၂၀၂၄ ခုနှစ်တွင် အထည်ချုပ် ပြည်ပတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၀ ဘီလျံ ရရှိနိုင်ရန် မဟာဗျူဟာ ရေးဆွဲထား

၂၀၂၄ ခုနှစ်တွင် အထည်ချုပ် ပြည်ပတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၀ ဘီလျံ ရရှိနိုင်ရန် မဟာဗျူဟာ ရေးဆွဲထား
Published 16 July 2016
စည်သူအောင်

၂၀၂၄ ခုနှစ်တွင် အထည်ချုပ် ပြည်ပတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၀ ဘီလျံ ရရှိနိုင်ရန် ၁၀ နှစ်စီမံချက် မဟာဗျူဟာ ရေးဆွဲထားကြောင်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်းမှ သိရသည်။
မြန်မာ့ အထည်ချုပ်လုပ်ငန်း ကဏ္ဍသည် ၂၀၁၄ ခုနှစ်မှ စတင်ကာ အရှိန်အဟုန်နှင့် မြင့်တက်လာပြီး ၂၀၁၄ ခုနှစ်တွင် ပို့ကုန်ဝင်ငွေ ဒေါ်လာ ၁ ဒသမ ၅ ဘီလျံ ရရှိရာမှ ၂၀၂၄ ပြည့်နှစ်တွင် ပို့ကုန်ဝင်ငွေ ဒေါ်လာ ၁၀ ဘီလျံအထိ ရရှိမည်ဟု မျှော်မှန်းထားခြင်းဖြစ်သည်။ ထို့အတူ ၂၀၁၅ ခုနှစ် နှစ်လယ်ပိုင်းတွင် အထည်ချုပ်လုပ်ငန်း ကဏ္ဍအတွင်း အလုပ်အကိုင်နေရာ ပေးအပ်နိုင်မှု ၂၃၀၀၀၀ ကျော်ရှိရာမှ ၂၀၂၀ ပြည့်နှစ်တွင် ၁ ဒသမ ၅ သန်းဝန်းကျင် ပေးအပ်နိုင်မည်ဟု ခန့်မှန်းထားခြင်း ဖြစ်သည်။
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အနေဖြင့်လည်း အထည်ချုပ်လုပ်ငန်း အပါအဝင် လက်ခစား အပ်ကုန်စနစ် လုပ်ငန်းများတွင် ဝင်ရောက်မှု များပြားလာခဲ့ရာ ၂၀၁၃ ခုနှစ်တွင် ၂၆ ဒသမ ၅ ရာခိုင်နှုန်း၊ ၂၀၁၄ ခုနှစ် တွင် ၂၇ ဒသမ ၄ ရာခိုင်နှုန်း၊ ၂၀၁၅ ခုနှစ်တွင် ၂၉ ရာခိုင်နှုန်း အသီးသီး မြင့်တက်လာခဲ့ပြီး ယင်းလုပ်ငန်းများထဲတွင် ကမ္ဘာကျော် အဝတ်အထည် ကုမ္ပဏီများ ဖြစ်သော H&M၊ နှင့် Gap တို့လည်း ပါဝင်ခဲ့သည်။
မြန်မာနိုင်ငံမှ ရေးဆွဲထားသော အမျိုးသားပို့ကုန် မဟာဗျူဟာ (၂၀၁၅-၂၀၁၉)တွင် အထည်ချုပ်လုပ်ငန်းကဏ္ဍ ပါဝင်ပြီး အရည်အသွေး၊ အရေအတွက်၊ ပို့ကုန်အခွင့်အလမ်း၊ လုပ်ငန်းခွင် အဆင့်အတန်း၊ အလုပ်အကိုင် ပေးအပ်နိုင်မှုတို့ကို မြှင့်တင်ပေးပါက မြန်မာနိုင်ငံ၏ ပို့ကုန်ဝင်ငွေ အများဆုံး ရှာဖွေပေးသော ကဏ္ဍ ဖြစ်နိုင်ကြောင်း သုံးသပ်ထားသည်။
ပြီးခဲ့သည့် အစိုးရလက်ထက် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အထိ ငါးနှစ်တာ ကာလအတွင်း ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် CMP လုပ်ငန်းများ အများဆုံး ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး အထည်ချုပ်လုပ်ငန်းများ အပြင် လက်ကိုင်အိတ်၊ ဖိနပ်၊ မှန်ဘီလူး စသည့် လုပ်ငန်းများ ပါဝင်ခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံသို့ ဝင်ရောက်သော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများတွင် ပါဝင်လာသည့် လက်ခစား အပ်ကုန်စနစ် လုပ်ငန်းများသည် လုပ်သားအင်အား အခြေပြု လုပ်ငန်း (Labour Intensive Industries) ဖြစ်သောကြောင့် အလုပ်အကိုင် အခွင့်အလမ်း အများဆုံး ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရသည်။
နှစ်အလိုက် ဝင်ရောက်သော လက်ခစား အပ်ကုန်စနစ် လုပ်ငန်းများ အနေဖြင့် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် လေးခု၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ၆၁ ခု၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ၆၈ ခု၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ၁၀၁ ခု၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်(ဖေဖော်ဝါရီလအထိ)တွင် ၇၉ ခု ဝင်ရောက်ခဲ့ပြီး အဆိုပါ လုပ်ငန်းများတွင် အထည်ချုပ်လုပ်ငန်း ၂၂၄ ခုနှင့် အခြား လက်ခစား အပ်ကုန်စနစ် လုပ်ငန်း ၈၉ ခုတို့ ပါဝင်ခြင်းဖြစ်သည်။
မြန်မာနိုင်ငံအတွင်း လက်ခစား အပ်ကုန်စနစ်နှင့် ချုပ်လုပ်သော အဝတ်အထည်များကို ဂျပန်၊ အီးယူနှင့် တောင်ကိုရီးယားတို့ကို အဓိက တင်ပို့နေခြင်းဖြစ်ပြီး ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း အထည်ချုပ်လုပ်ငန်း အပါအဝင် လက်ခစား အပ်ကုန်စနစ် လုပ်ငန်းများ၏ ပြည်ပတင်ပို့မှု ပမာဏ ဒေါ်လာ ၁ ဒသမ ၆ ဘီလျံ ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သော စာရင်းများအရ သိရသည်။