မြန်မာနိုင်ငံ၏ လူဦးရေ ရာခိုင်နှုန်း ၇၀ နှင့် အသေးစား အလတ်စား စက်မှုလုပ်ငန်းများသည် ထင်း၊ မီးသွေးအား မှီခိုနေရဆဲ ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား

မြန်မာနိုင်ငံ၏ လူဦးရေ ရာခိုင်နှုန်း ၇၀ နှင့် အသေးစား အလတ်စား စက်မှုလုပ်ငန်းများသည် ထင်း၊ မီးသွေးအား မှီခိုနေရဆဲ ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား
ပဲခူးတိုင်းဒေသကြီး ပဲခူးရိုးမအနီးရှိ ပြန်လည်စိုက်ပျိုးထားသည့် ပုဂ္ဂလိက ကျွန်းစိုက်ခင်းတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ဆန်းထူးအောင်)
ပဲခူးတိုင်းဒေသကြီး ပဲခူးရိုးမအနီးရှိ ပြန်လည်စိုက်ပျိုးထားသည့် ပုဂ္ဂလိက ကျွန်းစိုက်ခင်းတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ဆန်းထူးအောင်)
Published 20 June 2016
ဆန်းထူးအောင်

မြန်မာနိုင်ငံ၏ လူဦးရေ ရာခိုင်နှုန်း ၇၀ နှင့် အသေးစား အလတ်စား စက်မှုလုပ်ငန်း များသည် ထင်း၊ မီးသွေးအား မှီခိုနေရဆဲဖြစ် ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်းက ပြောကြားသည်။
"မြန်မာနိုင်ငံ၏ လက်ရှိလူဦးရေ ရာခိုင် နှုန်း ၇၀ က နေ့စဉ်စားဝတ် နေရေးအတွက် ထင်း၊ မီးသွေးလောင်စာကို မှီခိုနေရဆဲဖြစ်ပါ တယ်။ ပြီးတော့ အသေးစား အလတ်စား စက်မှုလက်မှု လုပ်ငန်းသုံး ထင်းလောင်စာ အပါအဝင် နှစ်စဉ် ထင်းလိုအပ်ချက် အတွက်လည်း အသေးစိတ် တွက်ချက်ပြီး ကျေးရွာ ထင်းစိုက်ခင်းများကို မဖြစ်မနေ တည်ထောင်ပေးကြရမှာ ဖြစ်ပါတယ်" ဟု ဦးအုန်းဝင်းက ပြောကြားသည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းမှ တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုတို့ အတွက် ကြိုးပမ်းဆောင်ရွက်ရာတွင် မြေ၊ ရေ၊ သစ်တော၊ သတ္တု စသော သဘာ၀ သယံဇာတ အရင်းအမြစ်များကို နောင်သားစဉ်မြေးဆက်အထိ စနစ်တကျသုံးစွဲနိုင်မည့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု (Sustainable Development) ရရှိရေး စနစ်တကျ စီမံတွက်ချက် အသုံးပြု ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ သဘာဝသယံဇာတ အရင်းအမြစ်များကို ထုတ်ယူသုံးစွဲရာတွင် အကန့်အသတ် ရှိသည်နှင့်အညီ စနစ်တကျ ထုတ်ယူသုံးစွဲရန် အထူးပင် အရေးကြီးကြောင်း၊ FRA 2015 အရ မြန်မာနိုင်ငံ ဧရိယာ၏ ၄၂ ဒသမ ၉၂ ရာခိုင် နှုန်း သစ်တောများ ဖုံးလွှမ်းလျက်ရှိကြောင်း၊ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် ကျွန်းနှင့် သစ်မာထုတ်လုပ်ခြင်းကို လုံးဝရပ်နားကာ နောင် လာမည့်နှစ်များမှာလည်း သတ်မှတ်နှစ်စဉ် တောထွက်ပမာဏအောက် သိသိသာသာ လျှော့ချပြီး ပြည်တွင်းလိုအပ်ချက်အတွက် သာ ထုတ်လုပ်သွားရမည် ဖြစ်ကြောင်း ပြောကြားသည်။
ယင်းအပြင် မြန်မာ့ကျွန်းသစ် မူရင်းဒေသဖြစ်သော ပဲခူးရိုးမကို ခရိုင်သစ်တော အုပ်ချုပ်လုပ်ကိုင်မှု စီမံကိန်း ၁၀ နှစ်အထိ ကျွန်းနှင့်သစ်မာ ထုတ်လုပ်ခြင်း မပြုဘဲ အနားပေး ဆောင်ရွက်သွားရန် ဆွေးနွေး သုံးသပ်ထားကြောင်း၊ သစ်တောဖုံးလွှမ်းမှု ရာခိုင်နှုန်း လျော့နည်းလာခြင်းမှာ သစ်အလွန်အကျွံ ထုတ်လုပ်ခြင်း၊ လူဦးရေတိုးတက်များပြား လာသည်နှင့်အမျှ မြို့ရွာများတိုးချဲ့လာခြင်း၊ အခြားမြေအသုံးချမှုပြောင်းလဲခြင်း၊ သစ်၊ တိုင်၊ မျော၊ ထင်း၊ မီးသွေးများ တိုး၍ထုတ် လုပ်လာခြင်းအပြင် တရားမဝင် သစ်ခိုးယူ ထုတ်လုပ်မှုသည်လည်း တစ်ခုအပါအဝင် ဖြစ်၍ သစ်တောသယံဇာတများ လေလွင့် ဆုံးရှုံးမှုမဖြစ်ရန် တရားမဝင်သစ် ဖမ်းဆီးရေးကို ထိရောက်စွာ ဆောင်ရွက်နိုင်မှသာ မြန်မာနိုင်ငံ၏ အဖိုးတန် သစ်တောများအား စနစ်တကျ စီမံအုပ်ချုပ်နိုင်ပြီး ရေရှည်တည်တံ့အောင် ထိန်းသိမ်းကာကွယ် နိုင်မည်ဖြစ်ကြောင်း ဦးအုန်းဝင်းက ပြောကြားသည်။
ဆက်လက်ပြီး တစ်ဖက်တွင် သစ်တောများကို သစ်ထုတ်လုပ်ခြင်း မပြုဘဲ အနားပေးထားသလို ၎င်းတောများကိုလည်း ထုတ်လုပ်နိုင်စွမ်း ပြန်လည်ပြည့်ဝလာပြီး ထောက်ပံ့ပေးနိုင်သော စွမ်းရည် အပြည့်အ၀ ပြန်လည် ရရှိနိုင်ရန် သစ်တောပြုစု ပျိုးထောင်ခြင်း လုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်ပေးရန်နှင့် သမားရိုးကျ သစ်တောပြုစု ထိန်းသိမ်းရေး လုပ်ငန်းများနှင့် မလုံလောက်ပါကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ပြောကြားသည်။