အင်းစိန်မြို့နယ်အတွင်း မှော်ဘီနည်းပညာတက္ကသိုလ် ကျောင်းသူတစ်ဦးအားသတ်ပြီး အလောင်းစွန့်ပစ်ခဲ့သည့် အမျိုးသားအား ဇွန် ၃ ရက်တွင် မြောက်ပိုင်းခရိုင်တရားရုံး၌ ရုံးထုတ်ခဲ့ကြောင်း သိရသည်။
ယင်းနေ့ရုံးချိန်းတွင် အမှုနှင့်ပတ်သက်၍ သက်သေခံပစ္စည်းများအား ရှာဖွေပုံစံဖြင့် သိမ်းဆည်းရာတွင် ပါဝင်ခဲ့သည့် အမျိုးသားတစ်ဦးအား တရားလိုပြသက်သေအဖြစ် စစ်ဆေးခဲ့ကြောင်း သိရသည်။
“သက်သေခံပစ္စည်း သိမ်းဆည်းရာမှာ ပါဝင်ခဲ့ပြီး သက်သေခံပစ္စည်းစာရင်း လက်မှတ်ရေးထိုးခဲ့တဲ့ ဦးဝင်းဗိုလ်သန်းကို တရားလိုပြသက်သေအဖြစ် စစ်ဆေးခဲ့ပါတယ်။ လာမယ့်ရုံးချိန်းကို ဇွန် ၁၃ ရက်ချိန်းဆိုထားပါတယ်။ လာမယ့်ရုံးချိန်းမှာ သေဆုံးသူရဲ့ မိခင်ကို တရားလိုပြသက်သေအဖြစ် စစ်ဆေးဖို့ ခေါ်ဆောင်ထားပါတယ်” ဟု မြောက်ပိုင်းခရိုင် တရားရုံးမှ တာဝန်ရှိသူတစ်ဦးက ဇွန် ၃ ရက်တွင် ပြောကြားသည်။
အမှုနှင့်ပတ်သက်၍ တရားလိုပြသက်သေအဖြစ် အလောင်းအား စတင်တွေ့ရှိခဲ့သည့် စည်ပင်အမျိုးသမီးနှင့် အခင်းဖြစ် ရပ်ကွက်မှ ရာအိမ်မှူးနှစ်ဦး အပါအဝင် စုစုပေါင်း တရားလိုပြသက် ၁၃ ဦးအထိ စစ်ဆေးပြီးဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၂၈ ရက်နံနက် ၉ နာရီခန့်က အင်းစိန်မြို့နယ် ဥက္ကလာလမ်းမနံဘေး အမှတ် (၃၀၁၇) လေကြောင်းကာကွယ်ရေး တပ်ခြံစည်းရိုးအတွင်း နဖူးပေါက်ပြဲဒဏ်ရာတစ်ချက်၊ ယာချိုစောင်း သွေးခြေဥဒဏ်ရာ တစ်ချက်၊ လည်ပင်းညိုမည်း ဒဏ်ရာတစ်ချက်ဖြင့် သေဆုံးနေသော မိန်းကလေးအလောင်းကို တွေ့ရှိခဲ့ပြီး ရဲတပ်ဖွဲ့က စစ်ဆေးရာတွင် သေဆုံးသူမှာ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်နေ အသက် ၂၂ နှစ်အရွယ်ရှိ မှော်ဘီနည်းပညာတက္ကသိုလ် ကျောင်းသူတစ်ဦးဖြစ်ကြောင်း ရဲမှုခင်းမှတ်တမ်းများအရ သိရသည်။
ဇန်နဝါရီ ၂၆ ရက်က မ....မှာ ၎င်း၏ချစ်သူနှင့် ဖုန်းပြောဆိုခဲ့ပြီး ခဏနေပြန်လာမည်ဟု မိခင်ဖြစ်သူအားပြော၍ နေအိမ်အပြင်ဘက်သို့ ထွက်သွားခဲ့ခြင်းကြောင့် ရဲတပ်ဖွဲ့မှ မ.....၏ရည်းစားဖြစ်သူ သူထက်နိုင် (ခ) သူရအောင်ကို ဖမ်းဆီးစစ်ဆေးရာ ၎င်းမှာ မ.....နှင့် ၂၀၁၅ ခုနှစ် သြဂုတ်လမှ စတင်ကာ ချစ်သူများ ဖြစ်ခဲ့ကြကြောင်း သိရသည်။
ထို့နောက် ဇန်နဝါရီ ၂၆ ရက်တွင် ၎င်းမှာ မ.....၏ နေအိမ်ရှိရာဘက်သို့ ထွက်လာခဲ့ကာ နေအိမ်အနီး အရောက်တွင် မ.....ထံသို့ ဖုန်းဆက်၍ နေပြည်တော်မှ လက်ဆောင်ပစ္စည်း ထည့်ပေးလိုက်၍ လာယူရန်ပြောကြားခဲ့ကြောင်း၊ မ.....က အပြင်သို့ထွက်လာရာ ၎င်းကကားဖြင့် ခေါ်ဆောင်သွားခဲ့ပြီး မင်္ဂလာဒုံမြို့နယ် ရန်ကုန်-ပြည်လမ်း၊ ရွှေညောင်ပင် မှတ်တိုင်အနီးရှိ လမ်းနံဘေးတွင် ကားအားရပ်တန့်၍ စကားပြောကြစဉ် မ.....က လာရောက်တောင်းရမ်းရန် ပြောဆိုရာ ၎င်းက သရုပ်ဆောင်သင်တန်း တက်ရမည်ဖြစ်၍ မယူနိုင်သေးဟု ပြောဆိုခဲ့ရာမှ စကားများ ရန်ဖြစ်ခဲ့ပြီး မ.....က ၎င်း၏ပါးကို ရိုက်ခဲ့သဖြင့် ၎င်းက ဒေါသထွက်ကာ မ.....၏လည်ပင်းကို ၁၅ မိနစ်ခန့် ညှစ်ထားရာမှ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ရဲမှုခင်းမှတ်တမ်းများအရ သိရသည်။ ယင်းနောက် မ.....၏အလောင်းကို ကားဖြင့်သယ်ဆောင်လာခဲ့ပြီး အင်းစိန်မြို့နယ်၊ လေဆိပ်လမ်းဆုံမီးပွိုင့်မှ ဥက္ကလာလမ်းဘက်သို့ မောင်းနှင်လာခဲ့ကာ လေကြောင်းရန် ကာကွယ်ရေး တပ်ခြံစည်းရိုး အမှောင်ရိပ် တစ်နေရာတွင် စွန့်ပစ်ထားခဲ့သည်ဟု ထွက်ဆိုခဲ့ကြောင်း ရဲမှုခင်းမှတ်တမ်းများအရ သိရသည်။
အဆိုပါဖြစ်စဉ်အား အင်းစိန်မြို့မရဲစခန်းက ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်စစ်ဆေးကာ ကျူးလွန်သူအား မြောက်ပိုင်းခရိုင် တရားရုံးတွင် တရားစွဲဆိုထားခြင်းဖြစ်သည်။
အင်းစိန်မြို့နယ်တွင် နည်းပညာတက္ကသိုလ် ကျောင်းသူတစ်ဦးကိုသတ်၍ အလောင်းစွန့်ပစ်ခဲ့သည့်အမှု တရားလိုပြသက်သေအဖြစ် ရှာဖွေပစ္စည်းသိမ်းဆည်းရာတွင် ပါဝင်ခဲ့သူတစ်ဦးအား ဆက်လက်စစ်ဆေး