အမျိုးသားတစ်ဦးကိုသတ်ပြီး အလောင်းကို ပီနန်အိတ်ဖြင့်ထုပ်၍ သင်္ဃန်းကျွန်းမြို့နယ် သံသုမာလမ်း စုပေါင်းကားမှတ်တိုင်အနီး၌ လာရောက်စွန့်ပစ်သူအား ဖမ်းဆီးထားပြီဖြစ်ကြောင်း မေ ၂၀ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ အဆင့်မြင့် အရာရှိကြီးတစ်ဦးထံမှ စုံစမ်းသိရှိရသည်။
ကျူးလွန်သူမှာ မင်္ဂလာတောင်ညွန့်မြို့နယ် (၁၁၈) လမ်းတွင် နေထိုင်သည့် အောင်သန်း (၂၆ နှစ်) ဆိုသူဖြစ်ပြီး ၎င်းသည်သေဆုံးသူ ဦးဇော်ဇော်နှင့် တစ်အိမ်တည်းနေသူဖြစ်ကြောင်း သိရသည်။
“သူတို့နှစ်ယောက်က ဆရာတပည့်တွေ ဖြစ်တယ်။ အဲဒီနေ့ညက နေအိမ်တိုက်ခန်းမှာ ထမင်းအတူစားကြရင်းနဲ့ စကားများကြတယ်။ အဲဒီလိုစကားများ ရန်ဖြစ်ရာက ဆရာလုပ်တဲ့သူက လက်သီးနဲ့ အရင်ထိုးတယ်လို့ သိရတယ်။ တပည့်ဖြစ်တဲ့ အောင်သန်းက ဓား၊ ကတ်ကြေးနဲ့ ခုတ်ထိုးသတ်တယ်လို့ ထွက်ဆိုတယ်။ ပြီးတော့ အလောင်းကို သေချာထုပ်ပြီး စုပေါင်းကားမှတ်တိုင်အနီးမှာ ကားနဲ့လာရောက် စွန့်ပစ်တာလို့ သိရတယ်။ လက်ရှိမှာတော့ အခြားပါဝင် ကျူးလွန်သူတွေ ရှိမရှိ ဆက်လက်စစ်ဆေးနေပါတယ်” ဟု အဆိုပါပုဂ္ဂိုလ်က ပြောကြားသည်။
ဖြစ်စဉ်မှာ မေ ၁၉ ရက်နံနက်ပိုင်းက သင်္ဃန်းကျွန်းမြို့နယ် သံသုမာလမ်းနှင့် ပျဉ်းမမြိုင်လမ်းထောင့် စုပေါင်းကားမှတ်တိုင်အနီးရှိ ကွမ်းယာဆိုင်တစ်ဆိုင်နှင့် ထမင်းကြော်ဆိုင်တစ်ဆိုင်ကြား၌ အမျိုးသားတစ်ဦး၏ အလောင်းအား ပီနန်အိတ်ဖြင့်ထုတ်ကာ လာရောက်စွန့်ပစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ အသတ်ခံရပြီး ပီနန်အိတ်ဖြင့်ထုပ်၍ စွန့်ပစ်ခံရသည့် အမျိုးသားမှာ အသက် ၄၀ ကျော်အရွယ်ခန့်ရှိပြီး အလောင်းတွင် အင်္ကျီမပါရှိဘဲ ပုဆိုးဝတ်လျက် ထိုးသွင်းဒဏ်ရာ၊ ပြတ်ရှဒဏ်ရာများ ရရှိပြီး သေဆုံးနေခြင်းဖြစ်ကြောင်း သိရသည်။
ယင်းနောက် အလောင်းအား ရဲတာဝန်ရှိသူများက စစ်ဆေးပြီး သေဆုံးသူ၏ ကိုယ်ရေးအချက်အလက်များအား စုံစမ်းရာ မင်္ဂလာတောင်ညွန့်မြို့နယ် (၁၁၈) လမ်း အမှတ် ၃၅၊ (၃) လွှာတွင် နေထိုင်သူ ဦးဇော်ဇော် (၃၆ နှစ်) ဆိုသူဖြစ်ကြောင်း သိရပြီး ၎င်းသည် ယခင်က သံတွဲမြို့၌ ဗလီဆရာ လုပ်ခဲ့ဖူးကြောင်း၊ ထို့နောက် ရန်ကုန်သို့ ရောက်ရှိလာကာ မှုတ်ဆေး၊ မန်းဆေးများ လုပ်ကိုင်သူဖြစ်ကြောင်းနှင့် မေ ၁၈ ရက်ညပိုင်းက ၎င်း၏အတူနေ တပည့်ဖြစ်သူနှင့် ဗလီအတူတက်ခဲ့သည်ဟု စစ်ဆေးတွေ့ရှိခဲ့ရကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်အား သုဝဏ္ဏနယ်မြေ ရဲစခန်းက ပြစ်မှုပုဒ်မ ၃၀၂/၂၀၁ ဖြင့်အမှုဖွင့်ကာ ကျူးလွန်သူအား ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရသည်။
အမျိုးသားတစ်ဦးအားသတ်ပြီး အလောင်းကို ပီနန်အိတ်ဖြင့်ထုပ်၍ သင်္ဃန်းကျွန်းမြို့နယ်အတွင်း စွန့်ပစ်ခဲ့သူကို ဖမ်းမိ