ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံအကြို ပြင်ဆင်ရေး ဆပ်ကော်မတီ (၁) ၏ နိုင်ငံရေး မူဘောင်ဆိုင်ရာ သုံးသပ်ခြင်း ဒုတိယအကြိမ် ဆွေးနွေးပွဲ နေပြည်တော်၌ သုံးရက်ကြာ ပြုလုပ်မည်

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံအကြို ပြင်ဆင်ရေး ဆပ်ကော်မတီ (၁) ၏ နိုင်ငံရေး မူဘောင်ဆိုင်ရာ သုံးသပ်ခြင်း ဒုတိယအကြိမ် ဆွေးနွေးပွဲ နေပြည်တော်၌ သုံးရက်ကြာ ပြုလုပ်မည်
၂၁ ရာစုပင်လုံ အကြိုပြင်ဆင်ရေး ဆပ်ကော်မတီ (၁) ၏ နိုင်ငံရေး မူဘောင်ဆိုင်ရာ သုံးသပ်ခြင်း ပထမအကြိမ် ဆွေးနွေးပွဲကို ဇွန်လအတွင်းက ရန်ကုန်မြို့၌ ကျင်းပစဉ်
၂၁ ရာစုပင်လုံ အကြိုပြင်ဆင်ရေး ဆပ်ကော်မတီ (၁) ၏ နိုင်ငံရေး မူဘောင်ဆိုင်ရာ သုံးသပ်ခြင်း ပထမအကြိမ် ဆွေးနွေးပွဲကို ဇွန်လအတွင်းက ရန်ကုန်မြို့၌ ကျင်းပစဉ်
Published 26 June 2016
အောင်ဇော်ထွန်း

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံအကြို ပြင်ဆင်ရေး ဆပ်ကော်မတီ (၁) ၏ နိုင်ငံရေး မူဘောင်ဆိုင်ရာ သုံးသပ်ခြင်း ဒုတိယအကြိမ် ဆွေးနွေးပွဲကို ဇူလိုင် ၄ ရက်မှ ၆ ရက်အထိ နေပြည်တော်၌ သုံးရက်ကြာ ပြုလုပ်မည်ဖြစ်ကြောင်း အဆိုပါ ဆပ်ကော်မတီ (၁) အဖွဲ့ဝင်များထံမှ သိရသည်။အစိုးရ၊ လွှတ်တော်၊ တပ်မတော် ကိုယ်စားလှယ်များ၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ရှစ်ဖွဲ့မှ ကိုယ်စားလှယ်များ စုစုပေါင်း ၁၅ ဦးဖြင့် ဖွဲ့စည်းထားသည့် အဆိုပါ ဆပ်ကော်မတီ (၁) ၏ ဥက္ကဋ္ဌမှာ တပ်မတော်မှ အမှတ် (၂) စစ်ဆင်ရေး အထူးအဖွဲ့မှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်ဖြစ်ပြီး ကရင်အမျိုးသား အစည်းအရုံး (KNU) အထွေထွေ အတွင်းရေးမှူးချုပ် ပဒိုစောကွယ်ထူးဝင်းက ဒုတိယ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပြီး နိုင်ငံရေး မူဘောင် ပြန်လည် သုံးသပ်ခြင်း ပထမအကြိမ် ဆွေးနွေးပွဲကို ဇွန် ၉ ရက်မှ ၁၂ ရက်အထိ ရန်ကုန်မြို့၌ လေးရက်ကြာ ကျင်းပခဲ့သည်။ဆပ်ကော်မတီ (၁) အတွင်းရေးမှူး (၂) ဒေါက်တာ မင်းဇော်ဦးက “ဆပ်ကော်မတီ (၁) ကတော့ တိုင်းရင်းသား လက်နက်ကိုင် လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေပေါ့။ သူတို့တွေနဲ့ ကျွန်တော်တို့ စပြီးတော့ အခုလက်ရှိ နိုင်ငံရေး ဆွေးနွေးပွဲတွေ လုပ်ဖို့ မူဘောင်ကို သုံးသပ် စိစစ်တဲ့ ကိစ္စကို ကျွန်တော်တို့ လုပ်ပါတယ်။ သုံးသပ် စိစစ်တဲ့ အပိုင်းကလည်း လက်မှတ် မထိုးတဲ့ အဖွဲ့တွေ မဝင်လာခင်မှာ ဒီအတိုင်း ထိုင်နေတာမျိုး မဟုတ်ဘဲနဲ့ သူတို့တွေ ဝင်လာပြီ ဆိုတာနဲ့ အားလုံး ပိုပြီးတော့ အဆင်သင့်ဖြစ်နိုင်အောင် ဆိုပြီး ပြင်ဆင်တဲ့ သဘော ဖြစ်ပါတယ်။ အချိန် အတိုင်းအတာ တစ်ခု အတွင်းမှာ လက်မှတ် မထိုးတဲ့ အဖွဲ့တွေကိုလည်း သူတို့ မလာဘဲနဲ့ ဒီဘက်မှာ လုပ်ထားတယ်ဆိုတဲ့ သဘော မဖြစ်ရလေအောင် လုပ်ငန်းပြင်ဆင်တဲ့ သဘောမျိုးနဲ့ မူဘောင်ကို သုံးသပ်ကြတာ ဖြစ်ပါတယ်” ဟု ဇွန် ၂၅ ရက်တွင် ပြောကြားသည်။အစိုးရဟောင်း လက်ထက်တွင် ရေးဆွဲခဲ့သည့် မူဘောင်သည် NCA တွင် ပြဋ္ဌာန်းထားသည့် အချိန်ဇယား မီအောင် လုပ်ဆောင်ခဲ့ရ၍ နည်းပညာ အရ အားနည်းချက်များစွာ ရှိခဲ့ကြောင်း သိရသည်။“လက်ရှိ ရေးဆွဲထားတဲ့ မူဘောင်ကို ပြန်လည် ရေးဆွဲတဲ့ အဆင့်ကို မတိုင်ခင်မှာ လိုအပ်တဲ့ သုံးသပ် စိစစ်မှုတွေကို လုပ်ပြီးတော့ မူဝါဒ ယူစရာ ရှိတာတွေကို မူဝါဒယူမယ်။ နှစ်ဖက် ခေါင်းဆောင်တွေ တင်ပြစရာ ရှိရင် တင်ပြမယ်။ ပိုပြီးတော့ အဆင်သင့် ဖြစ်နိုင်အောင် ဆိုပြီး လုပ်နေတဲ့ သဘော ဖြစ်ပါတယ်” ဟု ဒေါက်တာ မင်းဇော်ဦးက ပြောကြားသည်။ဆပ်ကော်မတီ (၁) အနေဖြင့် နိုင်ငံရေး ဆွေးနွေးပွဲကို မည်သို့ လုပ်မည် ဆိုသည့် နည်းပညာပိုင်း ဆိုင်ရာကို နိုင်ငံတကာ ပညာရှင်များနှင့် ထိတွေ့ တိုင်ပင်ပြီး စဉ်းစားနေကြောင်း၊ လာမည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ပါဝင်မည့်သူ ရာချီ၍ ရှိသောကြောင့် မည်သို့ မည်ပုံ ဆွေးနွေးမည် ဆိုသည့် နည်းပညာပိုင်း ဆိုင်ရာ စနစ်ကျမှုရှိရန် လိုအပ်ကြောင်း၊ ထိုသို့ စနစ်တကျ မလုပ်နိုင်ပါက အားနည်းချက်များ ဖြစ်ပေါ်ကာ ဆွေးနွေး ညှိနှိုင်းရာတွင် အဖြေရရှိရေး အနှောင့်အတားများ ဖြစ်လာနိုင်သောကြောင့် မြန်မာနိုင်ငံနှင့် သင့်တော်မည့် အနေအထားတစ်ခု ဖြစ်ပေါ်လာရေး ဆောင်ရွက်နေကြောင်း ၎င်းက ဆိုသည်။ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံအကြို ပြင်ဆင်ရေး ဆပ်ကော်မတီ (၂) အနေဖြင့်လည်း NCA လက်မှတ် မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအား သွားရောက်တွေ့ဆုံပြီး လာမည့် ငြိမ်းချမ်းရေး ညီလာခံအတွက် နိုင်ငံရေးမူဘောင် ပြန်လည် သုံးသပ်ရာတွင် ပါဝင်ရန်၊ NCA တွင် ပါဝင် လက်မှတ်ထိုးနိုင်ရန်နှင့် နိုင်ငံတော် ခေါင်းဆောင်များနှင့် တိုင်းရင်းသား ခေါင်းဆောင်များ တွေ့ဆုံနိုင်ရေး ညှိနှိုင်း ဆောင်ရွက်လျက် ရှိသည်။NCA လက်မှတ် မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ အနေဖြင့် မူဘောင် သုံးသပ်ခြင်းနှင့် မူဘောင်မူကြမ်း ပြုစုမှု အဆင့်အထိ ပါဝင်ခွင့် ရသော်လည်း မူဘောင် တရားဝင် ပြင်ဆင်ခြင်း ဆောင်ရွက်နိုင်ရန် NCA တွင် ပါဝင် လက်မှတ်ထိုးရန် လိုအပ်ကြောင်း ၂၁ ရာစု ပင်လုံအကြို ပြင်ဆင်ရေး ဆပ်ကော်မတီ (၁) အဖွဲ့ဝင်များ၏ ပြောပြချက်အရ သိရသည်။လာမည့် ဇူလိုင်လကုန်ပိုင်း သို့မဟုတ် သြဂုတ်လတွင် ကျင်းပနိုင်ရန် ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေး ညီလာခံအတွက် ၂၀၁၅ ခုနှစ် အောက်တိုဘာလ NCA လက်မှတ် ရေးထိုးအပြီး ရေးဆွဲခဲ့သည့် မူဘောင်ကို ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အမြန်ဆုံး အကောင်အထည် ဖော်နိုင်သည့် မူဘောင်တစ်ခု ဖြစ်စေရန် ဆောင်ရွက်လျက် ရှိသည်။ နိုင်ငံရေး ပြဿနာကို စစ်ရေးနည်းဖြင့် ဖြေရှင်းခြင်း မပြုဘဲ နိုင်ငံရေးနည်းဖြင့် ဖြေရှင်းနိုင်ရန် အလို့ငှာ ပါဝင်သင့် ပါဝင်ထိုက်သူ အားလုံး ပါဝင်သည့် နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပသွားရန် ရည်ရွယ်၍ နိုင်ငံရေး မူဘောင်ကို ရေးဆွဲခဲ့ခြင်းဖြစ်ပြီး NCA နှင့် မူဘောင်တွင် ပါဝင်သည့် ရည်ရွယ်ချက်နှင့် အခြေခံမူများကို အခြေခံ၍ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ကျင်းပရမည်ဖြစ်ကြောင်း နိုင်ငံရေး မူဘောင်ပါ အချက်များအရ သိရသည်။၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်က ကျင်းပခဲ့သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲ အပြီး ရက်ပေါင်း ၆၀ အတွင်း ရေးဆွဲခဲ့သည့် နိုင်ငံရေးဆွေးနွေးမှု ဆိုင်ရာ မူဘောင်တွင် အခန်း ၉ ခန်း ပါဝင်ရာ အခန်း (၁) နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်၏ ရည်ရွယ်ချက်များ၊ အခန်း (၂) မူဘောင်ကို အခြေခံ၍ ကျင်းပရမည့် နိုင်ငံရေး ဆွေးနွေးပွဲ အဆင့်ဆင့်၏ အခြေခံမူများ၊ အခန်း (၃) နိုင်ငံရေး ဆွေးနွေးမှု လုပ်ငန်းစဉ်များ၊ အခန်း (၄) အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများနှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ကျင်းပခြင်း၊ အခန်း (၅) နိုင်ငံရေး ဆွေးနွေးပွဲများတွင် ဆွေးနွေးမည့် အကြောင်းအရာများ၊ အခန်း (၆) နိုင်ငံရေး ဆွေးနွေးပွဲများတွင် သဘောတူ ဆုံးဖြတ်ချက် ချမှတ်ခြင်း၊ အခန်း (၇) နိုင်ငံရေး ဆွေးနွေးပွဲများကို စီမံခန့်ခွဲခြင်း၊ အခန်း (၈) ပြည်ထောင်စု သဘောတူစာချုပ် ချုပ်ဆို အတည်ပြုခြင်းနှင့် အကောင်အထည်ဖော်ခြင်း လုပ်ငန်းစဉ်များ၊ အခန်း (၉) အထွေထွေတို့ဖြစ်သည်။

Most Read

Most Recent