မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှု အများဆုံး ဆောင်ရွက်နေသည့် မူဆယ်နယ်စပ်စခန်းမှ ကုန်သွယ်မှုပမာဏ ယခင်နှစ်ကာလတူထက် ဒေါ်လာ ၆၄ သန်းကျော် လျော့ကျ

မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှု အများဆုံး ဆောင်ရွက်နေသည့် မူဆယ်နယ်စပ်စခန်းမှ ကုန်သွယ်မှုပမာဏ ယခင်နှစ်ကာလတူထက် ဒေါ်လာ ၆၄ သန်းကျော် လျော့ကျ
Published 15 July 2016

မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှု အများဆုံး ဆောင်ရွက်နေသည့် မူဆယ်နယ်စပ်စခန်းမှ ကုန်သွယ်မှု ပမာဏမှာ ယခင်ဘဏ္ဍာနှစ် ကာလတူထက် ဒေါ်လာ ၆၄ သန်းကျော် လျော့ကျနေကြောင်း ကုန်သွယ်ရေး ဦးစီးဌာန၏ နယ်စပ်ကုန်သွယ်မှုဆိုင်ရာ စာရင်းများအရ သိရသည်။
 
၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဇူလိုင် ၈ ရက်အထိ မူဆယ်နယ်စပ် ကုန်သွယ်ရေး စခန်း၏ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှု ပမာဏမှာ ဒေါ်လာ ၁၁၃၅ ဒသမ ၁၆၆ သန်းရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူ ကုန်သွယ်မှု ပမာဏမှာ ဒေါ်လာ ၁၁၉၉ ဒသမ ၇၄၁ သန်းရှိခဲ့သဖြင့် လက်ရှိဘဏ္ဍာနှစ်အတွင်း မူဆယ်စခန်း၏ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှု ပမာဏမှာ ယခင်ဘဏ္ဍာနှစ် ကာလတူထက် ဒေါ်လာ ၆၄ ဒသမ ၅၇၅ သန်း လျော့ကျခဲ့ခြင်း ဖြစ်သည်။
 
မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှု ဆောင်ရွက်ရန် မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီးနှင့် ကျိုင်းတုံနယ်စပ် ကုန်သွယ်ရေး စခန်းများကို ဖွင့်လှစ်ထားသည်။ အဆိုပါ စခန်းများအနက် မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုပမာဏ အများဆုံး လျော့ကျနေခြင်းဖြစ်ပြီး ကျိုင်းတုံစခန်းမှလည်း လျော့ကျခဲ့ကြောင်း သိရသည်။ ကျန်နယ်စပ်စခန်းများမှာမူ ယခင်ဘဏ္ဍာနှစ် ကာလတူထက် ကုန်သွယ်မှု ပမာဏ ပိုမိုတိုးတက် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
 
မြန်မာနိုင်ငံနှင့် ဆက်စပ်လျက်ရှိသော အိမ်နီးချင်းနိုင်ငံများနှင့် နယ်စပ်ကုန်သွယ်မှု ပြုလုပ်နိုင်ရန် မြန်မာ-အိန္ဒိယ၊ မြန်မာ-ထိုင်း၊ မြန်မာ-တရုတ်၊ မြန်မာ-ဘင်္ဂလားဒေ့ရှ်တို့ နယ်စပ်ကုန်သွယ်ရေး စာချုပ်များ ချုပ်ဆိုထားပြီးဖြစ်ကြောင်း သိရသည်။
 
တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်တို့နှင့် နယ်စပ်ကုန်သွယ်မှု ပြုရန်အတွက် မူဆယ်၊ လွယ်ဂျယ်၊ ကံပိုက်တီး၊ ချင်းရွှေဟော်၊ တမူး၊ ရိဒ်၊ မြဝတီ၊ တာချီလိတ်၊ ကျိုင်းတုံ၊ ကော့သောင်း၊ မြိတ်၊ နဘုလယ်/ထီးခီး၊ မောတောင်၊ စစ်တွေ၊ မောင်တော စသည့် နယ်စပ် ကူးသန်းရောင်းဝယ်ရေး စခန်း ၁၅ ခုကို ဖွင့်လှစ်ထားကြောင်း သိရသည်။
 
ကုန်သွယ်မှု ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်များ၊ တိရစ္ဆာန် ထွက်ပစ္စည်းများ၊ သတ္တုတွင်းထွက်များ၊ သစ်တောထွက်ကုန်များ၊ စက်မှုကုန်ချောများ တင်ပို့ခဲ့ပြီး အိမ်နီးချင်းနိုင်ငံများမှ လူသုံးကုန်ပစ္စည်း၊ လုပ်ငန်းသုံး ကုန်ကြမ်းများ၊ ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းများ တင်သွင်းခဲ့သည်။