ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို ပြည်သူလူထုအား ထိရောက်လုံလောက်စွာ ပေးနိုင်ရန် ပြည်သူ့ကျန်းမာရေးဦးစီးဌာနကို တိုးချဲ့ပြင်ဆင် ဖွဲ့စည်းသင့်ကြောင်း ပြည်ထောင်စုအစိုးရအား တိုက်တွန်းသည့်အဆိုကို ဇူလိုင် ၂၇ ရက်တွင် ပြည်သူ့လွှတ်တော်က မှတ်တမ်းတင်ခဲ့သည်။
၎င်းအဆိုကို စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေဇင်လတ်က ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးကာလအတွင်းက တင်သွင်းထားခြင်းဖြစ်ပြီး အဆိုနှင့် ပတ်သက်၍ ဇူလိုင် ၂၆ ရက်နှင့် ၂၇ ရက် တို့တွင် လွှတ်တော်ကိုယ်စားလှယ် ၁၂ ဦးက ထောက်ခံဆွေးနွေးခဲ့ကြသည်။
အဆိုနှင့်ပတ်သက်၍ ရှမ်းပြည်နယ် လားရှိုးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိုင်းမောက်ခမ်းက ပြည်သူများအား ထိရောက်လုံလောက်သည့် ကျန်းမာရေးဝန်ဆောင်ပေးနိုင်ရန် ကျွမ်းကျင်လူသားအရင်းအမြစ် ပြည့်စုံမှု၊ ပြည်သူလူထု ကျန်းမာရေးအသိနှင့် ပူးပေါင်းပါဝင်လာမှု၊ နိုင်ငံတော်၏ စီးပွားရေးတောင်းတင်းခိုင်မာမှု၊ မခိုင်မာမှု၊ ပြည်တွင်းငြိမ်းချမ်းရေး ရရှိမှု၊ မရှိမှု၊ ကျေးလက်ဒေသအထိ လွှမ်းခြုံနိုင်သည့်
ကျန်းမာရေးစောင့်ရှောက်မှု၊ ပုဂ္ဂလိကကဏ္ဍ တိုးမြှင့်ပါဝင်လာမှု စသည်တို့နှင့် များစွာသက်ဆိုင်ကြောင်း ဆွေးနွေးပြောကြားသည်။
“မြန်မာနိုင်ငံရဲ့ လူဦးရေ ၅၁ သန်းအတွက် အစိုးရဝန်ထမ်း ဆရာဝန်နဲ့ ပုဂ္ဂလိကဆရာဝန် ပေါင်းလိုက်ရင်တောင်မှ ဆရာဝန်တစ်ဦးဟာ လူပေါင်း ၄၀၀၀ ခန့်ကို စောင့်ရှောက်မှု ပေးနေရဆဲဖြစ်သလို အထူးကုဆရာဝန်များရဲ့ လိုအပ်ချက်လည်း ကြီးမားနေဆဲ ဖြစ်ပါတယ်။ အရေးတကြီးလိုအပ်တဲ့ အထူးကုတွေကတော့ မေ့ဆေး၊ ဓာတ်မှန်၊ ရောဂါဗေဒ အထူးကုတွေပဲ ဖြစ်ကြပါတယ်” ဟု ဒေါက်တာစိုင်းမောက်ခမ်းက ဆိုသည်။
ထို့အတူ ကျေးလက်ကျန်းမာရေးဌာန၊ ဌာနခွဲများနှင့် ကျန်းမာရေးဝန်ထမ်းများ တိုးချဲ့ခန့်ထားရန် အထူးလိုအပ်ကြောင်း ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦးက ဆွေးနွေးပြောကြားသည်။
မြို့ပြနှင့် ကျေးလက်ကျန်းမာရေးစောင့်ရှောက်မှု ကွာဟနေခြင်း အားနည်းသွားစေရန် နှင့် ကြိုတင်ကာကွယ်ရေးနှင့် အသိပညာပေးမှုများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရန်အတွက် အဓိကအားဖြင့် အခြေခံကျန်းမာရေးဌာနများ တိုးချဲ့ဖွဲ့စည်းခြင်း၊ ဆရာဝန်၊ သူနာပြုစသည့် ကျန်းမာရေးဝန်ထမ်းများ အင်အားအလုံအလောက် ဖြည့်တင်းပေးသင့်ကြောင်း၊ လိုအပ်သည့် ဘတ်ဂျက်ကိုလည်း ပိုမိုသုံးစွဲသင့်ကြောင်း ဦးမြင့်ဦးက ထောက်ခံဆွေးနွေးခဲ့သည်။
အဆိုရှင် အပါအဝင် ကိုယ်စားလှယ် ၁၂ ဦး၏ ဆွေးနွေးမှုများနှင့် ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ကျေးလက်အခြေပြု ကျန်းမာရေးဝန်ထမ်းများဖြစ်သည့် သားဖွားဆရာမများကို ဦးစားပေး အစီအစဉ်ဖြင့် ခန့်အပ်မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ဒေါက်တာအေဇင်လတ် တင်သွင်းသည့် အဆိုအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ထောက်ခံ ရှင်းလင်းခဲ့ပြီး အဆိုအား မှတ်တမ်းတင်သင့်ကြောင်း ပြောကြားသည်။
ထို့နောက် အဆိုနှင့်ပတ်သက်၍ ဒေါက်တာအေဇင်လတ်က ပြည်သူ့လွှတ်တော်မှ မှတ်တမ်းပေးရန် တင်ပြခဲ့ပြီး ယင်းအဆိုအား လွှတ်တော်မှ ကန့်ကွက်သူမရှိ မှတ်တမ်းခဲ့သည်။
ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ထိရောက်လုံလောက်စွာ ပေးနိုင်ရန် ပြည်သူ့ကျန်းမာရေးဦးစီးဌာနကို တိုးချဲ့ပြင်ဆင် ဖွဲ့စည်းသင့်ကြောင်း အစိုးရအား တိုက်တွန်းသည့်အဆို ပြည်သူ့လွှတ်တော် မှတ်တမ်းတင်















