နိုင်ငံတော် အဖွဲ့အစည်းများမှ တင်ဒါအောင်မြင်သူများကို ငွေပေးချေရာတွင် ပင်ရင်းမှ နုတ်ယူပေးသွင်းရမည့် ဝင်ငွေခွန် နုတ်ယူပြီး သက်ဆိုင်ရာအခွန်ရုံးသို့ ဘဏ်စာရင်းဖွင့်ကာ ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်ရမှုရှိမရှိစိစစ်ပြီးမှ ငွေအကျေပေးချေမည်ဟု ပြည်တွင်းအခွန် ထုတ်ပြန

နိုင်ငံတော် အဖွဲ့အစည်းများမှ တင်ဒါအောင်မြင်သူများကို ငွေပေးချေရာတွင် ပင်ရင်းမှ နုတ်ယူပေးသွင်းရမည့် ဝင်ငွေခွန် နုတ်ယူပြီး သက်ဆိုင်ရာအခွန်ရုံးသို့ ဘဏ်စာရင်းဖွင့်ကာ ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်ရမှုရှိမရှိစိစစ်ပြီးမှ ငွေအကျေပေးချေမည်ဟု ပြည်တွင်းအခွန် ထုတ်ပြန
Published 23 June 2016
ဖြိုးဝေ

နိုင်ငံတော် အဖွဲ့အစည်းများ၊ လုပ်ငန်း ဌာနများက ဝန်ဆောင်မှုလုပ်ငန်းအမျိုးမျိုးနှင့် အသုံးပြုလိုသည့် ကုန်စည်များအတွက် တင်ဒါများ ခေါ်ယူရာတွင် တင်ဒါအောင်မြင်သူများကို ငွေပေးချေရာ၌ ပင်ရင်းမှ နုတ်ယူပေး သွင်းရမည့် ဝင်ငွေခွန်ကို နုတ်ယူပြီး သက်ဆိုင်ရာ အခွန်ရုံးသို့ ဘဏ်စာရင်းဖွင့်ကာ ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်ရမှု ရှိမရှိ စိစစ်ပြီးမှ ငွေအပြေအကျေ ပေးချေမည်ဟု ပြည်တွင်းအခွန်များ ဦးစီးဌာနက ဇွန် ၂၃ ရက်တွင် သတင်းထုတ်ပြန်သည်။
ထုတ်ပြန်ရာတွင် နိုင်ငံတော် အဖွဲ့အစည်းများ၊ လုပ်ငန်းဌာနများမှ ရယူလိုသည့် ဝန်ဆောင်မှုလုပ်ငန်း အမျိုးမျိုး ကဏ္ဍနှင့် အသုံးပြုလိုသည့် ကုန်စည်များ (ယာဉ်နှင့် ပစ္စည်းအမျိုးမျိုး) ဟူ၍ ကဏ္ဍနှစ်ခုခွဲကာ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ထိုသို့ နိုင်ငံတော် အဖွဲ့အစည်းများ၊ လုပ်ငန်းဌာနများမှ ဝန်ဆောင်မှုလုပ်ငန်း အမျိုးမျိုးနှင့် ဝယ်ယူအသုံးပြုလိုသည့် ကုန်စည်များအတွက် တင်ဒါအောင်မြင်သူသို့ ငွေပေးချေရာတွင် ပေးချေငွေမှ ပင်ရင်းမှ နုတ်ယူပေးသွင်းရမည့် ဝင်ငွေခွန်ကို သတ်မှတ်ရာခိုင်နှုန်းများအတိုင်း နုတ်ယူပြီး တင်ဒါအောင်မြင်သူ အမည်ဖြင့် သက်ဆိုင်ရာ အခွန်ရုံး၏ ဘဏ်စာရင်းသို့ ပေးသွင်းမည်ဖြစ်သည်။
ထိုသို့ပေးသွင်းပြီးနောက် ရယူသော ဝန်ဆောင်မှု လုပ်ငန်းနှင့် ဝယ်ယူသော ကုန်စည်သည် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့် ရရှိသည့် ကုန်စည်မဟုတ်လျှင် ကျသင့်သည့် ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင် ပြီး မပြီး စိစစ်ပြီးမှ ပေးချေငွေကို အပြေအကျေ ပေးချေမည်ဖြစ်သည်။
လက်ရှိ ထုတ်ပြန်ခြင်းမှာ ပေးဆောင်ရသည့် ဝင်ငွေခွန်ကို နှစ်ကြိမ်ပေးဆောင်ရခြင်း မရှိစေရန်နှင့် ကျသင့်ကုန်သွယ် လုပ်ငန်းခွန် ပေးဆောင်ရာတွင် ဥပဒေ၊ စည်းမျဉ်း၊ ပြဋ္ဌာန်း ချက်များနှင့်အညီ ခုနှိမ်ပေးဆောင်ခွင့် ရရှိစေရန်အတွက် အသိပေးနှိုးဆော်ခြင်း ဖြစ်သည်။
ဝင်ငွေခွန် နှစ်ကြိမ်ပေးဆောင်ရခြင်း မရှိစေရန် တင်ဒါအောင်မြင်သူသည် ပေး သွင်းရမည့် ကုန်စည်ကို ပြည်ပမှ ကိုယ်တိုင်  တင်သွင်းခြင်းဖြစ်ပါက တင်သွင်းသည့်ကုန်စည်၏ ဆိပ်ကမ်းရောက်တန်ဖိုး (CIF Value) အပေါ် ပေးဆောင်ရမည့် ကြိုတင်ဝင်ငွေခွန် နှစ်ရာခိုင်နှုန်းကို ကင်းလွတ်ခွင့် ရရှိရေးအတွက် တင်ဒါအောင်မြင်သူ အနေဖြင့် နေပြည်တော်ရှိ ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်သို့ လိပ်မူလျှောက်ထား နိုင်ကြောင်း သိရသည်။
ညွှန်ကြားရေးမှူးချုပ်သို့ လျှောက်ထားရာ၌ ပေးချေငွေအပေါ်တွင် ပင်ရင်းမှ နုတ်ယူပေးသွင်းသည့် ဝင်ငွေခွန် နုတ်ယူပေးသွင်းမည် ဖြစ်ပါသဖြင့် ဝယ်ယူသည့် ကုန်စည်များ ပြည်ပမှ တင်သွင်းခြင်းအပေါ် ကြိုတင်ဝင်ငွေခွန် ကောက်ခံခြင်းမှ ကင်းလွတ်ခွင့်ပြုပါရန် သက်ဆိုင်ရာ အဖွဲ့အစည်း၊ လုပ်ငန်းဌာန၏ ထောက်ခံချက်နှင့် ကုန်သွယ်လုပ်ငန်းခွန် ခုနှိမ်ပေးဆောင်ခွင့်ရှိရေး၊ တင်ဒါအောင်မြင်သူက ဆိုင်ရာအဖွဲ့အစည်း လုပ်ငန်းဌာနသို့  တင်ဒါ ပါကုန်စည်များ ရောင်းချခြင်းအတွက် ကျသင့်ကုန်သွယ်လုပ်ငန်းခွန်မှ ခုနှိမ်ပေးသွင်းခြင်းကို ဆိုင်ရာအဖွဲ့အစည်း လုပ်ငန်းဌာနမှ လက်ခံပေးရေး အကြောင်းကြားပေးရန် တင်ဒါအောင်မြင်သူက သွင်းကုန်ကြေညာလွှာ မိတ္တူ၊ ပတခ(ကသခ)-၃၂ ပုံစံ မိတ္တူ၊ ဝယ်ယူသည့် ကုန်စည်များအပေါ် ကျသင့်ကုန်သွယ် လုပ်ငန်းခွန်မှ ပြည်ပမှတင်သွင်းစဉ် ပေးဆောင်ခဲ့ရသည့် ကုန်သွယ်လုပ်ငန်းခွန်ကို ခုနှိမ်ပေးဆောင်ခွင့် တောင်းခံချက်အပေါ် လိုအပ်သလို စိစစ်ပေးနိုင်ပါရန် အဖွဲ့အစည်း၊ လုပ်ငန်း ဌာန၏ ညှိနှိုင်းစာ၊ ထိုက်သင့်သော တံဆိပ်ခေါင်းခွန် ပြည့်စုံစွာ ကပ်နှိပ်ထားပြီးဖြစ်သည့် တင်ဒါစာချုပ်မိတ္တူနှင့်  ပူးတွဲတင်ပြထားသည့် အထောက်အထား မိတ္တူများကို မှန်ကန်မှုရှိ မရှိ စိစစ်နိုင်ရန်အတွက် မူရင်းများကို ညွှန်ကြားရေးမှူး၊ အခွန်မူဝါဒနှင့် သုတေသနဌာနခွဲထံ ကြိုတင်ပြသလျက် အဆိုပါ လျှောက်ထားစာများကို တင်သွင်းနိုင်မည်ဖြစ်သည်။
ထို့ပြင် ဝန်ဆောင်မှုလုပ်ငန်း အမျိုးမျိုး ဆောင်ရွက်နိုင်ရန် ဝယ်ယူခဲ့သည့် ကုန်စည်များနှင့် ရယူခဲ့သည့် ကုန်စည်များအတွက် ပေးဆောင်ခဲ့ရသည့် ကုန်သွယ်လုပ်ငန်းခွန် များ ခုနှိမ်ခွင့်ရရှိစေရန် ထိုက်သင့်သော တံ ဆိပ်ခေါင်းခွန် ပြည့်စုံစွာ ကပ်ထားပြီးဖြစ်သည့် တင်ဒါစာချုပ်မိတ္တူ၊ ပတခ(ကသခ) -၃၁ ပုံစံ မိတ္တူ သို့မဟုတ် ပတခ(ကသခ)-၃၂ ပုံစံ မိတ္တူနှင့် ပတခ(ကသခ)-၃၃ ပုံစံ မိတ္တူ၊ ရယူသည့် ဝန်ဆောင်မှု လုပ်ငန်းအပေါ် ကျသင့် ကုန်သွယ်လုပ်ငန်းခွန်မှ အဆိုပါ ဝန်ဆောင်မှု လုပ်ငန်းဆောင်ရွက်ပေးရန် အလို့ငှာ ဝယ်ယူခဲ့သည့် ကုန်စည်များ ရယူခဲ့ရသည့် ဝန်ဆောင်မှု လုပ်ငန်းများအတွက် ပေးဆောင်ခဲ့ရသည့် ကုန်သွယ်လုပ်ငန်းခွန်များကို ခုနှိမ်ပေးဆောင်ခွင့် တောင်းခံချက်အပေါ် လိုအပ်သလို စိစစ်ပေးနိုင်ပါရန် အဖွဲ့အစည်း၊ လုပ်ငန်းဌာန၏ ညှိနှိုင်းစာနှင့် ပူးတွဲတင်ပြထားသည့် အထောက်အထား မိတ္တူများကို မှန်ကန်မှုရှိမရှိ စိစစ်နိုင်ရန်အတွက် မူရင်းများကို ညွှန်ကြားရေးမှူး၊ အခွန်မူဝါဒနှင့် သုတေသနဌာနခွဲထံ ကြိုတင်ပြသလျက် အဆိုပါ လျှောက်ထားစာများကို တင်သွင်းနိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရှိရသည်။