အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကို ကျစ်လျစ်စွာ ဖွဲ့စည်းနိုင်ရေး အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ဥပဒေကြမ်းကော်မတီ၏ ပြင်ဆင်ချက်များအတိုင်း ပြည်သူ့လွှတ်တော် အတည်ပြု

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကို ကျစ်လျစ်စွာ ဖွဲ့စည်းနိုင်ရေး အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ဥပဒေကြမ်းကော်မတီ၏ ပြင်ဆင်ချက်များအတိုင်း ပြည်သူ့လွှတ်တော် အတည်ပြု
Published 26 May 2016
ကျော်ဇင်ဝင်း၊ မျိုးမင်းထက်

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကို ကျစ်လျစ်စွာ ဖွဲ့စည်းနိုင်ရေးအတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ဥပဒေကြမ်း ကော်မတီ၏ ပြင်ဆင်ချက်များအတိုင်း မေ ၂၆ ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ကန့်ကွက်သူမရှိ အတည်ပြုခဲ့သည်။ 
အဆိုပါ ဥပဒေကြမ်းကို မေ ၁၉ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ကော်မတီက တင်သွင်းခဲ့ခြင်းဖြစ်ပြီး ဥပဒေကြမ်းအပေါ်  လေ့လာတွေ့ရှိချက် အစီရင်ခံစာအား ဥပဒေကြမ်း ကော်မတီက ဖတ်ကြားတင်သွင်းခဲ့သည်။
ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ကော်မတီက ပြင်ဆင်ရန် တင်ပြခဲ့သည့်အချက်မှာ မူလ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပါရှိသည့် နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌတို့သည် သတ်မှတ်ထားသော အရည်အချင်းများနှင့် ပြည့်စုံသည့် အဖွဲ့ဝင် ငါးဦးစီဆိုသည့် စကားရပ်ကို 'ငါးဦးစီထက်မပိုသော အဖွဲ့ဝင်များကိုဆိုသည့်' စကားရပ်ဖြင့် အစားထိုး ပြင်ဆင်ရန် ဥပဒေကြမ်းအား တင်သွင်းခဲ့ခြင်း ဖြစ်သည်။
ထိုသို့ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ကော်မတီက ပြင်ဆင်လိုသည့် အချက်များအား ဥပဒေကြမ်းရေးဆွဲ တင်ပြလာမှုအပေါ် ဥပဒေကြမ်း ကော်မတီက ဥပဒေကြမ်း၏ ခေါင်းစီးသည် ယခင်ပြင်ဆင်သည့် ဥပဒေတစ်ခု ပြဋ္ဌာန်းထားပြီး ဖြစ်သဖြင့် "အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့်ဥပဒေ" ဟုလည်းကောင်း၊ "အဖွဲ့ဝင် ငါးဦးစီကို" ဆိုသည့် စကားရပ်တွင် "ငါးဦး" အား ဂဏန်းဖြင့် "၅ ဦး" ဟုလည်းကောင်း ပြင်ဆင်ရန် ပြင်ဆင်ချက် တင်သွင်းခဲ့ခြင်းဖြစ်သည်။
ယင်းဥပဒေကြမ်းနှင့် ပတ်သက်၍ ပြင်ဆင်ချက် တင်သွင်းလိုသည့် လွှတ်တော်ကိုယ်စားလှယ်များအား အမည်စာရင်း ပေးသွင်းရန် လွှတ်တော်ဥက္ကဋ္ဌက ကြေညာခဲ့သော်လည်း သတ်မှတ်ရက်အထိ ပြင်ဆင်ချက် အဆိုတင်သွင်းလာသူ မရှိဘဲ ဥပဒေကြမ်း ကော်မတီ၏ ပြင်ဆင်ချက် တင်သွင်းထားသည့်အတိုင်း လွှတ်တော်ကလည်း သဘောတူခဲ့သည်။
အဆိုပါ ဥပဒေကြမ်းကို တင်သွင်းခဲ့သည့် ရည်ရွယ်ချက်မှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို ကျစ်လျစ်စွာဖြင့် ဖွဲ့စည်းပြီး လိုအပ်ပါက တိုးချဲ့ဖွဲ့စည်းခြင်းအားဖြင့် နိုင်ငံတော်ဘတ်ဂျက် အသုံးစရိတ်များကို ချွေတာရန် ဖြစ်ကြောင်း ဥပဒေကြမ်း တင်သွင်းစဉ်က ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ကော်မတီကိုယ်စား ကော်မတီ အတွင်းရေးမှူး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်စိုးက ပြောကြားသည်။
"ငါးဦးစီထက် မပိုသော အဖွဲ့ဝင်များကိုဆိုသည့် စကားရပ်ဖြင့် အစားထိုး ပြင်ဆင်ဆောင်ရွက်ခြင်းအားဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အနေဖြင့် မိမိတာဝန်များကို ကျစ်လျစ်သိပ်သည်းစွာဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှာ ဖြစ်သလို နိုင်ငံတော် လိုအပ်ချက်အရ ၁၅ ဦး ထက်မပိုသော ၁၅ ဦးအောက် လိုအပ်သော အရေအတွက်ဖြင့်သာ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်းဖြင့် နိုင်ငံတော်၏ ဘတ်ဂျက် အသုံးစရိတ်များကို ခြိုးခြံချွေတာရာရောက်မည် ဖြစ်သောကြောင့် ဤဥပဒေကြမ်းကို တင်သွင်းရခြင်း ဖြစ်ပါတယ်" ဟု ဦးတင်စိုးက ပြောကြားသည်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို ၂၀၁၃ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပြီး အဆိုပါ ဥပဒေအရ ပေါ်ပေါက်လာသည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုနှင့် ပတ်သက်၍ တရားစွဲဆို အရေးယူခဲ့သူ ကိုးဦး၊ ဝန်ထမ်းစည်းမျဉ်းအရ အရေးယူသူ ၁၂၅ ဦး၊ စုံစမ်းဆဲ သုံးဦးနှင့် နိုင်ငံတော်ကို ကျပ်သိန်း ၁၀၀ ကျော် ပြန်ပေးသွင်းနိုင်ခဲ့သည့် အရေးယူမှုများသာ ဆောင်ရွက်ထားနိုင်ကြောင်း သိရသည်။
မြန်မာနိုင်ငံသည် နိုင်ငံအလိုက် အဂတိလိုက်စားမှုညွှန်းကိန်း ထုတ်ပြန်သည့် Transparency International ၏သတ်မှတ်ချက်အရ ကမ္ဘာ့နိုင်ငံ ၁၆၈ နိုင်ငံတွင် ၁၄၇ အဆင့်မှာသာရှိပြီး အာရှအဆင့်မှာသာမက အာဆီယံ အဆင့်တွင်လည်း မြန်မာနိုင်ငံ၏ နောက်တွင် ကမ္ဘောဒီးယား နိုင်ငံသာရှိကြောင်း သိရသည်။
 

Most Read

Most Recent