုံးပါက အခွန်ကဏ္ဍတွင် ရှုပ်ထွေးမှုများ ဖြစ်ပေါ်နိုင်သကဲ့သို့ ပြည်တွင်းမွေးမြူရေး လုပ်ငန်းများအပေါ် ထိခိုက်မှုများလည်း ရှိနိုင်မည်ဖြစ်၍ ယင်းစနစ်နှင့် ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးမှုများ ပြုလုပ်ရမည်ဖြစ်ကြောင်း သိရသည်။MFF တာဝန်ရှိသူများက Re-export စနစ် ခွင့်ပြုပေးရန် တောင်းဆိုမှုနှင့် ပတ်သက်၍ ရန်ကုန်တိုင်း ငါးလုပ်ငန်းဦးစီးမှူး ဦးထွန်းဝင်းမြင့်က “ဒါက ကျွန်တော်တို့ဌာန တစ်ခုတည်းနဲ့ မပြီးဘူး။ စီးပွား/ကူးသန်း၊ အခွန်ဘဏ္ဍာဌာနတွေနဲ့ ညှိနှိုင်းရဦးမှာ။ ဝန်ကြီးဌာန သုံး၊ လေး ခုလောက် ညှိရမှာ။ ကျွန်တော်တို့ ဝန်ကြီးဌာနကတော့ Re-export စနစ်နဲ့ ပတ်သက်ပြီး ဘာမှ တားမြစ်ထားတာ မရှိပါဘူး” ပြောကြားသည်။