မြောက်ဥက္ကလာပမြို့နယ်တွင် အမျိုးသားတစ်ဦးက မိဘနှစ်ပါးနှင့် အမျိုးသမီးနှစ်ဦးအား ဓားဖြင့်ခုတ်မှု ဖြစ်ပွားပြီး ကျူးလွန်သူအား မူယစ်ဆေး သုံးစွဲထားခြင်းနှင့် ပုံမှန်စိတ် ဟုတ် မဟုတ် စစ်ဆေးနေ

မြောက်ဥက္ကလာပမြို့နယ်တွင် အမျိုးသားတစ်ဦးက မိဘနှစ်ပါးနှင့် အမျိုးသမီးနှစ်ဦးအား ဓားဖြင့်ခုတ်မှု ဖြစ်ပွားပြီး ကျူးလွန်သူအား မူယစ်ဆေး သုံးစွဲထားခြင်းနှင့် ပုံမှန်စိတ် ဟုတ် မဟုတ် စစ်ဆေးနေ
Published 17 May 2016
ကြည်နိုင်

မြောက်ဥက္ကလာပမြို့နယ် (စ) ရပ်ကွက်တွင် အမျိုးသားတစ်ဦးက မိဘနှစ်ပါးနှင့် အမျိုးသမီးနှစ်ဦးအား ဓားဖြင့်လိုက်လံခုတ်မှု မေ ၁၆ ရက် မွန်းလွဲ ၂ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ ကျူးလွန်ခဲ့သူမှာ အဆိုပါ ရပ်ကွက်နေ ဝေလျံ (၂၆) နှစ် ဆိုသူဖြစ်ကြောင်း သိရသည်။“ သူ့အဖေရယ်၊ အမေရယ်၊ အဲဒီနားက လူနှစ်ယောက်ဆိုရင် အားလုံးလေးယောက် ဒဏ်ရာရတယ်။ သူက မူးယစ်ဆေးဝါး သုံးထားခြင်း ရှိ၊ မရှိ မသိသေးဘူး။ ဆေးရုံကပဲ သိမယ်။ စိတ်ပုံမှန် ဟုတ်မဟုတ်ကလည်း ဆရာဝန်တွေ ပဲသိမယ်။ အခုလောလောဆယ်တော့ သူ့ကို ဆေးရုံပို့ထားတယ်။ စိတ်ဖြစ်တာဆိုရင် ဆရာဝန်၊ ကျွမ်းကျင်သူရဲ့ ထင်မြင်ချက်ရှိရမယ်။ ဘယ်ဆေးခန်းမှာ ပြထားလဲပေါ့။ အဲဒီ အထောက်အထား လိုပါတယ်။ ဆေးကုသမှု မှတ်တမ်းမရှိဘဲ အဲဒီလိုပြောလို့မရပါဘူး” ဟု မြောက်ဥက္ကလာပ မြို့မရဲစခန်းမှူး ဒုရဲမှူး လှဦးက ပြောကြားသည်။ကျူးလွန်သူသည် ၎င်း၏ အိမ်အနီးရှိ ဖိနပ်လုပ်ငန်းမှ ဓားကိုယူ၍ မိဘနှစ်ပါးအား ဓားဖြင့်ခုတ်ခဲ့ကြောင်း၊ ယင်းနောက် အခြားအိမ်ပေါ်သို့ တက်သွားကြောင်း၊ အဆိုပါအိမ်ပေါ်မှ အမျိုးသမီးတစ်ဦးဆင်း၍ ထွက်ပြေးသွားသည်ကို ကျူးလွန်သူက နောက်မှလိုက်၍ လမ်းသို့ရောက်သောအခါ ဓားဖြင့်ခုတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ နောက်ထပ် အမျိုးသမီးတစ်ဦးကိုလည်း ဓားဖြင့်ခုတ်ခဲ့သေးကြောင်း မြောက်ဥက္ကလာပ မြို့မရဲစခန်းမှ သတင်းရရှိသည်။ဓားဖြင့်တိုက်ခိုက်ခံရသူများမှာ အသက် ၁၈ နှစ် အရွယ်အမျိုးသမီးတစ်ဦး၊ အသက် ၅၀ အရွယ် အမျိုးသမီးနှင့် အသက် ၆၀ အရွယ် အမျိုးသမီး အပါအဝင် အသက် ၅၇ နှစ်ရှိ အမျိုးသားတစ်ဦးတို့ဖြစ်ပြီး ၎င်းတို့ လေးဦး အနက် အသက် ၁၈ နှစ်ရွယ် အမျိုးသမီးမှာ ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။“ဒဏ်ရာရတဲ့သူတွေထဲမှာ အခြေအနေ စိုးရိမ်ရတာ လမ်းပေါ်မှာ ဓားခုတ်ခံရတဲ့ ကလေးမလေး တစ်ယောက်ရှိတယ်။ အခု သူ့ (ကျူးလွန်သူ) ကို ဓားခုတ်မှုနဲ့ အိမ်ပေါ်တက်မှုအတွက် အမှု နှစ်ခု ဖွင့်ထားပါတယ်” ဟု မြောက်ဥက္ကလာပမြို့မရဲစခန်းမှူး ဒုရဲမှူးလှဦးက ပြောကြားသည်။ကျူးလွန်သူကို ဖမ်းဆီးရမိခဲ့ပြီး ၎င်းကိုပါ ဆေးကုသရန်အတွက် ဆေးရုံသို့ ပို့ဆောင်ထားကြောင်း၊ အမှုနှင့်ပတ်သက်ပြီး ကျူးလွန်သူအား အမှုဖွင့် အရေးယူ ဆောင်ရွက်နေကြောင်း သိရသည်။