ရက် ၁၀၀ စီမံချက် စတင်သည့် မေ ၁ ရက်မှ ၂၀ ရက်အတွင်း ရန်ကုန်တိုင်းဒေသကြီး၌ လောင်းကစားနှင့် မူးယစ်ဆေးဝါးအမှု ၁၀၀ ကျော်အပါအဝင် အမှုပေါင်း ၉၀၀ ကျော် ဖမ်းဆီး အရေးယူ

ရက် ၁၀၀ စီမံချက် စတင်သည့် မေ ၁ ရက်မှ ၂၀ ရက်အတွင်း ရန်ကုန်တိုင်းဒေသကြီး၌ လောင်းကစားနှင့် မူးယစ်ဆေးဝါးအမှု ၁၀၀ ကျော်အပါအဝင် အမှုပေါင်း ၉၀၀ ကျော် ဖမ်းဆီး အရေးယူ
Published 23 May 2016
ဉာဏ်ဝင်းရှိန်၊ အောင်မျိုးသန့်

မှုခင်းကျဆင်းရေးနှင့် တရားဥပဒေစိုးမိုးရေး ရက် ၁၀၀ စီမံချက် စတင်သည့် မေ ၁ ရက်မှ ၂၀ ရက်အတွင်း ရန်ကုန်တိုင်းဒေသကြီး၌ လောင်းကစားနှင့် မူးယစ်ဆေးဝါးအမှု ၁၀၀ ကျော် အပါအဝင် အမှုပေါင်း ၉၀၀ ကျော်ကို ဖမ်းဆီးအရေးယူထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။ဖမ်းဆီးမိသည့်အမှုများမှာ လက်နက်ပုန်း ၅၅ မှု၊ လောင်းကစား ၉၆ မှု၊ မူးယစ်ဆေးဝါး ၁၁၆ မှု၊ ပြည့်တန်ဆာ ၈၀ မှု၊ ခြေချုပ် ၅၂ မှု၊ ခိုးမှုမသင်္ကာ ၁၄၄ မှု၊ ရဲအက် ၁၅၀ မှု၊ ယစ်မျိုး ၁၈၉ မှုနှင့် ဆင်ဆာမဲ့ ဗီဒီယို ၂၀ မှုတို့ကိုကြိုတင် ကာကွယ်ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ထုတ်ပြန်သည်။ထို့ပြင် ရက် ၁၀၀ စီမံချက်အတွင်း ပြေးလေးပြေး ဖမ်းဆီးရမှုအခြေအနေမှာ မေ ၁ ရက်မှ ၂၀ ရက်အတွင်း တရားခံပြေး ၄၉ မှု၊ စစ်ပြေး ရှစ်မှု၊ ရဲပြေး ခြောက်မှု၊ ရဲဘက်ပြေး ၆၉ မှု စုစုပေါင်း ၁၃၂ မှုတို့ကို ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။သို့သော် မကြာမီလပိုင်းအတွင်းက ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖြစ်ပွားခဲ့သည့်  မှုခင်းဖြစ်စဉ်များအနက် လူသတ်မှုအချို့၊ အလောင်းစွန့်ပစ်ခဲ့သည့် အမှုအချို့အပါအဝင် လုယက်မှု အချို့တို့မှ ကျူးလွန်သူများကို ဖော်ထုတ် ဖမ်းဆီးရမိခြင်းမရှိသေးပေ။ အဆိုပါ ဖော်ထုတ်ရမိခြင်း မရှိသေးသည့် အမှုဖြစ်စဉ်များအနက် အချို့မှုခင်းဖြစ်စဉ်များမှာ မေ ၂ ရက်က ဖြစ်ပွားခဲ့သည့် တောင်ဒဂုံမြို့နယ် (၂၆)ရပ်ကွက်၊ အမှတ် (၂)လမ်းမကြီး နံဘေး ဂြိုဟ်တု ဆက်သွယ်ရေးအတွင်း လမ်းမနံဘေး၌ ပြင်ပဒဏ်ရာမရှိဘဲ သတိလစ်နေသည့် အမျိုးသားတစ်ဦးကို လူအုပ်စုတစ်စုမှ ယာဉ်တစ်စီးဖြင့် လာရောက်စွန့်ပစ်မှုဖြစ်ပွားခဲ့ပြီး ၎င်းအမျိုးသားကို ဆေးရုံသို့ပို့ဆောင်စဉ် သေဆုံးခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပြီး အမှုကို ဖော်ထုတ်နိုင်ခြင်းမရှိသေးပေ။ပြီးခဲ့သည့် ဧပြီ ၂၆ ရက်က ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ၁၂ နှစ်အရွယ်ကလေးအား ဓားစာခံလုပ်ကာ ရုပ်ရှင်ဇာတ်ကားဆန်ဆန် ငွေကျပ်သိန်းငါးဆယ်ခန့် လုယက်ခဲ့သည့်ဖြစ်စဉ်မှ ကျူးလွန်သူကို ဖမ်းဆီးရမိခြင်းမရှိသေးပေ။ထို့ပြင် ဧပြီလအတွင်းက ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်၌  ဖြစ်ပွားခဲ့သည့် လူပျောက်တိုင်ကြားထားသော အသက်ခြောက်နှစ်အရွယ် မိန်းကလေးတစ်ဦးကို  ဦးခေါင်းမပါဘဲ ပုဇွန်တောင်ချောင်း လက်တက်အတွင်း၌ ဧပြီ ၂၂ ရက်က ပြန်လည်တွေ့ရှိခဲ့သည့် မှုခင်းဖြစ်စဉ်မှ ကျူးလွန်သူကိုလည်း ဖော်ထုတ်ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း သိရသည်။ပြီးခဲ့သည့်ဧပြီလအတွင်း တစ်နိုင်ငံလုံး၌ ဖြစ်ပွားခဲ့သည့် အမှုကြီး ၁၀ မျိုးအနက် လူသတ်မှု ၁၂၃ မှုဖြစ်ပွားခဲ့ပြီး မုဒိမ်းမှု ၉၂ မှု အထိ ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ မှုခင်းဌာနမှ စုံစမ်းသိရသည်။

Most Read

Most Recent