ထိုင်း-မြန်မာ ပူးပေါင်းရိုက်ကူးသည့် From Bangkok to Mandalay ရုပ်ရှင်ဇာတ်ကားအား Cannes ရုပ်ရှင်ပွဲတော်၌ ဈေးကွက်မြှင့်တင်ရန် ဆောင်ရွက်ခဲ့ပြီး ထိုင်းနိုင်ငံတွင် အောက်တိုဘာလ စတင်ပြသမည်

ထိုင်း-မြန်မာ ပူးပေါင်းရိုက်ကူးသည့် From Bangkok to Mandalay ရုပ်ရှင်ဇာတ်ကားအား Cannes ရုပ်ရှင်ပွဲတော်၌ ဈေးကွက်မြှင့်တင်ရန် ဆောင်ရွက်ခဲ့ပြီး ထိုင်းနိုင်ငံတွင် အောက်တိုဘာလ စတင်ပြသမည်
Published 23 May 2016
လင်းလင်းခိုင်

ထိုင်း-မြန်မာ ပူးပေါင်းရိုက်ကူးထားသည့် From Bangkok to Mandalay ရုပ်ရှင်ဇာတ်ကားကို Cannes ရုပ်ရှင်ပွဲတော်၌ ဈေးကွက် မြှင့်တင်ရန် ဆောင်ရွက်ခဲ့ပြီး ထိုင်းနိုင်ငံတွင် အောက်တိုဘာလမှ စတင်ကာ ပြသရန် စီစဉ်ထားသည်ဟု သိရသည်။ ယင်းဇာတ်ကားမှာ ၁၉၆၀ ပြည့် နှစ်လွန်ကာလများနှင့် လက်ရှိခေတ်ကာလတို့ကို အပိုင်းခွဲ၍ ရိုက်ကူးထားခြင်းဖြစ်ပြီး သရုပ်ဆောင် အကယ်ဒမီနေတိုး၊ စိုင်းစိုင်းခမ်းလှိုင်၊ အကယ်ဒမီ ဝတ်မှုန်ရွှေရည်နှင့် ထိုင်းမင်းသမီး Namwhan Pilaiporn တို့ ပါဝင်ထားခြင်းဖြစ်သည်။ From Bangkok to Mandalay  ရုပ်ရှင်ဇာတ်ကားကို ထိုင်းဒါရိုက်တာမှ ရိုက်ကူးဖန်တီးထားခြင်းဖြစ်ပြီး ၂၀၁၅ ခုနှစ် အောက်တိုဘာလက မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင် ရိုက်ကူး ဖန်တီးထားခြင်းဖြစ်ပါသည်။“မြန်မာ-ထိုင်း နှစ်နိုင်ငံ ပူးပေါင်းရိုက်ကူးထားတဲ့ From Bangkok to Mandalay ဇာတ်ကားကို ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ပြုလုပ်ခဲ့တဲ့ Cannes ရုပ်ရှင်ပွဲတော်မှာ ဈေးကွက်မြှင့်တင်ရေးပိုင်း လုပ်ခဲ့တယ်လို့ ကြားသိရပါတယ်။ သေချာတော့မသိပါဘူး။ ဒီဇာတ်ကားရဲ့ ရုံတင်ပြသမှုနဲ့ ဈေးကွက်ပိုင်းဆိုင်ရာကို ထိုင်းဘက်က တာဝန်ယူထားတာဖြစ်လို့ပါ။ ထိုင်းမှာတော့ အခုနှစ်မှာပဲ ရုံတင်ပြသမှာဖြစ်ပြီး မြန်မာနိုင်ငံမှာတော့ ရုံတင် ပြသနိုင်ဖို့အတွက် ကြိုးပမ်းနေပါတယ်” ဟု ယင်းဇာတ်ကား၏ ထုတ်လုပ်မှုအပိုင်းတွင် ပါဝင်သူဖြစ်သည့် ဦးစူဝမ်းက ရှင်းပြသည်။From Bangkok to Mandalay ရုပ်ရှင်ဇာတ်ကားတွင် အဓိကသရုပ်ဆောင်တစ်ဦး အဖြစ်ပါဝင်ခဲ့သူ သရုပ်ဆောင်စိုင်းစိုင်းခမ်းလှိုင်ကလည်း “ကျွန်တော်တို့ ပါဝင်ထားတဲ့ From Bangkok to Mandalay ရုပ်ရှင်ဇာတ်ကားကို Cannes ရုပ်ရှင်ပွဲတော်မှာ ဈေးကွက် မြှင့်တင်ရေးအတွက် သွားပြီးဆောင်ရွက်တယ်လို့ သိရပါတယ်။ ဇာတ်ကားပြသလား မပြသလားတော့ သေချာမပြောတတ်ဘူး။ ထိုင်းမှာတော့ အောက်တိုဘာလမှာ ရုံတင် ပြသသွားမှာပါ။ မြန်မာနိုင်ငံမှာလည်း ပြသနိုင်ဖို့ ကြိုးစားလုပ်ဆောင်နေကြပါတယ်” ဟု ဆိုသည်။From Bangkok to Mandalay ရုပ်ရှင်ဇာတ်ကားမှာ ခေတ်ကာလနှစ်ခုကို ထည့်သွင်းရိုက်ကူးထားခြင်းဖြစ်ပြီး မြန်မာနှင့် ထိုင်းနှစ်နိုင်ငံ၏ လှပသည့်ရှုခင်းများ၊ အထူးသဖြင့် မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်နေရာ ဒေသများ၊ အနုပညာဖန်တီးမှု လက်ရာများကို ထည့်သွင်းရိုက်ကူးထားကာ မြန်မာ့ရိုးရာ ရုပ်သေးအနုပညာများကိုလည်း ယင်းဇာတ်ကားတွင် ထည့်သွင်းရိုက်ကူးထားကြောင်း သိရသည်။From Bangkok to Mandalay ရုပ်ရှင်ဇာတ်ကားတွင် သရုပ်ဆောင်အကယ်ဒမီနေတိုးနှင့် အကယ်ဒမီ ဝတ်မှုန်ရွှေရည်တို့မှာ ၁၉၆၀ ပြည့်လွန်ကာလများမှ ဇာတ်ကောင်များအဖြစ် ပါဝင်ထားကြပြီး သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်နှင့် ထိုင်းမင်းသမီးတို့မှာ လက်ရှိခေတ်ကာလမှ လူငယ်များအဖြစ် ပါဝင် သရုပ်ဆောင်ထားကြခြင်းဖြစ်ကာ အချစ် မေတ္တာဖွဲ့ ဇာတ်ကားတစ်ကားဖြစ်ကြောင်း သိရသည်။                              

Most Read

Most Recent