ရေတာရှည်မြို့နယ် ရေနီမြို့ စစ်အခြေခံလေ့ကျင့်ရေး သင်တန်းကျောင်းမှ သင်တန်းသားများ သံပိုက်လုံး သယ်ဆောင်ရာမှ ဓာတ်လိုက်ခံရပြီး တပ်သားသစ် သုံးဦး သေဆုံးကာ ၁၇ ဦးဒဏ်ရာရ

ရေတာရှည်မြို့နယ် ရေနီမြို့ စစ်အခြေခံလေ့ကျင့်ရေး သင်တန်းကျောင်းမှ သင်တန်းသားများ သံပိုက်လုံး သယ်ဆောင်ရာမှ ဓာတ်လိုက်ခံရပြီး တပ်သားသစ် သုံးဦး သေဆုံးကာ ၁၇ ဦးဒဏ်ရာရ
Published 15 June 2016
ဇော်ဝင်းချစ် (တောင်ငူ)

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့နယ် ရေနီမြို့ရှိ အမှတ် (၅) စစ်အခြေခံလေ့ကျင့်ရေး သင်တန်းကျောင်းတွင် သင်တန်းတက်ရောက်နေသော သင်တန်းသားများအား သံပိုက်လုံး သယ်ခိုင်းရာမှ ဓာတ်လိုက်ခံရပြီး တပ်သားသစ်သုံးဦး သေဆုံးကာ ၁၇ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့ကြောင်း သိရသည်။
 
“သံပိုက်တွေကိုသယ်ရင်းကနေပြီးတော့ ဓာတ်လိုက်တာတဲ့။ ဖြစ်တဲ့နေရာကို ကျွန်တော်တို့ဆီကပဲ သွားတာပါခင်ဗျ။ မနေ့ ညနေလောက်ကဖြစ်တာ သုံးယောက် သေသွားတယ်။ ဒဏ်ရာရတဲ့ သူတွေကတော့ ဘာမှမဖြစ်ပါဘူး။ ကောင်းပါတယ်။ သေမှုသေခင်းတော့ ဖွင့်ထားတယ်”ဟု ရေနီရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ဇွန် ၁၅ ရက် နံနက်ပိုင်းက အတည်ပြုပြောကြားသည်။
 
ဖြစ်စဉ်မှာ ဇွန် ၁၄ ရက် မွန်းလွဲ ၁၂ နာရီ ၂၀ မိနစ်ခန့်က ရေတာရှည်မြို့နယ် ရေနီမြို့ ရှမ်းပိုင်းရပ်ကွက်ရှိ အမှတ် (၅) စစ်အခြေခံလေ့ကျင့်ရေး သင်တန်းကျောင်း သင်တန်းအမှတ်စဉ် (၃/၂၀၁၆) တွင် သင်တန်း တက်ရောက်နေသော (ကပ) အမှတ် မရရှိသေးသည့် သင်တန်းသားများအား  ဓာတ်လိုက်ခံရပြီး လူသေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာများ ရရှိသွားကြောင်း ရေနီကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးမှ ရေနီနယ်မြေရဲစခန်းသို့ ဖုန်းဆက် အကြောင်းကြားခဲ့ကြောင်း သိရသည်။
 
သတင်းအရ ရေနီရဲစခန်းမှူး ရဲအုပ် ခင်ဇော်ဦးနှင့်အဖွဲ့မှ သွားရောက် စစ်ဆေးခဲ့ရာ ဖြစ်စဉ်မှာ သင်တန်းသားများမှ စစ်ရေးပြကွင်းအတွင်း စစ်ရေးပြဘာသာရပ် (လက်နက်ဖြင့်) လေ့ကျင့်ပြီး အနားယူနေကြစဉ် လေ့ကျင့်ရေးတပ်ရေးမှ ဗိုလ်ကြီးတစ်ဦးက တပ်ခွဲမှူး ဗိုလ်ကြီးထံသို့  ပို့ဆောင်ရေးတပ်စုအနီး ထားရှိပြီး သံပိုက်လုံးဖြင့် ပြုလုပ်ထားသည့် အလျား ၂၀ ပေ၊ အနံ ၄ ပေ၊ အမြင့် ၁၀ ပေ ခန့်ရှိ “ယုံကြည်မှုအတားအဆီးဗူးစင်”ကို စစ်ရေးပြကွင်း အနီးသို့ ရွှေ့ပြောင်းသယ်ဆောင်ရန် သင်တန်းသား တပ်သား ၂၀ ခန့်အား အကူအညီတောင်းခံခဲ့ကြောင်း သိရသည်။
 
ထို့နောက် သင်တန်းသားများက ပို့ ဆောင်ရေးတပ်စုအနီးမှ ယုံကြည်မှုအတားအဆီးဗူးစင်ရှိ လက်ကိုင်တန်းများအား ပြိုင်တူမ၍ ပက်လက်လှန် သယ်ဆောင်ရွှေ့ပြောင်းရာမှ “ယုံကြည်မှုအတားအဆီးဗူးစင်” သံပိုက်ခြေထောက် တစ်ချောင်းနှင့် ရေနီမြို့ ဓာတ်အားခွဲရုံမှ စခတ (၅)၊ ရေနီမှ ကေဗွီအေ ၁၆ ၊ ကေဗွီအေ ၁၀၀ ထရန်စဖော်များသို့ ဓာတ်အား ထုတ်လွှတ်ပေးထားသည့် ၁၁ ကေဗွီ ၁၁၀၀၀ ဗို့ ဓာတ်အားလိုင်းကြိုးသုံးချောင်းအနက် ကြိုးတစ်ချောင်းဖြင့် ရှပ်ထိမိပြီး ရုတ်တရက် ဓာတ်လိုက်ကာ သင်တန်းသား တပ်သားသစ်သုံးဦး သေဆုံး၍ ၁၇ ဦး ခန့် ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့ခြင်းဖြစ်သည်။
 
ဓာတ်လိုက် သေဆုံးသွားသည့် တပ်သားသစ် သုံးဦးမှာ ကသ-၄၁ တသသ အာကာကျော်(၂၅ နှစ်) (ဘ) ဦးမှတ်ကြီး၊ ဖက်တောရွာ သိမ်ကုန်းအုပ်စု မလှိုင်မြို့နယ် မန္တလေးတိုင်းဒေသကြီး၊ ကသ-၄၅ တသသ နန်းဝင်းအောင် (၂၅နှစ်) (ဘ)ဦးတူး၊ ကျွန်းသာယာ ၁ လမ်း ဈေးပိုင်း သနပ်ပင်မြို့နယ် ပဲခူးတိုင်းဒေသကြီးနှင့် ကသ-၁၄၇ တသသ ကျော်သက် (၂၃ နှစ်) (ဘ) ဦးတင်ရွှေ ဥသျှစ်ကုန်းကျေးရွာ ပဲခူးတိုင်းဒေသကြီးနေသူတို့ဖြစ်ပြီး သေဆုံးသူ သုံးဦး၏ ရုပ်အလောင်းများနှင့် ဒဏ်ရာ ရရှိသူ (မစိုးရိမ်ရ) တပ်သားသစ် ၁၇ ဦးတို့ အား၊ တပ်ပိုင်ဖောကားဖြင့် ဆရက (၂/ ၁၀၀၀)သို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရပြီး အဆိုပါတပ်သားသစ်များ ဓာတ်လိုက်သေဆုံး/ဒဏ်ရာရှိသည်တို့ကို ရေနီရဲစခန်းက သေမှုသေခင်းဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ကြောင်း သိရသည်။