ရန်ကုန်

ရန်ကုန်
Published 22 May 2016
ကိုနေ(မန်း)

■ အနောက်နဲ့ ရန်ကုန်
သမိုင်းတစ်လျှောက်ကို လေ့လာလာကြည့်တဲ့အခါ အနောက်နိုင်ငံသားတွေ မြန်မာနိုင်ငံနဲ့ ရန်ကုန် သို့မဟုတ် ဒဂုံကို ဘယ်တုန်းက စတင်ပြီး ဘယ်လိုစွန့်စား ရှာဖွေတွေ့ရှိ ရောက်ရှိခဲ့ကြပါသလဲ။
မှတ်တမ်းများအရ အနောက်ဥရောပကနေ ပထမဆုံး မြန်မာ့မြေ လာရောက်ခဲ့တဲ့သူက အီတလီနိုင်ငံသား ဗင်းနစ်မြို့သား ကုန်သည် နီကိုလိုဒီကွန်တီဖြစ်ပြီး မြန်မာ့ကမ်းခြေကို ပင်လယ်ကူး ရွက်သင်္ဘောနဲ့ ဆိုက်ကပ်ရောက်ရှိခဲ့တာပါ။ ကွန်တီက တနင်္သာရီကမ်းရိုးတန်း၊ ရခိုင်ကမ်းမြောင်ဒေသ၊ ပဲခူး၊အင်းဝတို့သို့ အေဒီ ၁၄၃၅ ခုနှစ်မှာ ရောက်ခဲ့တာပါ။ ဒါပေမဲ့ ၁၅ ရာစုက ရောက်ခဲ့တဲ့ ကွန်တီရဲ့မှတ်တမ်းထဲက ပဲခူးအကြောင်းရေးရာမှာ ဒဂုံ သို့မဟုတ် ရန်ကုန်အကြောင်း တစ်စွန်းတစ်စမျှ မပါဘူး။
နောက်ထပ် စွန့်စားသွားလာသူ အီတာလျံကုန်သည် ဟီယာရိုနီမို ဒီဆန်တိုစတက်ဖနိုက အေဒီ ၁၄၉၆ မှာ ပဲခူးကို ရောက်လာတယ်။နောက် ကိုးနှစ်အကြာမှာ နောက်ထပ်အလားတူ အီတာလျံသား လူဒိုဗီကို ဒီဗာသီမာလည်း အဲဒီကိုရောက်လာတယ်။ ဒါပေမဲ့ သူတို့ရဲ့ အရှေ့တစ်လွှား ပင်လယ်ရေကြောင်း စွန့်စားခန်းကြီး မှတ်တမ်းမှာ ဒဂုံအကြောင်း ညွှန်းဆိုဖော်ပြထားခြင်း မရှိဘူး။ ဒါကိုကြည့်ရင် ထိုခေတ်က ဒဂုံဆိုတာဟာ ဘာသာရေး အထွတ်အမြတ်နေရာ ဖြစ်တာကလွဲလို့ ထူးထူးကဲကဲ သိပ်အရေးပါပုံ မရဘူး။ အထူးသဖြင့် ထိုခေတ်ဒဂုံဟာ ပင်လယ်ရပ်ခြား ကုန်စည်ကူးသန်းရောင်းဝယ်ရေးအတွက် သိပ်စိတ်ဝင်စားခြင်း မခံရဘူး။
၁၆ရာစုရဲ့ ဒုတိယဆယ်စုနှစ်များမှာတော့ ပေါ်တူဂီလူမျိုးတွေရောက် ရှိလာပြီး အောက်မြန်မာနိုင်ငံနဲ့ တရားဝင် ကူးလူးဆက်ဆံ ရောင်းဝယ်ဖောက်ကားမှုတွေ ရှိလာပြီ။ အောက်ဘက် မုတ္တမကွေ့ဒေသမှာ ပေါ်တူဂီတွေ စွန့်စားရောက်ရှိ ရောင်းဝယ် ဖောက်ကားပြီး အခြေချနေထိုင်မှုတွေ ရှိလာတယ်။
သို့တိုင် ပဲခူးဟာ ပင်လယ်ရေကြောင်း ကုန်သွယ်ရေးအတွက် အချက်အချာ မြို့တော်ကြီးပါ။ ပဲခူးဟာ ထိုခေတ်က အလွန်အရေးပါတဲ့ ဆိပ်ကမ်းမြို့ကြီး ဖြစ်ခဲ့တယ်။ ပဲခူးမြစ်ဟာ ဒီနေ့ခေတ်လို သန်လျင်ဒေသကို ဖြတ်သန်းစီးဆင်းပြီး ပင်လယ်ထဲသို့ စီးဝင်တာ မဟုတ်ဘူး။ ဆန့်ကျင်ဘက်အားဖြင့် မုတ္တမပင်လယ်ကွေ့ဘက်သို့ စီးဝင်တယ်။ ဒီအတိုင်း ၁၆ ရာစုနှောင်းပိုင်း ကာလမရွေ့လျောခင်အထိ မပြောင်းမလဲ တည်ရှိခဲ့တာ။ ပဲခူးကို ကုန်သည်တွေ ဝင်ထွက် သွားလာကြတာက ကုန်သွယ်ရေးအတွက်ပါ။အဲဒီတုန်းက ဒဂုံမပြောနဲ့ သန်လျင်တောင်မှ ကုန်စည် ကူးသန်းရောင်းဝယ်ရေးအတွက် အရေးမပါလှဘူး။ ဒဂုံပြည့်ရှင် ဓမ္မစေတီမင်းက ဖိတ်ကြားလို့ ရောက်ရှိခဲ့သူ ရဟန်းတွေရဲ့မှတ်တမ်းအရ အဲဒီတုန်းက ဒဂုံဆိုတာ ပင်လယ်ဆိပ်ကမ်းကြီး မဟုတ်ဘူး။ ပင်လယ်ဝကနေ အဲဒီကို လှေသင်္ဘောတွေနဲ့ ဆက်လက် ကူးသန်းရတယ်။
၁၆ ရာစု နှောင်းပိုင်းမှာတော့ ခရီးသွားတွေဟာ ရံဖန်ရံခါဆိုသလို ဒဂုံဆိုတာကို ရောက်ရှိ ညွှန်းဆိုလာကြပြီ။ ၁၅၆၃ က ရာမူဆီယိုရဲ့ ‘ ဒယ်လီနေဗီဂေးရှင်း အော့ဖ်ဗီယာဂျီ’မှတ်တမ်းမှာ ဒဂုံကိုဆိပ်ကမ်းအဖြစ်နဲ့ ညွှန်းဆိုထားတယ်။ ဒါပေမဲ့ ဒဂုံဆိုတာဟာ ပဲခူးနဲ့ အခြား ပိုမိုကြီးမားတဲ့ မြို့ကြီးတွေထံ သွားရောက်ဖို့ ကြားခံစခန်းတစ်ခု အဖြစ်ထက် မပိုသေးဘူး။ ဒဂုံကနေ ပဲခူးစတဲ့မြို့ကြီးတွေဆီ ရောက်ဖို့ တစ်နေ့နဲ့ တစ်ည ခရီးကွာဝေးတယ်လို့ မှတ်တမ်းတင်ထားတယ်။
ဒါပေမဲ့ ၁၅၈၃ မှာရောက်ရှိခဲ့သူ ဂက်စ်ပါရို ဘယ်လ်ဘီကတော့ ရှေးဟောင်းဒဂုံအကြောင်းကို ပထမဦးဆုံးအနေနဲ့ အသေးစိတ် ရေးသားမှတ်တမ်းတင်ခဲ့တယ်။ ၁၅၈၃ နိုဝင်ဘာနေ့စွဲနဲ့ သူမှတ်တမ်းတင်ခဲ့တာက သူဟာ ဒလမြို့တော်ကြီး (တွံတေး) ကို ရောက်ရှိခဲ့တယ်။ အဲဒီမှာဆင်တွေအပြည့်နဲ့ ဆင်ကျုံးဆင်စခန်းကြီး ၁၀ ခုရှိတယ်။ ဟံသာဝတီ နေပြည်တော် ပဲခူးဘုရင်ဧကရာဇ်ရဲ့ တပ်တော်အတွက် တောဆင်ရိုင်းတွေကို ဖမ်းဆီး သိမ်းသွင်း လေ့ကျင့်ပေးရာနေရာတဲ့။ နောက်တစ်နေ့မှာ တော့ သူဟာ အိပ်မက်မြို့ကလေး ဒဂုံသို့ ရောက်သွားခဲ့တယ်။ ဒဂုံဟာ တောတောင်တွေနဲ့ သပ်ရပ်လှပပြီး ဆိပ်ကမ်းရှိရာ အနောက်နဲ့ တောင်ဘက်ဆီ မျက်နှာမူထားတယ်။ တောင်ဘက်မှာ သန်လျင်ရှိပြီး ပင်လယ်ထွက်ပေါက်ပါလို့ ဖော်ပြခဲ့တယ်။
ဘယ်လ်ဘီနဲ့ တစ်ချိန်တည်း တစ်ခေတ်တည်းလိုလို ရောက်ခဲ့သူက ဗြိတိသျှလူမျိုး ရပ်ဖ်ဖစ်ချ်ပါ။ ‘‘ပဲခူးကနေ နှစ်ရက်ခရီး လောက်သွားအပြီးမှာ ဒဂုံကိုရောက်ကြောင်း၊ ဒဂုံတွင် ပဲခူးသားများ ကိုးကွယ်ဦးညွှတ်ရာ ရွှေတိဂုံကိုတွေ့ရကြောင်း၊ အောက်ခြေဖိနပ်တော်မှ အထွတ်အထိပ် ထီးတော်အထိ ရွှေရောင်တဝင်းဝင်းနှင့် ကုန်းတော်ပေါ်မှ ရွှေတောင်ကြီး ပေါက်သကဲ့သို့ဖြစ်ကြောင်း၊ ရွှေတိဂုံကုန်းအခြေတွင် ဘုရားဖူးများ နားနေစရာ ဇရပ်တန်ဆောင်း၊ ဘုန်းကြီးကျောင်းများ လည်းရှိကြောင်း၊ ပဲခူးနိုင်ငံတော် အဝှမ်းမှ ပြည်သူအများ လာရောက် ဖူးမျှော်ကြကြောင်း မှတ်တမ်း တင်ခဲ့ပါတော့တယ်။         
■ ခေတ်သစ်ဒဂုံ
ရှေးအခေါ်ဒဂုံ၊ ယခုအခေါ် ရန်ကုန်မြို့ဟာ ပင်လယ်ဝမှ ၂၁ မိုင်ခန့် ကွာဝေးပြီး ရန်ကုန်မြစ် (ခေါ်) လှိုင်မြစ်၊ ပုဇွန်တောင်ချောင်း၊ ပဲခူးချောင်းတို့ဆုံတွေ့ရာ သန်လျက်စွန်း သဏ္ဌာန် ကျွန်းဆွယ်ပေါ်မှာ တည်ရှိတာပါ။ ပြည်ထောင်စု မြန်မာနိုင်ငံရဲ့အကြီးဆုံးမြို့ စီးပွားရေမြို့တော်၊ အကြီးဆုံး ဆိပ်ကမ်းမြို့ကြီးလည်း ဖြစ်တယ်။
ရန်ကုန်မြို့ကြီးရဲ့ ကျက်သရေဆောင် ရွှေတိဂုံစေတီတော်တည်သောအခါက ယခု ရန်ကုန်တည်နေရာဟာ ဥက္ကလာပတိုင်းလို့ တွင်ခဲ့တယ်။ နောင် ၁၁ ရာစုနှစ်သို့ အရောက်မှ ဒဂုံဟုခေါ်ကြောင်း မွန်ရာဇဝင်ကဆိုတယ်။ အနော်ရထာစောရဲ့ ပုဂံပြည်ကြီး ကြက်ပျံမကျ စည်ကားနေစဉ်ကာလက ဒဂုံဆိုတာ မထင်မရှား တံငါရွာဘဝ၌သာ တည်ရှိခဲ့တာပါ။
ပင်းယခေတ်၊ အင်းဝခေတ်၊ တောင်ငူ၊ ညောင်ရမ်း၊ ခေတ်အဆက်ဆက်၊ ကုန်းဘောင်ခေတ်ဦးအထိ ဒဂုံဟာ ဘုရားဖူးစခန်းဘဝမှ မတက်ဘဲရှိခဲ့တယ်။ ကုန်းဘောင်ခေတ် ကုန်းဘောင်မင်းဆက်ကို တည်ဆောက်သူ အလောင်းဘုရားဟာ ဒဂုံအရပ်သို့ ၁၇၅၅ ခုနှစ်၊ မေလမှာ စစ်ရေးငင်ရင်း ရောက်ရှိခဲ့တယ်။ ထို့နောက် ၁၇၅၆ ခုနှစ်က ဒဂုံသစ်တပ်မြို့ကို တည်ပြီးလျှင် မင်းကြီးဟာ အောက်မြန်မာပြည်ကို သိမ်းသွင်းပြီးဖြစ်လို့ ‘‘ရန်အလုံး ကုန်သည်ကိုစွဲလျက် ရန်ကုန်မြို့ဟု သမုတ်ခဲ့လေသည်’’ လို့ မှတ်သားရပါတယ်။
အလောင်းဘုရားလက်ထက် ရန်ကုန်နယ်နိမိတ်ဟာ တောင်ဘက်ရန်ကုန်မြစ်၊ မြောက်ဘက် ဆူးလေစေတီတော်၊ အနောက်ဘက် ယခုအခါ လမ်း ၃၀ နေရာ၊ အရှေ့ဘက် ယခုအခါ သိမ်ဖြူလမ်းစသဖြင့် ပတ်ဝန်းမှာ ကျဉ်းကျဉ်းမျှရှိခဲ့လေရာ၊ ဆူးလေးစေတီတော်ပင်လျှင် သစ်တပ်မြို့ရိုးပြင်ဘက်မှာ ကျန်ရှိခဲ့ကြောင်း မှတ်သားရတယ်။
ရွှေတိဂုံစေတီတော်ကြီးမှာ မြို့ပြင်တော ခေါင်ခေါင်တွင် တည်ရှိလေရာ၊ ဘုရားဖူးများဟာ ကျားရှိတဲ့ တောလမ်းခရီးကို ခြေကျင်သွားခဲ့ကြရတယ်။ ထိုစဉ်အခါကပင် ကြည့်မြင်တိုင်၊ ပုဇွန်တောင်တို့က ရန်ကုန်သစ်တပ် နယ်နိမိတ်ပြင်ဘက်မှ  သီးသန့်ကြီးများအဖြစ် တည်ရှိနေခဲ့ကြပြီး ထိုကနဦး ရန်ကုန်မြို့ကို နှစ်မိုင်မျှ လျှောက်မိလျှင်ပင် တစ်ပတ်ပြည့်ပါတော့တယ်။
အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲအပြီးနောက် ၁၈၄၁-၁၈၄၂ ခုနှစ်များမှာ ကုန်းဘောင်ဆက်ဝင် သာယာဝတီဘုရင်ဟာ ရန်ကုန်မြို့ကို ရွှေတိဂုံစေတီအနီး ပြောင်းရွှေ့တည်ဆောက်ခဲ့တယ်။ ‘‘အောင်မြေအောင်နင်း’’ရယ်လို့ သမုတ်ပြီး ရှေးအခေါ်အတိုင်း ဥက္ကလာပလို့ ပြန်တွင်စေခဲ့ပေမယ့် သာယာဝတီမင်းရဲ့ ရန်ကုန်မြို့သက်ကလည်း ၁၀ နှစ်သာလျှင် ကြာရှည်ခဲ့တယ်။
အလောင်းဘုရားတည် ရန်ကုန်မြို့သည်ကား အနှစ်ကိုးဆယ်တိုင်တိုင် နဂိုရ်မူမပျက် တည်ရှိခဲ့ကာ သင်္ဘောဆိပ်သုံးခု ရှိပါတယ်။ ရန်ကုန်မြို့ဟာ အဲဒီအခါကစလို့ အဓိက ပင်လယ်သင်္ဘောဆိပ်မြို့ဖြစ်လာခဲ့လေရာ၊ မိုင်းသူ (ခေါ်) ဒလနဲ့ သန်လျင်တို့ဟာ  သင်္ဘောဆိပ် မြို့ကြီးများဘဝမှ လျောကျသွားခဲ့ကြလေတယ်။
ဦးအောင်ဇေယျတည် ရှေးရန်ကုန်မြို့ မှာ ၁၇၉၅ ခုနှစ်က လူဦးရေ ၃၀၀၀ ခန့်ရှိ ကြောင်း သိရပြီး အချို့မှတ်တမ်းများမှာလည်း တစ်သောင်းမျှသာ ဖော်ပြထားကြတယ်။ မြန်မာမင်းဆက ်တုံးချိန်မှ လွတ်လပ်ရေးမရမီစပ်ကြား၊ သူ့ကျွန်ဘ၀ အနှစ်ခြောက်ဆယ်ကျော်အတွင်း မြန်မာပြည်မြို့တော်ဘဝသို့ ပြောင်းလဲလာခဲ့တဲ့ ရန်ကုန်ဟာ ကမ္ဘာ့စံချိန်မီ မြို့ကြီး ဖြစ်လာခဲ့တယ်။ ယခုအခါ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊ သာကေတ၊လှိုင်သာယာ၊ ရွှေပြည်သာ၊ ရွှေပေါက်ကံ၊ ပုလဲ၊ မြို့သစ်များ အပါအဝင် ရန်ကုန်လူဦးရေ ခြောက်သန်းခန့် ရှိလာပါပြီ။ တံငါရွာသာသာ ဘဝမှစခဲ့သော ရန်ကုန်မြို့ကြီးဟာ ယခုအခါ ဆင်ခြေဖုံးရပ်ကွက်များ အပါအဝင် စတုရန်းမိုင် ၇၇ မိုင်မက များစွာ ပိုမို ကျယ်ဝန်းလာပါပြီ်။
ရန်ကုန်ဟာ ကမ္ဘာအဝှမ်းနဲ့ ပင်လယ်ကြောင်း၊ လေကြောင်းတို့နဲ့ နေ့စဉ်မပြတ် ဆက်သွယ်နေပါတယ်။ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှိတယ်။ ပင်လယ်ကူးသင်္ဘောကြီးများနဲ့ ဧရာဝတီ မြစ်ဝကျွန်းပေါ်သွား သင်္ဘောများ ဆိုက်ကပ်နိုင်သော သင်္ဘောဆိပ်ပေါင်း ၅၀ ကျော်ရှိတယ်။ ရန်ကုန်မြို့ဟာ ပြည်ဝင်ပြည်ထွက် တံခါးမကြီးဖြစ်သည်သာမက လေကြောင်း၊ မြစ်ကြောင်း၊ ပင်လယ်ကြောင်းများအပြင် မော်တော်ယာဉ်၊ မီးရထားလမ်းအရှိသော ကြည်းကြောင်းအားဖြင့်လည်း ပြည်ထောင်စုတစ်ဝန်းလုံးနဲ့ ဆက်သွယ်လျက်ရတယ်။ စင်စစ် ရန်ကုန်မြို့ကြီးကား မျက်မှောက်ကာလ ပြည်ထောင်စုတစ်နိုင်ငံလုံး၏ နှလုံးသည်းပွတ်ပမာပင် ဖြစ်ပါတယ်။
■ ရွှေတိဂုံစေတီ
ရန်ကုန်ကရွှေတိဂုံစေတီဟာ တစ်ကမ္ဘာလုံးမှ ဗုဒ္ဓဘာသာဝင်တို့ ကြည်ညိုရာဖြစ်ပြီး ရန်ကုန်မြို့ဆိပ်ကမ်းများ မြောက်ဘက် နှစ်မိုင်ခန့်အကွာ ပဲခူးရိုးမတောင်ရဲ့ တောင်ဘက်အစွန်ဆုံးအစွယ်ဖြစ်သော သိင်္ဂုတ္တရကုန်းလို့ အခေါ်များသည့် ကမ္ဗဂုတ္တကုန်းပေါ်မှာ မားမားမတ်မတ် ရွှေတောင်ကြီးပေါက်သကဲ့သို့ တည်ရှိတယ်။ ဘဒ္ဒကမ္ဘာ၌ ပွင့်တော်မူကြလေပြီးသော ကကုသန်ဘုရားရဲ့ တောင်ဝှေးတော်၊ ကောဏဂုံဘုရားရဲ့ ရေစစ်တော်၊ ကဿပဘုရားရဲ့ ရေသနုတ်တော်၊ ဂေါတမဘုရားရဲ့ ဆံတော်တည်းဟူသော ရှင်တော်ဘုရား လေးဆူတို့ရဲ့ ပရိဘောဂနဲ့ ဆံတော်များတို့ကို ဌာပနာရာဖြစ်လို့ ‘‘လေးဆူဓာတ်ပုံရွှေတိဂုံ’’ ဟု ဘွဲ့တော်သမုတ်ကြပြီး ရန်ကုန်မြို့ရဲ့ နှလုံးသည်းပွတ် ဖြစ်ပါတယ်။
ရွှေတိဂုံစေတီတော်ကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ ကျော်ဖြစ်တဲ့ မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ တပေါင်းလပြည့်နေ့တွင် ဥက္ကလာပမင်းကြီး တည်ထားကိုးကွယ်ခဲ့တယ်။ တည်စက ဉာဏ်တော် ၄၄ တောင် ၆၆ ပေမြင့်ပြီး မင်းဆက်ဆက် ပြုခဲ့သော ကောင်းမှုတော်များကြောင့် ယခုအခါစေတီတော်ကြီးရဲ့ ဉာဏ်တော်မှာ ၃၂၆ ပေရှိတယ်။ မွန်ဘုရင်ဗညားကျန်း လက်ထက် ၃၀၂ ပေအထိ မြှင့်တင်တည်ဆောက်ခဲ့ပြီး ဗညားကျန်း နှမတော် ရှင်စောပု ဘုရင်မကြီးလက်ထက် (ခရစ်နှစ် ၁၄၅၃-၇၂) စေတီတော်ကြီးကို ပြုပြင်မွမ်းမံရာ ယခုဖူးမြော်ကြရသော ပုံစံအတိုင်း ဖြစ်လာတယ်။ ၁၇၇၄ ခုနှစ်မှာ ဆင်ဖြူရှင်မင်း လက်ထက် ထပ်မံပြုပြင် တည်ဆောက်ရာ ဉာဏ်တော် ၃၂၆ ပေ အထိ မြင့်လာပါတယ်။

Most Read

Most Recent