၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ကမ်းလွန်စီမံကိန်း လေးခုမှ ပြည်ပတင်ပို့ရန် သဘာဝဓာတ်ငွေ့ကုဗပေ ၅၀၇၃၅၀ သန်း ထုတ်လုပ်နိုင်မည်ဟု ခန့်မှန်း

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ကမ်းလွန်စီမံကိန်း လေးခုမှ ပြည်ပတင်ပို့ရန် သဘာဝဓာတ်ငွေ့ကုဗပေ ၅၀၇၃၅၀ သန်း ထုတ်လုပ်နိုင်မည်ဟု ခန့်မှန်း
Published 13 July 2016
မင်းသီဟဇော်

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ရတနာ၊ ရဲတံခွန်၊ ဇောတိက၊ ရွှေကမ်းလွန်စီမံကိန်းများမှ ပြည်ပတင်ပို့ရန် သဘာဝဓာတ်ငွေ့ကုဗပေ ၅၀၇၃၅၀ သန်း ထုတ်လုပ်နိုင်မည်ဟု ခန့်မှန်းထား အမျိုးသားဖွံ့ဖြိုးတိုးတက်မှု ဒုတိယကာလတို ငါးနှစ်စီမံကိန်း (၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ်)တွင် ဖော်ပြထားချက်အရ သိရသည်။
 
မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၏ ရေနံစိမ်းနှင့် သဘာဝဓာတ်ငွေ့များ ထုတ်လုပ်မှု ခန့်မှန်းချက်အရ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ကုန်းတွင်းလုပ်ကွက်များမှ သဘာဝဓာတ်ငွေ့ကုဗပေ ၁၄၂၀၉ ဒသမ ၉၁၈ သန်း၊ ကမ်းလွန်လုပ်ကွက်များမှ ကုဗပေ ၆၇၅၆၁၅ သန်း၊ စုစုပေါင်း သဘာဝဓာတ်ငွေ့ ကုဗပေ ၆၈၉၈၂၄ ဒသမ ၉၁၈ သန်း ထုတ်လုပ်ရန် ခန့်မှန်းထားကြောင်း သိရသည်။
 
လာမည့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင်မူ ကုန်းတွင်းလုပ်ကွက်များမှ သဘာဝဓာတ်ငွေ့ ကုဗပေ ၁၆၈၉၇ ဒသမ ၄၈ သန်း၊ ကမ်းလွန်လုပ်ကွက်များမှ ကုဗပေ ၆၆၇၉၅၀ သန်း၊ စုစုပေါင်း သဘာဝဓာတ်ငွေ့ ကုဗပေ ၆၈၄၈၄၇ ဒသမ ၄၈၀ သန်း ထုတ်လုပ်ရန် ခန့်မှန်းထားကြောင်း သိရသည်။
 
လာမည့် ဘဏ္ဍာနှစ်တွင် ရတနာ၊ ရဲတံခွန်၊ ဇောတိက၊ ရွှေစီမံကိန်းများမှ ပြည်တွင်းသုံးအတွက် သဘာဝဓာတ်ငွေ့ကုဗပေ ၁၆၀၆၀၀ သန်းနှင့် ပြည်ပအတွက် သဘာဝဓာတ်ငွေ့ ကုဗပေ ၅၀၇၃၅၀ သန်း ထုတ်လုပ်ရန် ခန့်မှန်းထားကြောင်း သိရသည်။
 
ပြည်ပတင်ပို့ရန်အတွက် ရတနာစီမံကိန်းမှ ကုဗပေ ၂၀၆၂၂၅ သန်း၊ ရဲတံခွန်စီမံကိန်းမှ ကုဗပေ ၆၅၇၀၀ သန်း၊ ဇောတိက စီမံကိန်းမှ ကုဗပေ ၈၉၄၂၅ သန်း၊ ရွှေစီမံကိန်းမှ ကုဗပေ ၁၄၆၀၀၀ သန်း ထုတ်လုပ်ရန် ခန့်မှန်းထားသည်။
 
ဒုတိယကာလတို ငါးနှစ်စီမံကိန်း (၂၀၁၆- ၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ်) ကာလအတွင်း နိုင်ငံတော်၏ စီးပွားရေးဖွံ့ ဖြိုးတိုးတက်စေရေးအတွက် စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းရန် ခေတ်စနစ်နှင့်လျော်ညီမည့် ရေနံနှင့်သဘာဝဓာတ်ငွေ့ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများအား ပြင်ဆင်ခြင်း၊ ပြုစုရေးဆွဲခြင်းတို့ကို ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။
 
ပြည်တွင်းစွမ်းအင်သုံးစွဲမှု လိုအပ်ချက်ကို အမြန်ဆုံး ဖြည့်ဆည်းပေးနိုင်ရေးအတွက် နိုင်ငံခြားရေနံကုမ္ပဏီများအား ဖိတ်ခေါ်၍ မြန်မာတိုင်းရင်းသားပိုင် ကုမ္ပဏီများနှင့် ပူးပေါင်းစေပြီး ကုန်းတွင်းနှင့် ကမ်းလွန်လုပ်ကွက်များတွင် ရေနံမြေအသစ်များ ရှာဖွေ ထုတ်လုပ်နိုင်ရေးအတွက်လည်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အမျိုးသားဖွံ့ဖြိုးတိုးတက်မှု ဒုတိယကာလတို ငါးနှစ်စီမံကိန်းတွင် ဖော်ပြထားသည်။
 
ထို့ပြင် အနာဂတ်ကာလတွင်  ကမ်းလွန်ရေနံလုပ်ငန်းကို နိုင်ငံတော်မှ Operator အနေဖြင့် တာဝန်ယူဆောင်ရွက်သွားနိုင်ရန် လိုအပ်သည်များကို လေ့လာသုံးသပ်၍ စီမံဆောင်ရွက်သွားရန် အစီအစဉ်ရှိကြောင်း သိရသည်။
 
စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံများကို ထိန်းသိမ်းပြုပြင်ချဲ့ထွင် ဖြည့်ဆည်းနိုင်ရန်အတွက်  နည်းပညာနှင့် အရင်းအနှီးများကြီးမားစွာ လိုအပ်သောကြောင့် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများ၏ ပါဝင်ရင်းနှီးမြှုပ်နှံမှုဖြင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမျိုးသားဖွံ့ဖြိုးတိုးတက်မှု ဒုတိယကာလတို ငါးနှစ်စီမံကိန်းတွင် ဖော်ပြထားသည်။