မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၂၈ သန်းကျော် လျော့ကျနေပြီး မူဆယ်နယ်စပ်စခန်းမှ ကုန်သွယ်မှုပမာဏ အများဆုံးလျော့ကျ

မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၂၈ သန်းကျော် လျော့ကျနေပြီး မူဆယ်နယ်စပ်စခန်းမှ ကုန်သွယ်မှုပမာဏ အများဆုံးလျော့ကျ
Published 6 July 2016

မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၂၈ သန်းကျော် လျော့ကျနေပြီး မူဆယ် နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုပမာဏ အများဆုံးလျော့ကျခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဇွန် ၂၄ ရက်အထိ မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်မှုပမာဏမှာ ဒေါ်လာ ၁၁၆၈ ဒသမ ၁၂၆ သန်းရှိပြီး ယခင် ဘဏ္ဍာနှစ်ကာလတူ ကုန်သွယ်မှုပမာဏမှာ ဒေါ်လာ ၁၁၉၆ ဒသမ ၂၈၂ သန်း ရှိခဲ့သဖြင့် လက်ရှိဘဏ္ဍာနှစ်အတွင်း မြန်မာ-တရုတ်  နယ်စပ်ကုန်သွယ်မှုပမာဏမှာ ယခင်ဘဏ္ဍာနှစ် ကာလတူထက် ဒေါ်လာ ၂၈ ဒသမ ၁၅၆ သန်း လျော့ကျခဲ့ခြင်းဖြစ်သည်။မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်မှု ဆောင်ရွက်ရန် မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီးနှင့် ကျိုင်းတုံနယ်စပ်ကုန်သွယ်ရေးစခန်းများကို ဖွင့်လှစ်ထားသည်။ အဆိုပါ စခန်းများအနက် မူဆယ် နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုပမာဏ အများဆုံးလျော့ကျနေခြင်းဖြစ်ပြီး ကျိုင်းတုံစခန်းမှလည်း လျော့ကျခဲ့ကြောင်း သိရသည်။ ကျန် နယ်စပ်စခန်းများမှာမူ ယခင်ဘဏ္ဍာနှစ် ကာလတူထက် ကုန်သွယ်မှုပမာဏ ပိုမိုတိုးတက် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။မြန်မာနိုင်ငံနှင့် ဆက်စပ်လျက်ရှိသော အိမ်နီးချင်းနိုင်ငံများနှင့် နယ်စပ်ကုန်သွယ်မှု ပြုလုပ်နိုင်ရန် မြန်မာ -အိန္ဒိယ၊ မြန်မာ-ထိုင်း၊ မြန်မာ-တရုတ်၊ မြန်မာ-ဘင်္ဂလားဒေ့ရှ်တို့ နယ်စပ်ကုန်သွယ်ရေးစာချုပ်များ ချုပ်ဆိုထားပြီးဖြစ်ကြောင်း သိရသည်။တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ် တို့နှင့် နယ်စပ်ကုန်သွယ်မှု ပြုရန်အတွက် မူဆယ်၊ လွယ်ဂျယ်၊ ကန်ပိုက်တီး၊ ချင်းရွှေဟော်၊ တမူး၊ ရိဒ်၊ မြဝတီ၊ တာချီလိတ်၊ ကျိုင်းတုံ၊ ကော့သောင်း၊ မြိတ်၊ နဘုလယ်/ထီးခီး၊ မောတောင်၊ စစ်တွေ၊ မောင်တောစသည့် နယ်စပ် ကူးသန်းရောင်းဝယ်ရေးစခန်း ၁၅ ခု ဖွင့်လှစ်ထားကြောင်း သိရသည်။ကုန်သွယ်မှုဆောင်ရွက်ရာတွင် မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်များ၊ တိရစ္ဆာန်ထွက်ပစ္စည်းများ၊ သတ္တုတွင်းထွက်များ၊ သစ်တောထွက်ကုန်များ၊ စက်မှုကုန်ချောများ တင်ပို့ခဲ့ပြီး အိမ်နီးချင်းနိုင်ငံများမှ လူသုံးကုန်ပစ္စည်း ၊ လုပ်ငန်းသုံးကုန်ကြမ်းများ၊ ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်းများကို မြန်မာနိုင်ငံသို့ တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။နယ်စပ်ဒေသနေ ဒေသခံများ တစ်နိုင်တစ်ပိုင် ကုန်သွယ်မှုပြုလုပ်နိုင်ရန်နှင့် တရားမဝင် ကုန်သွယ်မှု လျော့နည်းလာစေရန်အတွက် တစ်ဦးတည်းပိုင် ထုတ်ကုန် သွင်းကုန် လုပ်ငန်းရှင်မှတ်ပုံတင်ကတ်များကို နယ်စပ်ကူးသန်းရောင်းဝယ်ရေး စခန်းများအားလုံးတွင် ထုတ်ပေးနေကြောင်း သိရသည်။နယ်စပ်ကုန်သွယ်ရေး တိုးချဲ့နိုင်ရန်အတွက် ကုန်သွယ်မှုအရ  အချက်အခြာကျသည့် ဒေသများတွင် ကုန်သွယ်ရေးစခန်းများ တိုးချဲ့ဖွင့်လှစ်နိုင်ရန် သက်ဆိုင်ရာနိုင်ငံများနှင့် ညှိနှိုင်းဆောင်ရွက်သွားရန် အစီအစဉ်များရှိကြောင်း သိရသည်။