၂၁ ရာစု ပင်လုံညီလာခံသည် ပြည်တွင်းစစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်ရန် အဖြေရှာနိုင်မည့် နိုင်ငံရေးဆွေးနွေးပွဲ အခင်းအကျင်းဖြစ်ရန် လိုကြောင်း ဒေါ်အောင်ဆန်းစုကြည်အား တိုက်တွန်းခဲ့ကြောင်း KIO ဒုတိယဥက္ကဋ္ဌ ပြောကြား

၂၁ ရာစု ပင်လုံညီလာခံသည် ပြည်တွင်းစစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်ရန် အဖြေရှာနိုင်မည့် နိုင်ငံရေးဆွေးနွေးပွဲ အခင်းအကျင်းဖြစ်ရန် လိုကြောင်း ဒေါ်အောင်ဆန်းစုကြည်အား တိုက်တွန်းခဲ့ကြောင်း KIO ဒုတိယဥက္ကဋ္ဌ ပြောကြား
Published 27 July 2016

၂၁ ရာစု ပင်လုံညီလာခံသည် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များအကြား ထားရှိခဲ့သည့် နိုင်ငံရေးပဋိညာဉ်ကို ဆက်လက် သယ်ဆောင်ပြီး ပြည်တွင်းစစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်ရန် အဖြေရှာနိုင်မည့် နိုင်ငံရေးဆွေးနွေးပွဲ အခင်းအကျင်းဖြစ်ရန် လိုအပ်သည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့်တွေ့ဆုံစဉ် တိုက်တွန်းပြောကြားခဲ့သည်ဟု ကချင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ KIO  ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက ပြောကြားသည်။
 
KIO ထိန်းချုပ်နယ်မြေ မိုင်ဂျာယန်ဒေသတွင် ဇူလိုင် ၂၆ ရက်က စတင်ကျင်းပခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ မျက်နှာစုံညီ အစည်းအဝေး ပထမနေ့တွင် သဘာပတိအဖြစ် တာဝန်ယူခဲ့သည့် ဗိုလ်ချုပ်ကြီး အင်ဘန်လက အစည်းအဝေး အဖွင့်မိန့်ခွန်းတွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး ယခု အစည်းအဝေးသည် တစ်စုံတစ်ယောက်၏ ဖိအားပေးမှုကြောင့် ပြုလုပ်ခြင်း မဟုတ်ဘဲ အခြေအနေလိုအပ်မှုနှင့် သမိုင်း၏ တောင်းဆိုချက်အရ ပြုလုပ်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
 
ဗိုလ်ချုပ်ကြီး အင်ဘန်လက “ပြည်ထောင်စုနိုင်ငံ တစ်ခုအဖြစ် ပေါ်ထွန်းလာဖို့အတွက် ၁၉၄၇ ခုနှစ်မှာ ချုပ်ဆိုခဲ့တဲ့ ပင်လုံစာချုပ်ဟာ တိုင်းရင်းသားတွေအတွက် လွန်စွာ အရေးကြီးပြီး အစဉ်တစိုက် အလေးထားလာခဲ့တဲ့ စာချုပ်တစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီပင်လုံအခြေခံမူနဲ့ ပင်လုံကတိကဝတ်များကို လက်တွေ့အကောင်အထည်ဖော်မှုမှာ အားနည်းခဲ့တာကြောင့် ဒီနိုင်ငံရဲ့ နိုင်ငံရေးပြဿနာကို ယနေ့ ကျွန်တော်တို့ လက်တွေ့ခံစားနေရဆဲပဲ ဖြစ်ပါတယ်”ဟု ပြောကြားသည်။
 
ပင်လုံစာချုပ်သည် တောင်တန်းနှင့် ပြည်မ ပေါင်းစည်းပြီး နိုင်ငံအသစ်တစ်ခု တည်ဆောက်ရေး ဖြစ်ကြောင်း၊ ဒီလို နိုင်ငံသစ် ထူထောင်ရာတွင် ကြိုတင် သဘောတူညီချက်များလည်း ရှိခဲ့ပြီးသား ဖြစ်ကြောင်း၊ အမျိုးသားတန်းတူရေး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရှိသည့် ဖက်ဒရယ်ပြည်ထောင်စုကို အတူတကွ ထူထောင်ရေးဖြစ်ကြောင်း၊ ခေတ်အဆက်ဆက်တွင် အထက်ပါ သဘောတူညီချက်များကို လျစ်လျူရှုပြီး တစ်ပြည်ထောင်စနစ်၊ စစ်အုပ်ချုပ်ရေးစနစ်များနှင့်သာ နိုင်ငံရေးရာများကို  အကောင်အထည်ဖော်ခဲ့၍ ပြဿနာသည် ယနေ့ထိ ရှိနေခြင်းဖြစ်ကြောင်း၊ ခေတ်အခြေအနေ၏ တောင်းဆိုမှုအရ ယခင် ဦးသိန်းစိန်အစိုးရဘက်မှ တွေ့ဆုံဆွေးနွေးပြီး နိုင်ငံရေး ပြဿနာဖြေရှင်းရန် ဆောင်ရွက်ခဲ့ခြင်း ရှိခဲ့သော်လည်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအားလုံး ပါဝင်ပြီး တွေ့ဆုံဆွေးနွေးရန်ကိစ္စကို သဘောတူညီချက် မရခဲ့ကြောင်း၊ ရှမ်းပြည်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်များတွင် တိုက်ပွဲများ ရှိနေဆဲဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောကြားသည်။
 
“ယနေ့ NLD အစိုးရ တက်လာတဲ့အခါမှာလည်း ဒီပြည်တွင်းစစ်ပြဿနာဟာ အဓိက ပြဿနာတစ်ခုလို ရှိနေဆဲဖြစ်ပါတယ်။ ကျွန်aတာ်တို့  UNFC ခေါင်းဆောင်များ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ လွန်ခဲ့တဲ့အပတ် တွေ့ဆုံခဲ့စဉ်မှာလည်း ဒီတိုက်ပွဲကိစ္စ ဖြေရှင်းသွားဖို့လိုကြောင်း တင်ပြခဲ့ပါတယ်။
 
ဒါ့အပြင် ၂၁ရာစု ပင်လုံညီလာခံဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားခေါင်းဆောင်များအကြားမှာ ထားရှိခဲ့ကြတဲ့ နိုင်ငံရေးပဋိညာဉ်ကို ဆက်လက် သယ်ဆောင်ပြီးတော့ ပြည်တွင်းစစ် ချုပ်ငြိမ်းဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ဖို့အတွက် အဖြေရှာနိုင်မယ့် နိုင်ငံရေးဆွေးနွေးပွဲ အခင်းအကျင်းဖြစ်ဖို့ လိုအပ်မှာဖြစ်ကြောင်း တိုက်တွန်း ပြောဆိုထားခဲ့ပါတယ်” ဟု ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောကြားသည်။
 
ဒေါ်အောင်ဆန်းစုကြည်နှင့် UNFC ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ ဦးဆောင်သည့် UNFC ကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင် ၁၇ ရက်တွင် ရန်ကုန်မြို့၌ တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။ 
အဆိုပါတွေ့ဆုံမှုနှင့် ပတ်သက်ပြီး သမ္မတရုံးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက “၁၉၄၇ ပင်လုံညီလာခံနဲ့ ပတ်သက်လို့  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ရှင်းသွားတာ ရှင်းပါတယ်။ ပင်လုံညီလာခံမှာ လက်မှတ်ထိုးတဲ့၊ ပါဝင်ခဲ့တဲ့အဖွဲ့တွေကို ပြန်ကြည့်လိုက်မယ်ဆိုရင် ဗမာရယ်၊ ရှမ်းရယ်၊ ကချင်ရယ်၊ ချင်းရယ်ပဲ ပါတယ်။ ပါတော့ကျတော့ အဲဒီသဘောတူညီချက်ကို အခြေခံမယ်။ အဲဒီ ကတိကဝတ်ကို အခြေခံမယ်ဆိုရင် ကျန်တဲ့ ကရင်တို့၊ မွန်တို့၊ ရခိုင်တို့၊ ကျန်တဲ့ တိုင်းရင်းသားမျိုးနွယ်စုတွေ ရှိသေးတယ်။ ဒီအပေါ်မှာ မပါတော့ဘူးလားဆိုတာ ယူဆစရာ ရှိပါသေးတယ်။ 
အဲဒါကြောင့်မို့လို့ ၂၁ ရာစုပင်လုံရဲ့ အဓိကအခြေခံက ပင်လုံစိတ်ဓာတ်ပေါ့နော်။ ပင်လုံစိတ်ဓာတ်ဆိုတာ မြန်မာနိုင်ငံလွတ်လပ်ဖို့အတွက် တောင်တန်းပြည်မ မခွဲခြားဘဲ တစ်စိတ်တစ်ဝမ်းတည်းနဲ့ လွတ်လပ်ရေးကို ယူကြမယ်ဆိုတဲ့ ညီညွတ်မှုပေါ့။ အဲဒီလိုပဲ အခု ၂၁ ရာစု ပင်လုံညီလာခံသည် နိုင်ငံတော်၏ အတိုင်ပင်ခံဆိုလိုချင်တဲ့ သဘောက ပြည်တွင်းငြိမ်းချမ်းရေးပေါ့။ 
လွတ်လပ်ရေးစရကတည်းက ဖြစ်လာတဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို အားလုံး တစ်စိတ်တစ်ဝမ်းတည်း သဘောတစ်ခုတည်းနဲ့ ရအောင် တည်ဆောက်ကြမယ်ဆိုတဲ့ဟာကို ဆိုလိုတာ ဖြစ်တယ်”ဟု ရှင်းပြထားသည်။
 
မြန်မာနိုင်ငံ၏ နိုင်ငံရေးပြဿနာကို ဖြေရှင်းသွားနိုင်ရန် ရည်ရွယ်ကျင်းပသည့် ယခု မျက်နှာစုံညီအစည်းအဝေးသို့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသားအဖွဲ့များ၊ မထိုးရသေးသည့် အဖွဲ့များ၊ တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ အမျိုးသမီးအဖွဲ့များမှ ကိုယ်စားလှယ်များ တက်ရောက်လျက်ရှိပြီး အစည်းအဝေးကို ဇူလိုင် ၂၉ ရက်ထိ ကျင်းပရန် သတ်မှတ်ထားသည်။
 
 
 

Most Read

Most Recent