ရုပ်သေး အနုပညာ

ရုပ်သေး အနုပညာ
Published 18 May 2016
လင်းလင်းခိုင်

ရုပ်သေး အမြင့်သဘင်လို့ အမည်နာမပြု သတ်မှတ်ထားပြီး ခေတ်အဆက်ဆက် လက်ဆင့်ကမ်း သယ်ဆောင်ခဲ့တဲ့ အနုပညာ ဖန်တီးမှု တစ်ခုကတော့ ရုပ်သေး အနုပညာပဲ ဖြစ်ပါတယ်။ ကမ္ဘာ့ ရုပ်သေးသဘင်မှာ အကြမ်းအားဖြင့် လေးမျိုး ရှိတဲ့အနက် လက်သွင်းရုပ်သေး၊ ခြေလက်ခေါင်းခါးတို့မှာ ကြိုးများတပ်ပြီး ကပြရတဲ့ ကြိုးဆွဲရုပ်သေး၊ အရုပ်တွင်းကို တုတ်လျှိုသွင်းပြီး ခြေလက်တို့မှာ နန်းကြိုးငယ်၊ တုတ်ချောင်းငယ်တို့ တပ်ဆင်ကာ ဆွဲငင် လှုပ်ရှား ကပြရတဲ့ တုတ်ထိုး ရုပ်သေး၊ ကတ်ထူပြားကို ပြုလုပ်ထားတဲ့ အရုပ်ကို စင်နောက်ဘက်မှ မီးထိုးပေးကာ အရိပ်ကို လှုပ်ရှားပြရတဲ့ ရုပ်သေးတို့ပဲ ဖြစ်ပြီး မြန်မာ့ရိုးရာ ရုပ်သေးကတော့ ခြေလက် ခေါင်းခါးတို့မှာ ကြိုးတပ် ကပြ လှုပ်ရှားရတဲ့ ကြိုးဆွဲ ရုပ်သေးပဲ ဖြစ်ပါတယ်။ရုပ်သေး သဘင်ကို အီဂျစ်၊ ဂရိ၊ ရောမ စတဲ့ နိုင်ငံများမှာ ကမ္ဘာ့ ရှေးခေတ် ယဉ်ကျေးမှုများ ပေါ်ထွန်းခဲ့စဉ်ကပင် စတင်ပေါ်ထွန်း ဖန်တီးလာခဲ့ခြင်းဖြစ်ပြီး လူထုကို ဖျော်ဖြေရန်အတွက် ပွဲလမ်းသဘင် တစ်ခု အဖြစ်လည်း အဲဒီခေတ် အချိန်အခါ ကတည်းက သတ်မှတ်ခဲ့တယ်လို့ သိမှတ် ခဲ့ရဖူးပါတယ်။ မြန်မာ့ ရုပ်သေး သဘင်ကိုတော့ မြန်မာ သက္ကရာဇ် ၁၁၃၈ ခုနှစ်မှာ နန်းတက်တဲ့ ငစဉ့်ကူးမင်း လက်ထက် သဘင်ဝန် ရာထူးနဲ့ ဆောင်ရွက်ရတဲ့ ဦးသော်က စတင် ပုံဖော်ခဲ့တယ်လို့ စာပေများမှ တစ်ဆင့် လေ့လာ ဖတ်ရှုခဲ့ဖူးပါတယ်။မြန်မာ့ ရုပ်သေး ပညာရပ်မှာ ရှေးအခါကပင် တန်ဖိုး ကြီးမားသည့် အနုပညာ ဖန်တီးမှု တစ်ခုအဖြစ် အသိအမှတ်ပြု ဖော်ပြကြလေ့ရှိကာ ရုပ်သေးရုပ် ၂၈ ပါဝင်သည်ဟုလည်း ဖတ်မှတ် သိရှိခဲ့ရဖူးပြီး ထိုအရုပ် ၂၈ ရုပ်မှာ နတ်ကတော်ရုပ်၊ မြင်း၊ ဆင်၊ ကျား၊ ဆင်ထိန်း၊ ဘီလူးရုပ်၊ ဇော်ဂျီ၊ ဝန်ကြီး၊ မင်းသား၊ မင်းသမီး၊ ရှင်ဘုရင်၊ လူပြက် စတဲ့ အရုပ်တွေ ပါဝင်တယ်လို့ ဖတ်မှတ်ခဲ့ရပါတယ်။ ရုပ်သေးကြိုးဆွဲ ကပြသူ အနုပညာရှင် အများအပြားက ခေတ်အဆက်ဆက်မှာ ထင်ရှား အောင်မြင်ခဲ့သူတွေ ရှိခဲ့ပါတယ်။ ရုပ်သေး ပညာရှင်များရဲ့ ကြိုးဆွဲကပြမှု နည်းပညာ အဆက်ဆက်ကိုပင် မှီငြမ်းချဲ့ကားကာ မြန်မာ့ဇာတ်သဘင်တွင် ထည့်သွင်း အသုံးပြုရသည်များလည်း ရှိခဲ့ပြီး ရှေးမြန်မာ ရုပ်သေးသဘင်ရဲ့ အမွေအနှစ် ကကြိုး ကဟန်တွေကို မင်းသား မင်းသမီးတွေရဲ့ ကကြိုး ကကွက်တွေမှာ ထည့်သွင်း အသုံးပြုမှုများ ရှိနေဆဲလို့လည်း ဆိုရမှာ ဖြစ်ပါတယ်။ဒီလို အနုပညာ သမိုင်း အစဉ်အလာ ကြီးမားခဲ့တဲ့ ရုပ်သေး သဘင်က လက်ရှိမှာတော့ ခက်ခဲ ရုန်းကန်နေရတဲ့ အနေအထား တစ်ခုကို ရောက်ရှိနေတယ်လို့ ဆိုရင် ငြင်းနိုင်မှာ မဟုတ်ပါဘူး။ ထင်ရှား အောင်မြင်တဲ့ ရုပ်သေး ပညာရှင်တွေ ရှိနေကြပေမယ့် ရုပ်သေး ကပြ ဖျော်ဖြေမှုတွေကို ခမ်းခမ်းနားနား တင်ဆက်နိုင်တဲ့ အပိုင်းမှာတော့ အားနည်းချက်တွေ အများကြီး ရှိနေပါသေးတယ်။ နိုင်ငံတကာက ခရီးသွားတွေ အများအပြား လာရောက် လေ့လာကြတဲ့ အခါ မြန်မာ့ ရုပ်သေး အနုပညာကို စိတ်ဝင်စား လေ့လာလိုသူတွေ ပါဝင်လာကြပေမယ့် အများစုကတော့ ရုပ်သေးကပြ တင်ဆက်မှုကို တစ်နိုင်တစ်ပိုင် ဖွင့်လှစ်ထားတဲ့ ရုပ်သေးရုံတွေ၊ စားသောက်ဆိုင်တွေ၊ ဟိုတယ်တွေမှာ ထည့်သွင်း တင်ဆက်တဲ့ အနုပညာ ဖျော်ဖြေ တင်ဆက်မှုတွေမှာသာလျှင် ကြည့်ရှု ခံစားခွင့် ရကြပါတယ်။ နိုင်ငံတော်အဆင့် ရုပ်သေးရုံတွေ၊ အပတ်စဉ် တင်ဆက် ကပြတဲ့ ရုပ်သေးပွဲ အခမ်းအနားမျိုးတွေက မရှိသလောက် ရှားပါးနေခဲ့ပါတယ်။ ရုပ်သေး ကပြနိုင်တဲ့ ရုပ်သေးပညာရှင်က လက်ချိုးရေတွက်လို့ ရသလို ရုပ်သေးရုပ် ဖန်တီး ပုံဖော်နိုင်တဲ့ ပညာရှင်တွေလည်း နည်းပါးလို့ လာပါတယ်။ဒါတင် မကသေးပါဘူး။ မကြာသေးခင်ကပဲ ရန်ကုန်မြို့မှာ အာဆီယံနိုင်ငံများက ရုပ်သေး ပညာရှင်တွေ တက်ရောက်ခဲ့ကြတဲ့ Apex-Earth:Yangon 2016 အနုပညာ ပူးပေါင်း ဖလှယ်ပွဲကို ကျင်းပခဲ့ပါတယ်။ ဒီလို ကျင်းပခဲ့ရာမှာ အာဆီယံ ရုပ်သေး ပညာရှင်တွေ၊ စိတ်ပါဝင်စားသူတွေ စုပေါင်း ပြုလုပ်ကြတဲ့ ပွဲဖြစ်ပြီး မြန်မာနိုင်ငံက ပထမဆုံးအကြိမ် အိမ်ရှင်နိုင်ငံ အဖြစ် ပြုလုပ်ခဲ့တာပါ။ မကျင်းပခင် အချိန်မှာလည်း အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ များစွာနဲ့ ဒီအနုပညာ ဆွေးနွေးပွဲကို ကျင်းပခဲ့ရပေမယ့် တကယ်တမ်း ပွဲကျင်းပတဲ့ ရက်တွေမှာလည်း သွားရောက် လေ့လာ ကြည့်ရှုသူ၊ စိတ်ဝင်စား အားပေးသူ အရေအတွက်က သိသာစွာ နည်းပါးလွန်းနေပါတယ်။ရုပ်သေး အနုပညာကို နိုင်ငံတကာမှာတော့ အထူးသဖြင့် အာဆီယံနိုင်ငံတွေမှာ ဖျော်ဖြေရေး အနုပညာ တစ်ခုအပြင် ပညာ သင်ကြားရေး အထောက်အကူပြု အနုပညာ အဖြစ်ပါ အသိအမှတ်ပြု ဆောင်ရွက်နေကြပါတယ်။ ကလေးများနဲ့ နီးစပ်မှုရှိတဲ့ ရုပ်သေး အနုပညာက တစ်ဆင့် ကလေးများ ကျောင်းစာသင်ယူမှု လွယ်ကူအောင် ကြားခံ ဆောင်ရွက်နိုင်ပါတယ်လို့လည်း ဂျပန်နိုင်ငံက လာရောက်ခဲ့တဲ့ ရုပ်သေး ပညာရှင် တစ်ဦးက ပြောပြခဲ့ပါတယ်။ မြန်မာနိုင်ငံမှာတော့ အခြေခံပညာ ကျောင်းတွေမှာ ရုပ်သေး အခမဲ့ တင်ဆက်ခွင့် ရဖို့ အတွက်တောင် တော်တော်လေး ကြိုးပမ်းရတဲ့ အနေအထားမှာပဲ ရှိနေပါသေးတယ်လို့ ထွေးဦးမြန်မာ ရုပ်သေးအဖွဲ့က ဦးခင်မောင်ထွေးက ဆိုပါတယ်။ဒါ့အပြင် မြန်မာနိုင်ငံ တစ်ဝန်းမှာ ပြုလုပ်လေ့ရှိတဲ့ ဘုရားပွဲတွေ၊ ပျော်ပွဲရွှင်ပွဲတွေမှာ အရင်ကတော့ ရုပ်သေး အနုပညာ တင်ဆက်မှုတွေ ပါဝင်လေ့ ရှိပေမယ့် လက်ရှိ အချိန်မှာတော့ အဲဒီ အလေ့အထက ပျောက်ကွယ်လုနီးပါး ဖြစ်လာပြီး ကလေးငယ် အများစုက မြန်မာ့ ရုပ်သေးကို ရင်းနှီး ကျွမ်းဝင်မှုလည်း တော်တော်လေးကို နည်းပါးလာတယ်လို့ ဆိုနိုင်ပါတယ်။ ရိုးရာ အနုပညာ ဖန်တီးမှု တစ်ခုရဲ့ တဖြည်းဖြည်းချင်း ပျောက်ကွယ်လာနေမှုက ပိုမို သိသာလာတယ်လို့ ဆိုရမှာပါ။ရိုးရာ ရုပ်သေး အနုပညာကို ဖန်တီး တင်ဆက်နေသူတွေ အတွက် ပုံမှန် တင်ဆက်နိုင်မယ့် ရုပ်သေးရုံတွေ၊ အခွင့်အလမ်းတွေ အများကြီး ဖြစ်ပေါ်ဖို့ လိုအပ်နေသလို တန်ဖိုးထားလေးစား စိတ်ဝင်စားစရာ အနုပညာ ကဏ္ဍတစ်ခုအဖြစ် မြှင့်တင်ပေးဖို့လည်း အများကြီး လိုအပ်နေတယ်လို့ လက်ရှိ မြန်မာ့ရုပ်သေး အနုပညာရှင်တွေက သုံးသပ်ခဲ့ကြပါတယ်။ နိုင်ငံခြား သင်္ဘောကြီးတွေ ဆိုက်ကပ်ရာ ဆိပ်ခံဗောတံတားပေါ်၊ ဟိုတယ်နဲ့ စားသောက်ဆိုင်တွေရဲ့ ဖျော်ဖြေရေး အစီအစဉ်တွေပေါ်မှာ ပါဝင်ခွင့်ရတဲ့ အနေအထားကနေ နိုင်ငံခြားသား ခရီးသွားတွေ တကူးတက ဝင်ရောက်လေ့လာ ကြည့်ရှုရတဲ့ အခြေအနေ တစ်ခုအထိ ရောက်လာစေချင်တယ်လို့လည်း ဆိုကြပါသေးတယ်။ နိုင်ငံတကာ ရုပ်သေးအနုပညာ ပူးပေါင်း တင်ဆက်မှုတွေ၊ အနုပညာ ဖလှယ်မှုတွေမှာလည်း မြန်မာရုပ်သေး အနုပညာကို ပူးပေါင်းပါဝင်ဖို့ ဖိတ်ခေါ် ကမ်းလှမ်းမှုတွေ များပြားလာကြတဲ့အတွက် နိုင်ငံတကာ အနုပညာ စင်မြင့်ထက်မှာလည်း မြန်မာ့ ရုပ်သေးရဲ့ အခန်းကဏ္ဍ တစ်ရပ်က အခုထက် ပိုမို ပွင့်လင်းလာဖို့ လိုအပ်နေပါတယ်။ ဒီအတွက်လည်း သက်ဆိုင်ရာ အနုပညာ ဖန်တီးသူတွေရဲ့ အားထုတ်မှု လိုအပ်သလို ဝန်ကြီးဌာနအလိုက် အားပေး ကူညီ ပံ့ပိုးမှုလည်း လိုအပ်တယ်လို့ ဆိုရမှာပါ။ရှေးမြန်မာ ခေတ်အဆက်ဆက်ကပင် လက်ဆင့်ကမ်း လာခဲ့ရတဲ့ မြန်မာ့ရုပ်သေး အနုပညာရဲ့ အစဉ်အလာ သမိုင်းကြောင်းက လှပခဲ့ပေမယ့် လက်ရှိ အချိန်မှာတော့ အားနည်းချက်တွေ၊ ရုန်းကန်ရမှုတွေနဲ့အတူ မကြာခင် ပျောက်ကွယ်သွားနိုင်တဲ့ အလားအလာမျိုးတွေ မြင်တွေ့လာနေပါတယ်။ ဒီလို အခြေအနေမျိုးကနေ မြန်မာ ပရိသတ်တွေကလည်း တန်ဖိုးထား ချစ်ခင်ရပြီး မြန်မာနိုင်ငံကို လာရောက်လည်ပတ်သူတိုင်း မဖြစ်မနေ လေ့လာရမယ့် အနုပညာ ကဏ္ဍတစ်ရပ်အဖြစ် တန်ဖိုးထား မြှင့်တင်နိုင်မယ့် အနုပညာ ဖန်တီးမှုတစ်ခု ဖြစ်လာစေဖို့ အားလုံး ဝိုင်းဝန်း ဆောင်ရွက်ကြရမှာပါ။ ခက်ခဲ နက်နဲပြီး တန်ဖိုးထားစရာ ရုပ်သေး အနုပညာ ကဏ္ဍ ဆက်လက်တည်တံ့ ခိုင်မြဲနေဖို့က တစ်ဦး တစ်ယောက်ချင်းစီတိုင်းရဲ့ တန်ဖိုးထားမှု၊ လေးစားမြတ်နိုးမှုတွေနဲ့အတူ ပံ့ပိုး ကူညီမှုတွေနဲ့ ထိန်းသိမ်းသွားရမယ် ဆိုတာကို ရေးသားတင်ပြရင်း မြန်မာ့ရုပ်သေး အနုပညာများ အစဉ်တည်တံ့ နေပါစေလို့။