သင်္ဃန်းကျွန်းမြို့နယ် ငမိုးရိပ်ရပ်ကွက်၌ အလှပြင်ဆိုင် ဖွင့်ထားသည့် ပိုင်ရှင်အမျိုးသားအား အသက် ၂၀ ဝန်းကျင် လူငယ်တစ်ဦးက ဆိုင်ထဲဝင်၍ ဓားဖြင့်ထိုးမှုှုဖြစ်ပွား

သင်္ဃန်းကျွန်းမြို့နယ် ငမိုးရိပ်ရပ်ကွက်၌ အလှပြင်ဆိုင် ဖွင့်ထားသည့် ပိုင်ရှင်အမျိုးသားအား အသက် ၂၀ ဝန်းကျင် လူငယ်တစ်ဦးက ဆိုင်ထဲဝင်၍ ဓားဖြင့်ထိုးမှုှုဖြစ်ပွား
Published 20 July 2016
ဉာဏ်ဝင်းရှိန်

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်၊ ငမိုးရိပ်ရပ်ကွက်၌ အလှပြင်ဆိုင် ဖွင့်လှစ်ထားသည့် ဆိုင်ပိုင်ရှင်အား အသက် ၂၀ ဝန်းကျင် လူငယ်တစ်ဦးက ဆိုင်ထဲဝင်၍ ဓားဖြင့်ထိုးမှု ဇူလိုင် ၂၀ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
 
ဖြစ်စဉ်မှာ ယင်းနေ့ ညနေ ၃ နာရီခွဲခန့် က သင်္ဃန်းကျွန်းမြို့နယ်၊ ငမိုးရိပ်ရပ်ကွက်၊ ငမိုးရိပ် ၁ လမ်း၊ အမှတ် ၉၀၆ ပထမထပ်တွင် ဖွင့်လှစ်ထားသည့်  Be Love (Saw Saw)  အလှပြင်ဆိုင်ပိုင်ရှင်ဖြစ်သူ အမျိုးသားအား အသက် ၂၀ ဝန်းကျင် လူငယ်တစ်ဦးက ဟင်းသီးဟင်းရွက်လှီးသည့် ဓားဖြင့် ဆိုင်ထဲသို့ ဝင်ရောက် ထိုးခဲ့ခြင်းဖြစ်ကြောင်း အနီးနားရှိ မျက်မြင်များက ပြောကြားသည်။
 
မျက်မြင်ကိုယ်တွေ့ တစ်ဦးဖြစ်သူ ငမိုးရိပ်ရပ်ကွက် ရပ်ကျေး NLD ဥက္ကဋ္ဌ ဖြစ်သူ ဦးအောင်မိုးက “ကျွန်တော်တို့လည်း ဓားနဲ့ ထိုးတယ် ဓားနဲ့ထိုးတယ် ကြားတော့သွားပြီး ကြည့်တဲ့အခါကျတော့ အထိုးခံရတဲ့သူက ကြမ်းပြင်ပေါ်မှာ လဲနေတယ်။ အဲဒါနဲ့ ရဲကို ဖုန်းဆက်ပြီးခေါ်တော့ ရဲနှစ်ယောက် ရောက်လာတယ်။ ဓားနဲ့ထိုးတဲ့ ကောင်လေးကလည်း အဲဒီနေရာနားမှာပဲ ထိုင်နေတယ်။ ကြည့်ရတာ နည်းနည်းကြောင်တောင်တောင် ဖြစ်နေတယ်။ ကျူးလွန်သူကို တစ်ခါတည်း ဖမ်းမိပါတယ်။ နောက်ဒဏ်ရာရတဲ့သူကို သင်္ဃန်းကျွန်းဆေးရုံကို ပို့ပြီး ပြန်လာတာ။ ဓားနဲ့ အထိုးခံရတဲ့သူနဲ့ ထိုးတဲ့သူနဲ့ ဘယ်လိုပတ်သက်မှုရှိလဲတော့ ကျွန်တော်လည်းမသိဘူး” ဟု ပြောကြားသည်။
 
ဓားဖြင့် အထိုးခံရသည့် အလှပြင်ဆိုင်ပိုင်ရှင်ဖြစ်သူ အမျိုးသားမှာ ဝမ်းဗိုက်အောက်တွင် ထိုးသွင်းဒဏ်ရာတစ်ချက် ရရှိခဲ့ပြီး သင်္ဃန်းကျွန်းစံပြဆေးရုံကြီးတွင် ကုသမှုခံယူနေပြီး အသက်အန္တရာယ် စိုးရိမ်ဖွယ်မရှိတော့ကြောင်း ဆေးရုံသို့ လိုက်ပို့ဆောင်ပေးခဲ့သူ ကိုမင်းမင်းထွန်းက ပြောကြားသည်။
 
၎င်းက“စိုးရိမ်စရာတော့ မရှိတော့ပါဘူး။ အထိုးခံရတဲ့နေရာက အူတွေထွက်တာတော့ ရှိတယ်။ ဒါပေမဲ့ သတိမလစ်ဘဲ ဆေးရုံရောက်တဲ့အထိ စကားပြောနိုင်ပါတယ်။ ခွဲခန်းထဲဝင်ပြီးမှ ကျွန်တော်တို့ ပြန်လာတာ။ အသက်အန္တရာယ်ကတော့ စိုးရိမ်စရာ မရှိတော့ပါဘူး” ဟု ဆိုသည်။
 
ယခုနှစ်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း လူသတ်မှု အပါအဝင်မှုခင်းဖြစ်စဉ်များတွင် လူငယ်များက တုတ်၊ ဓားလက်နက်များ အသုံးပြုကျူးလွန်မှုများ ပိုမိုဖြစ်ပွားနေမှုအပေါ် ငမိုးရိပ်ရပ်ကွက် ရပ်ကျေး NLD ဥက္ကဋ္ဌဖြစ်သူ ဦးအောင်မိုးက “လူငယ်တွေ ကထစ်ခနဲရှိ ဓားနဲ့ ထိုးတာတို့ တုတ်နဲ့ရိုက်လိုက်တာတို့က ကောင်းတဲ့လက္ခဏာတော့ မဟုတ်ဘူး။ ကျွန်တော်မြင်တာတစ်ခုက လူငယ်တွေ ဒီလိုမျိုး လက်ရဲဇက်ရဲ နိုင်လာတာက မူးယစ်ဆေးဝါးကြောင့်လည်း ပါမယ်လို့ ထင်တယ်” ဟု မှတ်ချက်ပြုသည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ သင်္ဃန်းကျွန်းမြို့မ ရဲစခန်းသို့ ဆက်သွယ်ရာ တာဝန်ကျရဲတပ်ဖွဲ့ဝင်တစ်ဦးက ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး သတင်းထုတ်ပြန်ရေးကို မေးရန်နှင့်အမှုနှင့် ပတ်သက်သည်များကို စခန်းမှူးသာ ပြောခွင့်ရှိပြီး စခန်းမှူးမှာလည်း အစည်းအဝေးသွားနေကြောင်း ဇူလိုင် ၂၀ ရက် ညနေ ၆ နာရီခန့်က ဖြေကြားသည်။