နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်နိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုသို့ သွားရောက်လည်ပတ်ရန် သက်ဆိုင်ရာ တာဝန်ရှိသူများ အနေဖြင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်နေဆဲဖြစ်ကြောင်း သိရသည်။ဒေါ်အောင်ဆန်းစုကြည်အား လာရောက်လည်ပတ်ရန် တရုတ်နိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုတို့သာမက နိုင်ငံအများအပြားက ဖိတ်ကြားထားကြောင်းနှင့် မည်သည့်နိုင်ငံသို့ ခရီးစဉ် အရင်သွားဖြစ်မည် ဆိုသည်ကို သက်ဆိုင်ရာ နိုင်ငံများနှင့် ညှိနှိုင်းဆွေးနွေးပြီးမှသာ ထုတ်ပြန်ပေးနိုင်မည်ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးစိုးက ပြောကြားသည်။“ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ထားတဲ့နိုင်ငံတွေက တရုတ်နဲ့ အမေရိကန်တင် မဟုတ်ဘူး။ အများကြီး ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်တွေအတွက် သက်ဆိုင်ရာနိုင်ငံတွေက တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းဆွေးနွေးနေဆဲပါ။ ဘယ်ခရီးစဉ်အရင် သွားဖြစ်မယ်ဆိုတာက ညှိနှိုင်းတာတွေပြီးလို့ ရက်အတိအကျ ထွက်လာမှပဲ ထုတ်ပြန်နိုင်မှာပါ။ ညှိနှိုင်းနေဆဲ အချိန်မှာတော့ အန်တီတို့ဘက်က ဘာမှမပြောနိုင်သေးပါဘူး” ဟု ဒေါ်အေးအေးစိုးက ပြောကြားသည်။ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် အမေရိကန် ပြည်ထောင်စုသို့ သမ္မတအိုဘားမား ရာထူးမှမဆင်းမီ ယခုနှစ်မကုန်ခင် သွားရောက်မည်ဖြစ်ပြီး ယင်းအမေရိကန် ခရီးစဉ် မတိုင်မီ တရုတ်နိုင်ငံသို့ အရင်သွားရောက်မည်ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်နေသည်။ ထို့ပြင် မလေးရှားနိုင်ငံသို့လည်း ယခုနှစ်အတွင်း အလုပ်သဘော ခရီးစဉ် သွားရောက်ရန် စီစဉ်ထားကြောင်း သိရသည်။အမေရိကန်ပြည်ထောင်စု၏ ဒုတိယ အမျိုးသား လုံခြုံရေးအကြံပေး ဘန်ရုဒ်သည် ဇူလိုင် ၂၀ ရက်က နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံစဉ် အမေရိကန်နိုင်ငံသို့ ချစ်ကြည်ရေးခရီး လာရောက်ရန် သမ္မတ အိုဘားမားက တရားဝင် ဖိတ်ကြားသည့်စာအား ပေးအပ်ခဲ့ခြင်းဖြစ်သည်။အလားတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ်၏ အထူးကိုယ်စားလှယ်ဖြစ်သူ နိုင်ငံခြားရေးအတွင်းဝန် H.E. Mr. Md. Shahidul Haque ကလည်း ဇွန် ၃၀ ရက်က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံစဉ် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ချစ်ကြည်ရေးခရီး လာရောက်ရန် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်၏ ဖိတ်ကြားမှုကို ပြောကြားခဲ့ကြောင်း သိရသည်။ဒေါ်အောင်ဆန်းစုကြည်သည် မေ ၆ ရက်က လာအိုနိုင်ငံသို့ သမ္မတဦးထင်ကျော်နှင့်အတူ နေ့ချင်းပြန် ချစ်ကြည်ရေး ခရီးစဉ် သွားရောက်ခဲ့သလို ထိုင်းနိုင်ငံသို့လည်း ဇွန် ၂၃ ရက်မှ ၂၅ ရက်အထိ သုံးရက်ကြာခရီးစဉ် သွားရောက်ခဲ့သည်။လက်ရှိအချိန်တွင် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ (ဇူလိုင် ၂၃ ရက်) မှ ၂၆ ရက်အထိ ကျင်းပမည့် (၄၉) ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ရန် လာအိုနိုင်ငံသို့ ရောက်ရှိနေသည်။
တရုတ်နိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုသို့ ဒေါ်အောင်ဆန်းစုကြည် သွားရောက်လည်ပတ်ရန် ညှိနှိုင်းနေဆဲဖြစ်