ကမ္ဘာ့ဆန်တင်ပို့မှု အများဆုံးနိုင်ငံများ ဖြစ်သော ထိုင်းနှင့် ဗီယက်နမ်တို့ထက် လယ်ယာစိုက်ပျိုးရေး ကဏ္ဍတွင် မြန်မာနိုင်ငံက အလားအလာ ပိုကောင်းကြောင်း ဗီယက်နမ် ပညာရှင် ပြောကြား

ကမ္ဘာ့ဆန်တင်ပို့မှု အများဆုံးနိုင်ငံများ ဖြစ်သော ထိုင်းနှင့် ဗီယက်နမ်တို့ထက် လယ်ယာစိုက်ပျိုးရေး ကဏ္ဍတွင် မြန်မာနိုင်ငံက အလားအလာ ပိုကောင်းကြောင်း ဗီယက်နမ် ပညာရှင် ပြောကြား
Published 23 July 2016
စည်သူအောင်

ကမ္ဘာ့ဆန်တင်ပို့မှု အများဆုံးနိုင်ငံများ ဖြစ်သော ထိုင်းနှင့် ဗီယက်နမ်တို့ထက် လယ်ယာစိုက်ပျိုးရေး ကဏ္ဍတွင် မြန်မာနိုင်ငံက အလားအလာ ပိုမို ကောင်းမွန်ကြောင်း ဗီယက်နမ်နိုင်ငံမှ ဆန်စပါးစိုက်ပျိုးရေး ကျွမ်းကျင်ပညာရှင်ဖြစ်သူ ပါမောက္ခ Vo Tong Xuan က ပြောကြားချက်ကို ကိုးကားပြီး vietnamnet.vn သတင်းဌာနက ဖော်ပြသည်။မြန်မာနိုင်ငံသည် ဆန်စပါး စိုက်ပျိုးရေးပိုင်းတွင် အခွင့်အလမ်းကောင်းများစွာ ပိုင်ဆိုင်ထားပြီး မြန်မာနိုင်ငံ၏ မြေဧရိယာကလည်း ဗီယက်နမ်ထက် သုံးဆခန့် ပိုမိုကြီးမားကာ မြေဆီသြဇာလည်း ပိုမိုကောင်းမွန်ကြောင်း ၎င်းက ဆိုသည်။ရေရရှိမှု အနေဖြင့်လည်း မြန်မာနိုင်ငံတွင် ဧရာဝတီမြစ်ကဲ့သို့ ရေအရင်းအမြစ်များ ရှိပြီး အလုပ်သမား စရိတ်နှင့် အခြားကုန်ကျစရိတ် ပိုင်းတွင်လည်း အခြားနိုင်ငံများထက် သက်သာခြင်းကြောင့် ဒေသတွင်း ဆန်တင်ပို့သည့် နိုင်ငံများထက် ပို့ကုန်တင်ပို့မှု အားသာချက် ရယူနိုင်ကြောင်း သိရသည်။မြန်မာနိုင်ငံ၏ ရေအရင်းအမြစ် ရရှိမှုပိုင်းသည် အခြားမဲခေါင်ဒေသတွင်းနိုင်ငံများထက် သာလွန်နေပြီး တရုတ်နိုင်ငံအတွင်း ရှိသည့် ရေအားလျှပ်စစ် ဆည်များကြောင့် ထိခိုက်နိုင်ခြေ နည်းပါးသေးသကဲ့သို့ ထိုင်းနိုင်ငံ၏ မြစ်ကြောင်းလမ်းကြောင်း လွှဲပြောင်းမှုများကလည်း အဓိက ရေအရင်းအမြစ်ကို မထိခိုက်ခြင်းကြောင့် စိုးရိမ်ဖွယ် မရှိကြောင်း Xuan က သုံးသပ်သည်။အနာဂတ် ကာလတွင် မြန်မာနိုင်ငံသည် ဆန်တင်ပို့မှုပိုင်းတွင် ကမ္ဘာ့နံပါတ်တစ် နိုင်ငံ ဖြစ်လာနိုင်ပြီး လက်ရှိ ထိပ်တန်း ဆန်တင်ပို့နေသည့် ထိုင်းနိုင်ငံကိုလည်း ဖြတ်ကျော်သွားနိုင်ကြောင်း ၎င်းက ဆိုသည်။ လက်ရှိ မြန်မာနိုင်ငံ အနေဖြင့် ပြည်ပသို့ ဆန်တန်ချိန် အရေအတွက် များအောင် တင်ပို့နိုင်ရန် မျှော်မှန်းသလောက် အားထုတ်နေခြင်း မရှိသော်လည်း အရည်အသွေးကောင်းသော ဆန်စပါးများ ထွက်ရှိနိုင်အောင် ကြိုးပမ်းနေသည်ဟု Xuan က ယူဆထားသည်။“ကြားရတဲ့ သတင်းတွေအရ ဆိုရင် မြန်မာနိုင်ငံက သူ့ရဲ့ ဆန်တင်ပို့မှု ဈေးကွက်ကို ချဲ့ထွင်နိုင်ဖို့ ကြိုးပမ်းနေသလို အထူးသဖြင့် အီးယူနိုင်ငံတွေကို ပိုမိုတင်ပို့နိုင်ဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ပြီးတော့ ကူဝိတ်လို အရှေ့အလယ်ပိုင်းနဲ့ အာဖရိကဒေသ နိုင်ငံတွေကို အဓိက ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်” ဟု ၎င်းက ဆိုသည်။ကမ္ဘာ့ဆန်ဈေးကွက်အတွင်း ဝယ်လိုအား များပြားလာမည့် နိုင်ငံများအဖြစ် သြစတြေးလျ၊ ယူကရိန်း၊ ဘင်္ဂလားဒေ့ရှ်၊ တောင်အာဖရိက၊ အိန္ဒိယ၊ စင်ကာပူနှင့် မလေးရှား နိုင်ငံတို့ကို မျှော်မှန်းထားကြောင်း သိရသည်။၂၀၁၂ ခုနှစ် နောက်ပိုင်း ဗီယက်နမ်နိုင်ငံ၏ အဓိက ဆန်တင်ပို့မှု ဈေးကွက်မှာ တရုတ်နိုင်ငံဖြစ်ပြီး ယင်းဈေးကွက်တွင် ဗီယက်နမ်နိုင်ငံ၏ စုစုပေါင်း ဆန်တင်ပို့မှု ပမာဏ၏ သုံးပုံတစ်ပုံအထိ ရှိခဲ့ခြင်းဖြစ်သည်။ ထို့နောက် ဆန်ပို့ကုန် ကဏ္ဍတွင် မြန်မာနိုင်ငံ ထွက်ပေါ်လာပြီးနောက်တွင် ကမ္ဘာ့ဆန်တင်ပို့မှု အများဆုံး နိုင်ငံများဖြစ်သော ထိုင်း၊ ဗီယက်နမ်၊ ပါကစ္စတန်တို့၏ ဈေးကွက်ဝေစုများ ကျဆင်းလာကြောင်း သိရသည်။မြန်မာနိုင်ငံ၏ ရေအရင်းအမြစ် ကောင်းမွန်မှု၊ စိုက်ပျိုးမြေ ကြွယ်ဝမှုနှင့် ဆန်စပါး မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးမှုများကြောင့် မြန်မာနိုင်ငံ၏ ပြည်ပဆန်တင်ပို့မှု မြင့်တက်လာရန် အလားအလာ ကောင်းမွန်ကြောင်း ၎င်းက သုံးသပ်ခြင်းဖြစ်သည်။