ကြည့်မြင်တိုင်မြို့နယ်တွင် ကျပ်သိန်း ၅၀ ခန့် အနုကြမ်းစီးခဲ့သည့် အမျိုးသားအား ဖမ်းဆီးနိုင်ရန် ပြစ်ချက်ဟောင်းရှိသူအချို့နှင့် အလားတူပုဒ်မဖြင့် အမှုရင်ဆိုင်ခဲ့ရသူ ၄၀ ကျော်ကို စစ်ဆေးလျက်ရှိပြီး အမှုနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့ဝင်များအား စစ်ဆေးနေသည် ဆိုခြင်းမှာ မမှန်ကန်ဟုဆို
ကြည့်မြင်တိုင်မြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် မြို့နယ်ကျန်းမာရေးမှူးတစ်ဦး၏ သမီးကို ဓားစာခံလုပ်၍ ကျပ်သိန်း ၅၀ ယူဆောင်သည့် အမျိုးသားအား ဖမ်းဆီးနိုင်ရန် ပြစ်ချက်ဟောင်းရှိသူအချို့ အပါအဝင် အလားတူ ပုဒ်မဖြင့် ရင်ဆိုင်ခဲ့ရသူ ၄၀ ကျော်ကို ရဲတပ်ဖွဲ့က စစ်ဆေးမေးမြန်းမှုများ ပြုလုပ်လျက်ရှိကြောင်း သတင်းရရှိသည်။
အဆိုပါ စစ်ဆေးမေးမြန်းမှု မတိုင်မီ အဝေးပြေးယာဉ်လိုင်းဂိတ်များနှင့် စစ်ဆေးရေး ဂိတ်များ၌လည်း ရဲတပ်ဖွဲ့မှ စစ်ဆေးမှုများ၊ ယခုနှစ်ဇန်နဝါရီလပိုင်းမှ ဧပြီလပိုင်းအတွင်း အကျဉ်းထောင်များမှ ပြစ်မှုဖြင့်ကျခံပြီးနောက် လွတ်မြောက်လာသူအချို့အား ကျူးလွန်သူ အမျိုးသား၏ ခဲပန်းချီပုံကြမ်း ပြသမေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း ကြည့်မြင်တိုင် မြို့မရဲစခန်းမှ သိရသည်။
“သံသယရှိသူတွေ၊ ပြစ်ချက်ဟောင်းရှိသူတွေရယ်မှ မဟုတ်ပါဘူး။ ဒီဖြစ်စဉ်နှင့် အလားသဏ္ဌန်တူတဲ့ ပုဒ်မမျိုးနဲ့ ရှိခဲ့တဲ့သူတွေကို ခေါ်ယူမေးမြန်း စစ်ဆေးတာမျိုးတွေ၊ တချို့လူမရှိတဲ့အခါ လိပ်စာပြောင်းတာမျိုးတွေ ရှိတဲ့သူတွေကျတော့လည်း ဘယ်နေရာပြောင်းသွားလဲ လိုက်စုံစမ်းတာမျိုးတွေ ပြုလုပ်နေတယ်။ ဒီလိုစစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်မှုက ခန့်မှန်းခြေ လူ ၄၀ ကျော်လောက်ကို ပြုလုပ်ပြီးပါပြီ။ တခြားစုံစမ်းရှာဖွေမှုတွေလည်း ပြုလုပ်နေပါတယ်” ဟု ကြည့်မြင်တိုင် မြို့မရဲစခန်းမှူး ဒုရဲမှူး ခင်မောင်ဆွေက မေ ၁၈ ရက်တွင် ပြောကြားသည်။
ထို့ပြင် အမှုနှင့်ပတ်သက်၍ အခင်းဖြစ်စဉ် သွားရောက်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်များအား စစ်ဆေးလျက်ရှိသည်ဟု The Voice Daily သတင်းစာ၏ ဖော်ပြချက်မှာ မှန်ကန်မှုမရှိဘဲ ရဲတပ်ဖွဲ့ဝင်များမှာ တရာခံအား ဖမ်းဆီးနိုင်ရေး စုံစမ်းရှာဖွေနေမှုသာရှိကြောင်း ကြည့်မြင်တိုင် မြို့မရဲစခန်းမှူး ဒုရဲမှူး ခင်မောင်ဆွေက ဆက်လက်ပြောကြားသည်။
ပြီးခဲ့သည့် ဧပြီ ၂၆ ရက်နံနက် ၉ နာရီခန့်တွင် ကြည့်မြင်တိုင်မြို့နယ် ကရင်အမျိုးသားရပ်ကွက် ဦးလူနီလမ်းနေ ဒဂုံမြို့နယ် ကျန်းမာရေးမှူးသည် မိသားစုနှင့်အတူ အပြင်မှနေအိမ်သို့ ပြန်လာကြောင်း၊ နေအိမ်အပေါ်ထပ်တွင် ရုန်းရင်းဆန်ခတ်ဖြစ်သံ ကြားသဖြင့် ကြည့်ရှုရာ သမီးအား အမျိုးသားတစ်ဦးက ချုပ်နှောင်ကာ လည်ပင်းကို ဓားဖြင့်ထောက်ထားသည်ကို တွေ့ရှိခဲ့ရပြီး အဆိုပါအမျိုးသားက ကျပ်သိန်း ၅၀ တောင်းယူခဲ့ကြောင်း၊ ထို့နောက် လှိုင်သာယာမြို့နယ်သို့ ကားဖြင့်လိုက်ပို့ခိုင်းခဲ့ကြောင်း သိရသည်။
အဆိုပါ အမျိုးသားက သမီးကိုဓားဖြင့် ဆက်လက်ထောက်၍ နေအိမ်အောက် ကားဂိုဒေါင်ထဲရှိ ကားရှေ့ခန်းတွင် တက်ထိုင်ကာ မြို့နယ်ကျန်းမာရေးမှူးအား ကားမောင်းခိုင်းခဲ့ကြောင်း၊ ဖခင်မှာ သမီး၏ အသက်အန္တရာယ်ကို စိုးရိမ်၍ ကားမောင်းလိုက်ပို့ခဲ့ရာ ကြည့်မြင်တိုင်မြို့နယ် ဟံသာဝတီ ဘူတာအနီးရှိ မီးပွိုင့်တစ်ခုတွင် မီးပွိုင့်မိနေစဉ် ထိုအမျိုးသားက ငွေထုပ်ကိုယူ၍ ဆင်းပြေးသွားခဲ့ကြောင်း ရဲမှုခင်းမှတ်တမ်းများအရ သိရသည်။
ကျူးလွန်သည့် အမျိုးသားမှာ အသက် (၂၅ နှစ်) ခန့်ရှိပြီး ခေါင်းတုံးဆံပင် မျက်နှာသွယ်ကာ အသားညို၍ တီရှပ်လက်တိုအနက် ဝတ်ဆင်ထားကြောင်း၊ ပြည်သူများအနေဖြင့် ကျူးလွန်သူအား တွေ့ရှိခဲ့ပါက ရဲတပ်ဖွဲ့ဝင်များထံ ဆက်သွယ်အသိပေးရန် အကူအညီ တောင်းခံထားကြောင်း သိရသည်။
ကြည့်မြင်တိုင်မြို့နယ်တွင် ကျပ်သိန်း ၅၀ ခန့် အနုကြမ်းစီးခဲ့သည့် အမျိုးသားအား ဖမ်းဆီးနိုင်ရန် ပြစ်ချက်ဟောင်းရှိသူအချို့နှင့် အလားတူပုဒ်မဖြင့် အမှုရင်ဆိုင်ခဲ့ရသူ ၄၀ ကျော်ကို စစ်ဆေးလျက်ရှိပြီး အမှုနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့ဝင်များအား စစ်ဆေးနေသည် ဆိုခြင်းမှာ မမှန