သင်္ဃန်းကျွန်းမြို့နယ်တွင် ယာဉ်မတော်တဆတိုက်မှုကြောင့် ပင်လုံဆေးရုံနှင့် SSC ဆေးရုံပိုင်ရှင် သေဆုံး

သင်္ဃန်းကျွန်းမြို့နယ်တွင် ယာဉ်မတော်တဆတိုက်မှုကြောင့် ပင်လုံဆေးရုံနှင့် SSC ဆေးရုံပိုင်ရှင် သေဆုံး
Published 16 May 2016
မင်းသိန်းနိုင်၊ သန့်ဇင်ကျော်

သင်္ဃန်းကျွန်းမြို့နယ်တွင် ယာဉ်မတော်တဆ တိုက်မိမှုကြောင့် ပင်လုံဆေးရုံနှင့် SSC ဆေးရုံပိုင်ရှင် သေဆုံးသွားခဲ့ကြောင်း သက်ဆိုင်ရာဖြစ်စဉ်၏ အမှုစစ်ရဲ အရာရှိထံမှ မေ ၁၅ ရက်က သိရသည်။မေ ၁၄ ရက် ညနေ ၄ နာရီခွဲခန့်က သင်္ဃန်းကျွန်းမြို့နယ်၊ သံသုမာလမ်းအတိုင်း  ကြက်ဘဲဈေးဘက်သို့ ပင်လုံဆေးရုံနှင့်  SSC ဆေးရုံပိုင်ရှင်ဖြစ်သူ ဒေါက်တာဇော်ထွန်း (၅၄)နှစ် မောင်းနှင်လာသည့် AXIO အမျိုးအစားယာဉ်သည် အခြားWISH အမျိုးအစား ယာဉ်တစ်စီးနှင့် လားရာတူ ဘေးချင်း ယှဉ်လျက်မောင်းနှင်လာခဲ့ကြောင်း သိရသည်။        ယင်းသို့ မောင်းနှင်လာခဲ့ပြီး သုဝဏ္ဏ အခြေခံပညာ အထက်တန်းကျောင်းအနီး အရောက်တွင်WISH အမျိုးအစားယာဉ်မှာ ဘယ်ဘက်သို့ ရုတ်တရက်ချိုးကွေ့စဉ် ဒေါက်တာဇော်ထွန်း မောင်းနှင်လာသည့် AXIO အမျိုးအစားယာဉ်မှ ဝင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ယင်းသို့တိုက်မိမှုကြောင့် ဒေါက်တာ ဇော်ထွန်းမှာ ဝဲနံရိုးကျိုးဒဏ်ရာနှင့် အခြား ဒဏ်ရာများ ရရှိခဲ့ကြောင်း ယာဉ်အမှုစစ်ထံမှ စုံစမ်းသိရှိရပြီး ပင်လုံဆေးရုံတွင် ဆေးကုသမှုခံယူနေစဉ် ယင်းနေ့ ည ၁၂ နာရီခန့်တွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။“ လားရာတူ ဘေးချင်းယှဉ်ပြီး အရှိန်နဲ့ မောင်းနှင်လာရာကနေ WISH ယာဉ်က ဘယ်ဘက်ကို ရုတ်တရက် ကွေ့လိုက်တဲ့အချိန်မှာ ဒေါက်တာ စီးလာတဲ့ယာဉ်က ဝင်တိုက်မိတာ ဖြစ်ပါတယ်။ ဝဲနံရိုးကျိုးတဲ့ ဒဏ်ရာနဲ့ အခြားဒဏ်ရာတွေရတယ်။ အဲဒီဒဏ်ရာတွေ့နဲ့ပဲ ဆေးရုံမှာ သေဆုံးသွားတာ ဖြစ်ပါတယ်။  WISH ယာဉ်မောင်းကိုတော့ ဖမ်းဆီးရမိဖို့ ဆောင်ရွက်နေပါတယ် ” ဟု အဆိုပါဖြစ်စဉ်၏ အမှုစစ်ရဲအရာရှိတစ်ဦးက ပြောကြားသည်။အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍  SSC ဆေးရုံသို့ ဆက်သွယ်မေးမြန်းရာ“ ဆေးရုံပိုင်ရှင် ဒေါက်တာ ယာဉ်တိုက်မှုဖြစ်ပြီး ဆုံးသွားတာလည်း မှန်ပါတယ်။ ပင်လုံဆေးရုံကို ပိုင်တယ်ဆိုတာလည်း မှန်ပါတယ် ”ဟု ပြန်လည် ဖြေကြားခဲ့သည်။အဆိုပါဖြစ်စဉ်မှ ထွက်ပြေးသွားသည့် ယာဉ်မောင်းအား သုဝဏ္ဏနယ်မြေရဲစခန်းမှ အမှုဖွင့်ကာ ဖမ်းဆီးရမိရေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။