မော်လမြိုင်ကျွန်းမြို့နယ် ကြက်ရှာကျေးရွာအုပ်စု မာလိန်ကျေးရွာတွင် မေ ၁၀ ရက်က ဖြစ်ပွားခဲ့သည့် ဖခင်ဖြစ်သူထံမှ အကြွေးပြန်တောင်းရာတွင် မရရှိသောကြောင့် ကလေးငယ်အား သံကြိုးခတ် ခေါ်ဆောင်သွားသည်ဟု ဆိုသော အမှုအား ဇူလိုင် ၆ ရက်က လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး တပ်ဖွဲ့မှ တာဝန်ရှိသူများမှ မော်လမြိုင်ကျွန်းမြို့တွင် မြို့နယ်ရဲတပ်ဖွဲ့ ခန်းမတွင် လာရောက် စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။ဖြစ်စဉ်မှာ မေ ၉ ရက်တွင် ကြက်ရှာကျေးရွာအုပ်စု ဓနိချောင်းကျေးရွာရှိ ဒေါ်သန်းခင်၏ နေအိမ်သို့ မာလိန်ကျေးရွာနေ ဦးမြင့်အောင် ဆိုသူမှ ခေတ္တအလည်အပတ် ရောက်ရှိနေစဉ် ဦးမြင့်အောင်နှင့် ယခင်က အကြွေးပြဿနာ ရှိခဲ့ဖူးသူ ကိုဖြိုးသူ၊ ကိုစိုးသူ၊ ကိုပိုင်သက်ကျော်၊ ကိုသိန်းဇော်၊ ကိုကျော်မျိုးအောင်တို့ ရောက်ရှိလာပြီး ဦးမြင့်အောင်အား နေအိမ်ရှေ့ လမ်းမပေါ်သို့ ထွက်လာရန် ခေါ်ယူရာတွင် ဦးမြင့်အောင်မှာ မသွားခဲ့သောကြောင့် ကိုကျော်မျိုးအောင်နှင့် အဖွဲ့မှ နေအိမ်ပေါ်သို့ တက်ရောက်လာခဲ့ကြောင်း၊ နေအိမ်ပေါ်သို့ ကိုကျော်မျိုးအောင်တို့အဖွဲ့ တက်ရောက်လာချိန်တွင် ဦးမြင့်အောင်မှာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြောင်း၊ ယင်းနောက် မေ ၁၀ ရက်တွင် ကိုကျော်မျိုးအောင်နှင့် အဖွဲ့မှ မာလိန်ကျေးရွာရှိ ဦးမြင့်အောင်၏ နေအိမ်သို့ ထပ်မံလိုက်သွားစဉ် ဦးမြင့်အောင် မရှိသောကြောင့် ဦးမြင့်အောင်၏ သားနှစ်ဦးဖြစ်သူ မောင်ဇေထက်နိုင် (၆ နှစ်)၊ မောင်မျိုးသန့် (၄ နှစ်) တို့အား ယင်းနေအိမ်သို့ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း၊ ယင်းသို့ ဖမ်းဆီး ခေါ်ဆောင်သွားစဉ် မောင်မျိုးသန့်(၄ နှစ်)မှာ ကျောက်တံတားပေါ်သို့ ပစ်ချခံရသည့် ဒဏ်ရာကြောင့် အပေါ်နှုတ်ခမ်း ဖူးရောင်ဒဏ် ရရှိခဲ့ကြောင်း၊ ထပ်မံ၍ ကိုကျော်မျိုးအောင်နှင့် အဖွဲ့က ဖမ်းဆီးခေါ်ဆောင်လာသည့် မောင်ဇေထက်နိုင် (၆ နှစ်) အား သင်္ဘောတွင် ချည်သည့် သံကြိုးဖြင့် လည်ပင်းနှင့် ခန္ဓာကိုယ်အား ပတ်ချည်ထားပြီးနောက် နေအိမ် ထရံတွင် သံကြိုးအား တွဲချည်ထားခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ဦးမြင့်အောင်က ၎င်း၏ သားနှစ်ဦးအား ဖမ်းဆီး ခေါ်ဆောင်သွားသော ကိုကျော်မျိုးအောင်နှင့် အဖွဲ့အား အရေးယူပေးပါရန် မြတ်သာနယ်မြေ ရဲစခန်းသို့ မေ ၁၁ ရက်တွင် တိုင်ကြားမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။“ဖြစ်တာက အလုပ်သမားနဲ့ အလုပ်ရှင်ပေါ့နော်။ လုပ်ငန်းခွင်ထဲ မရောက်သေးဘူး။ အလုပ်ရှင်ဆီက ငွေနှစ်သိန်းကျော် ယူသုံးထားတာ ရှိတယ်။ အလုပ်ရှင်က ကျွန်မတို့ အိမ်လေးကို ဝယ်ချင်တယ်ပေါ့။ နာဂစ်တုန်းက ပေးထားတဲ့အိမ် ဆိုတော့ လူကြီးတွေက ဒီအိမ်ကို မရောင်းခိုင်းတော့ ညီမတို့လည်း မရောင်းရဲဘူး။ ဒီအိမ်ကို မရောင်းလို့ဆိုပြီးတော့ သူက အကြိမ်ကြိမ် ပြဿနာရှာတယ်။ အဲဒါနဲ့ မိုးတွင်းကို သူ့ဆီမှာ အလုပ်လုပ်ဖို့ကြောက်လို့ ငွေပြန်အမ်းဖို့ ရှာနေတုန်း။ သူတို့က အိမ်ရောက်လာတယ်။ အိမ်ရှင်ကလည်း ခေါ်ပါတယ်။ ဒါပေမဲ့ သူတို့က ပထမ မဝင်ဘူး။ နောက်ပိုင်းကျတော့ အတင်းဖြစ်နေတော့ အိမ်ရှင်ကလည်း ကြောက်ပြီးတော့ နောက်ဖေးဘက်ကို ဆင်းပြေးတယ်။ အဲဒီမှာ သူတို့က ကျွန်မသား နှစ်ဦးကို ခေါ်သွားတယ်။ ကျွန်မ ယောက္ခမကြီးကိုကျတော့ ကျွန်မတို့ဆီကို အခေါ်လွှတ်လိုက်တယ်။ သူတို့က ကလေးတွေကို ခေါ်သွားပြီး ကျောက်တံတားပေါ်မှာ ပစ်ချလိုက်တာမှာ အငယ်ကောင်လေးက နှုတ်ခမ်းကွဲသွားတယ်။ မနက်ကျတော့ သူတို့က အကြီးကောင်လေးကို သံကြိုးတွေနဲ့ တုတ်ပြီးတော့ နံရံမှာချည်ထားပြီး ရိုက်တယ်လို့ သူတို့ဆီက ရာအိမ်မှူးကမြင်လို့ ကျွန်မတို့က တိုင်တန်းထားရတာပါ။ အခုက အချိန်လည်း နှစ်လကျော်လာပြီ ဘာမှ မထူးဘူး” ဟု ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရသည့် ကလေးငယ်များ၏ မိခင် မနှင်းနှင်းခိုင်က ပြောကြားသည်။ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ကလေးငယ် တစ်ဦးအား သံကြိုးခတ်ကာ နှိပ်စက်ညှဉ်းပန်းသည်ဟု Facebook စာမျက်နှာများပေါ်တွင် ပျံ့နှံ့နေပြီး Facebook စာမျက်နှာများပေါ်တွင် ပျံ့နှံ့ခဲ့သည့် ဓာတ်ပုံမှာ တရားလိုများ၏ တိုင်တန်းချက်အရ ရဲတပ်ဖွဲ့မှ စစ်ဆေးစဉ် သရုပ်ပြ ပုံဖော်ခဲ့သည့် ဓာတ်ပုံသာဖြစ်ကြောင်း၊ ကလေးငယ်များအား ခေါ်ဆောင်သွားခြင်း၊ နှိပ်စက်ညှဉ်းပန်းခြင်းနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့သို့ တိုင်ကြားခဲ့သည့် အမှုနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့မှ စစ်ဆေးမှု လုပ်ငန်းစဉ်များ ပြီးဆုံးပြီ ဖြစ်သောကြောင့် တရားရုံးသို့ ဇွန် ၂၀ ရက်တွင် တရားစွဲဆို တင်ပို့ခဲ့ပြီး ဇွန် ၂၉ ရက်တွင် ပထမဆုံးအကြိမ် ရုံးချိန်းအဖြစ် ခေါ်ယူစစ်ဆေးခဲ့ကာ ဇူလိုင် ၇ ရက်တွင် ဒုတိယအကြိမ် ရုံးချိန်းအဖြစ် ထပ်မံချိန်းဆို ခေါ်ယူထားကြောင်း သိရသည်။မော်လမြိုင်ကျွန်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး မင်းသိန်းက “ဒီအမှုက အခုဆို တရားရုံးပေါ်ကို ရောက်ရှိနေပြီးတော့ ဆက်လက် စစ်ဆေးနေပါတယ်။ ကျွန်တော်တို့ကတော့ တိုင်ကြားတဲ့ အခါမှာ အမှုဖွင့် စစ်ဆေးပေးပြီးတော့ သူတို့ ပထမ တိုင်တန်းချက်အရ ဖွင့်ပေးထားတဲ့ ပုဒ်မက တကယ် စစ်ဆေးတဲ့ အခါမှာ လျှော့ပေါ့နေတာကြောင့် ၃၂၃ တောင်မှ ပြောင်းလဲ တပ်ခဲ့ပါတယ်။ လိုအပ်တဲ့ စစ်ဆေးမှုတွေ လုပ်ဆောင်လို့ ပြီးပါပြီ။ တရားရုံးမှာ ဆက်လက် စစ်ဆေးနေပါတယ်” ဟု ပြောကြားသည်။အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ကလေးငယ်များအား ခေါ်ဆောင်သွားသည်ဟု စွပ်စွဲခံရသူ ကိုကျော်မျိုးအောင် (ခ) ကုလားလေးအား တရားလို ဦးမြင့်အောင်၏ တိုင်တန်းချက်အရ မြတ်သာနယ်မြေ ရဲစခန်းက (ပ) ၆/၂၀၁၆ ပြစ်မှုပုဒ်မ ၃၄၁/၃၂၃ ဖြင့် အမှုဖွင့် အရေးယူထားပြီး ဓနိချောင်းကျေးရွာတွင် ဖြစ်ပွားခဲ့သည့် ဒေါ်သန်းခင်၏ နေအိမ်ပေါ်သို့ ခွင့်ပြုချက်မဲ့ တက်ရောက်ခဲ့သည်ဟု စွပ်စွဲခံရသည့် ကိုဖြိုးသူ၊ ကိုစိုးသူ၊ ကိုပိုင်သက်ကျော်၊ ကိုကျော်မျိုးအောင်တို့အား တရားလို ဒေါ်သန်းခင်၏ တိုင်တန်းချက်အရ မြတ်သာနယ်မြေ ရဲစခန်း က (ပ)၅/၂၀၁၆ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၅၁/၁၁၄ အရ အမှုဖွင့် အရေးယူထားကြောင်း ထွက်ပြေးတိမ်းရှောင်လျက်ရှိသည့် ကိုဖြိုးသူနှင့် ကိုပိုင်သက်ကျော်တို့အား ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးလျက် ရှိကြောင်း သိရသည်။
မော်လမြိုင်ကျွန်းမြို့တွင် ဖခင်ဖြစ်သူထံမှ အကြွေးတောင်းရာတွင် မရသောကြောင့် ကလေးငယ်အား သံကြိုးခတ် ခေါ်ဆောင်သွားသည်ဟုဆိုသော အမှုအား လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးနှင့် တာဝန်ရှိသူများ လာရောက်စစ်ဆေး