မြန်မာနိုင်ငံ နယ်စပ်ကုန်သွယ်မှု၏ ၈၆ ရာခိုင်နှုန်းမှာ တရုတ်နှင့် ကုန်သွယ်မှု ပြုလုပ်နေခြင်း ဖြစ်သဖြင့် နှစ်အနည်းငယ် အတွင်း မူဆယ်-လားရှိုး-မန္တလေး လမ်းမကြီးတွင် ယာဉ်သွားလာမှု ပိုများလာမည်

မြန်မာနိုင်ငံ နယ်စပ်ကုန်သွယ်မှု၏ ၈၆ ရာခိုင်နှုန်းမှာ တရုတ်နှင့် ကုန်သွယ်မှု ပြုလုပ်နေခြင်း ဖြစ်သဖြင့် နှစ်အနည်းငယ် အတွင်း မူဆယ်-လားရှိုး-မန္တလေး လမ်းမကြီးတွင် ယာဉ်သွားလာမှု ပိုများလာမည်
နယ်စပ်ကုန်သွယ်ရေး အတွက် အရေးပါသော မူဆယ်-လားရှိုး-မန္တလေး လမ်းပိုင်း တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-ထွန်းနေလှိုင်)
နယ်စပ်ကုန်သွယ်ရေး အတွက် အရေးပါသော မူဆယ်-လားရှိုး-မန္တလေး လမ်းပိုင်း တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-ထွန်းနေလှိုင်)
Published 22 June 2016
နီလာ

မြန်မာနိုင်ငံ နယ်စပ်ကုန်သွယ်မှု၏ ၈၆ ရာခိုင်နှုန်းမှာ တရုတ်နိုင်ငံနှင့် ကုန်သွယ်မှု ပြုလုပ်နေခြင်း ဖြစ်သဖြင့် လာမည့်နှစ် အနည်းငယ်အတွင်း တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်နှင့် မူဆယ်-လားရှိုး-မန္တလေး လမ်းမကြီးကို အသုံးပြုနေသည့် ယာဉ်အသွားအလာ ပိုမို များပြားလာမည် ဖြစ်ကြောင်း ကုန်သွယ်မှုဘက်စုံ လေ့လာ ဆန်းစစ်ခြင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။“လက်ရှိမှာ ကျွန်တော်တို့ နိုင်ငံရဲ့ အဓိက ထွက်ကုန်တွေ ဖြစ်တဲ့ ဆန်၊ ရော်ဘာ၊ သစ်သီး သီးနှံတွေ၊ ပြောင်း စသဖြင့်ပေါ့ တရုတ်ကို အဓိက တင်ပို့နေတာပါ။ ပြောင်းဆိုရင် ကျွန်တော် ထင်ပါတယ် ၉၀ ရာခိုင်နှုန်းလောက်က တရုတ်ကို သွားနေတာပါ။ ဆန်ဆိုလည်း  အနည်းဆုံး ၆၀ ရာခိုင်နှုန်းလောက်က တရုတ်ကို သွားနေတာ။ အခုဆိုရင် သကြားပေါ့နော်၊ သကြားဆိုရင် အိန္ဒိယတို့၊ ထိုင်းတို့ကနေ တင်သွင်းပြီး တရုတ်ကို ပြန်ရောင်းတယ်။ ဒါကလည်း တစ်နှစ်လောက် အတွင်းမှာ တန်ချိန် ၁ ဒသမ ၅ သန်းလောက် သွားပြီးပြီ။ အဲဒီ အခါကျတော့ တကယ့် ထွက်ကုန်တွေရဲ့ ၅၀ ရာခိုင်နှုန်းလောက်က တရုတ်ကို သွားနေတဲ့ အခါကျတော့ ဒီလမ်းမှာ တစ်နေ့တစ်နေ့ သွားလာနေတဲ့ ယာဉ်က မူဆယ်မှာ အရောင်းအဝယ်ဖြစ်တဲ့ အနေအထားက ပစ္စည်းအားလုံး အမည်စုံ ပေါင်းလိုက်ရင် တန် ၁၅၀၀၀ နဲ့ ၂၀၀၀၀ ကြားမှာ ရှိနေတယ်။ ဒါက ပို့ကုန်ပဲ ရှိသေးတာ။ တရုတ်ဘက်က သွင်းလာတဲ့ ပစ္စည်းတွေ ရှိသေးတယ်။ ဆိုတော့ ဒီတစ်လျှောက်မှာ ကားလမ်းတွေ ချဲ့ထွင်ဖို့ လိုအပ်မယ်လို့ ထင်ပါတယ်” ဟု မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးလူမော်မြင့်မောင်က ဆိုသည်။“ဘာလို့လဲ ဆိုရင် တစ်ခါတလေမှာ ကားလမ်းတွေ မလိုအပ်ဘဲ ပိတ်သွားတာတွေ၊ ရှေ့က တစ်စီး ပိတ်သွားရင် ရှောင်လို့  မရတဲ့ အတွက် သုံးလေးရက် ပိတ်သွားတာတွေ ဖြစ်တယ်။ အဲဒီလို ပိတ်တော့ ဟိုကို အချိန်မီ မရောက်တာတွေ ဖြစ်လာတယ်။ အဓိက ကတော့ သစ်သီး သီးနှံတွေ ပျက်စီးတာပေါ့။ အဲဒီအတွက် လမ်းကို ဒီထက် ကောင်းမွန်အောင် ပိုပြီးတော့ မြန်ဆန်အောင် အချိန်မြန်မြန်နဲ့ ရောက်ရှိနိုင်အောင် လမ်းတွေကို ချဲ့ထွင်ပေးမယ် ဆိုရင် ပိုပြီး ထိရောက်မြန်ဆန် တိုးတက် လာမှာပါ” ဟု ဦးလူမော်မြင့်မောင်က ပြောကြားသည်။မြန်မာနိုင်ငံ၏ ပြည်ထောင်စု လမ်းမကြီး တစ်ခုဖြစ်သည့် မန္တလေး-လားရှိုး-မူဆယ် လမ်းမကြီးပေါ်တွင် ယာဉ်ကြောပိတ်ဆို့မှု မကြာခဏ ဖြစ်ပွားပြီး ယာဉ်တိုက်မှုများလည်း ဖြစ်ပွားလျက် ရှိနေသည်။စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များအရ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဇွန် ၁၀ ရက်အထိ နယ်စပ် စခန်းများအလိုက် အိမ်နီးချင်း နိုင်ငံများနှင့် ကုန်သွယ်ရာတွင် မြန်မာနိုင်ငံမှ ကုန်သွယ်မှု အသာစီး ရနေကြောင်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ဇွန် ၁၀ ရက်အထိ နယ်စပ်ကုန်သွယ်ရေး စခန်းများမှ ကုန်သွယ်မှု ပမာဏ ဒေါ်လာ ၁ ဒသမ ၁ ဘီလျံကျော် ရရှိခဲ့ရာ ပို့ကုန် ကဏ္ဍမှ ဒေါ်လာ ၇၆၇ သန်းကျော်နှင့် သွင်းကုန် ကဏ္ဍမှ ဒေါ်လာ ၄၁၄ သန်းကျော် ရရှိထားသည်။ယခု ဘဏ္ဍာနှစ် ဇွန် ၁၀ ရက်အထိ နယ်စပ်ကုန်သွယ်ရေး စခန်းများ အနက်မှ မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်နယ်စပ်မှ ကုန်သွယ်မှု ပမာဏ ဒေါ်လာ ၈၂၄ သန်းကျော်ဖြင့်  အများဆုံး ကုန်သွယ်ခဲ့သည်။