ရှမ်းပြည်နယ် မြောက်ပိုင်း ဒေသများတွင် ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA) နှင့် တအာင်း လက်နက်ကိုင်အဖွဲ့ (PSLF/TNLA) တို့အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားလာခြင်းက ဒေါ်အောင်ဆန်းစုကြည် ပြောကြားထားသည့် ၂၁ ရာစု ငြိမ်းချမ်းရေး ညီလာခံအား ထိခိုက်လာမည်ကို စိတ်ပူသည်ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ပါတီ အထွေထွေ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြောကြားသည်။မေ ၁ ရက်မှ စတင်၍ နေ့စဉ် တိုက်ပွဲများ ဖြစ်ပွားနေသည့် RCSS နှင့် TNLA တို့၏ တိုက်ပွဲဖြစ်စဉ်မှာ သာမန် ထိတွေ့မှု ပုံစံမျိုး မဟုတ်ဘဲ ထိုးစစ် ပုံစံဖြင့် ဖြစ်ပွားနေခြင်းဖြစ်ကြောင်း၊ တိုက်ပွဲများကြောင့် လူထုမှာ နစ်နာမှုများ ရှိနေရာ သီပေါ၊ ကျောက်မဲနှင့် နမ့်ခမ်းမြို့များတွင် စစ်ဘေး ဒုက္ခသည်များ ရောက်ရှိနေသည်ဟု ၎င်းက ဆိုသည်။ဦးစိုင်းညွန့်လွင်က “အမှန်ကတော့ TNLA နာမည်နဲ့ တိုက်နေတယ်။ ဒါပေမဲ့ တော်တော်များများ သတင်းထွက်နေတာက TNLA တစ်ခုတည်း မဟုတ်လောက်ဘူးလို့ တွက်ကြတာပေါ့။ ဘာဖြစ်လို့လဲဆိုရင် ချက်ချင်း အင်အားကြီးက အများကြီး ဖြစ်သွားတာ။ အကုန်လုံးက အချင်းချင်း သိနေကြတာကိုး။ အင်အားကြီးက အများကြီး ဖြစ်တယ်ဆိုတော့ အခြား အဖွဲ့အစည်းတွေ ပါဝင် ပတ်သက်တယ်လို့ ယူဆထားတာတွေ ရှိတယ်။ တိတိကျကျတော့ ကျွန်တော်တို့ မသိဘူး။ ဒါပေမဲ့ ဖြစ်နိုင်တဲ့ အလားအလာ ရှိတယ်။ ဘာဖြစ်လို့လဲဆိုရင် ချက်ချင်းကြီး အများကြီး ဖြစ်လာတာလေ။ ဘာမှ မလိုဘူး သူက ယူနီဖောင်း လဲလိုက်ရုံပဲလေ” ဟု ပြောကြားသည်။ဆက်လက်၍ ဦးစိုင်းညွန့်လွင်က “ကျွန်တော်တို့ စိတ်ပူတာက ငြိမ်းချမ်းရေး ညီလာခံကို လာထိခိုက်မှာကိုပါ။ စိတ်ပူတယ် ဆိုတာက အစိုးရဘက်က နေပြီးတော့ ချင်းမိုင်မှာ အလွတ်သဘော တွေ့ဖို့ သွားမယ့် ဗိုလ်ချုပ်ကြီးဟောင်းတွေ စီစဉ်ထားပြီးသားကို မတွေ့နိုင်ဘူးဆိုပြီး တံဆိပ်ကြီးတွေနဲ့ ငြင်းထည့်လိုက်တာတွေ ဖြစ်ပေါ်လာတယ်။ အခု TNLA ရယ်၊ AA ရယ်၊ ကိုးကန့်ရယ်ပေါ့ တံဆိပ်ရိုက်ပြီး မတွေ့နိုင်တော့ဘူး မတွေ့ဘူးဆိုပြီး ပြောတော့ တော်တော်လေး ကသိကအောက် ဖြစ်တယ်။ ဒီဘက်အခြမ်းက။ အဲဒီ နောက်ပိုင်းမှာ တိုက်ပွဲတွေ မြောက်ပိုင်းမှာ အကြီးအကျယ် ပြန်ဖြစ်လာတယ်။ အဲဒီ အချက်နှစ်ချက်ကို စဉ်းစားတော့ ကျွန်တော်တို့က ၂၁ ရာစု ညီလာခံကို လာပြီးတော့ ထိခိုက်မလားဆိုတာ အဲဒါကို အကျိုးသက်ရောက် မလားပေါ့” ဟု ပြောကြားသည်။ဒေါ်အောင်ဆန်းစုကြည် ပြောကြားထားသည့် ၂၁ ရာစု ပင်လုံ ညီလာခံအတွက် အထောက်အကူ ဖြစ်စေရန်နှင့် အဆင်သင့် ဖြစ်စေရေးအတွက် ပြင်ဆင်မှုများကို ယခု လကုန်ပိုင်းတွင် ရှမ်းပြည်နယ် အတွင်းရှိ နိုင်ငံရေး ပါတီများနှင့် ပူးပေါင်း လုပ်ဆောင်နိုင်ရေး ဆောင်ရွက်နေသည်ဟု ဦးစိုင်းညွန့်လွင်က ဆိုသည်။၎င်းက “၂၁ ရာစု ငြိမ်းချမ်းရေး ညီလာခံမှာ ကျွန်တော်တို့ ဘယ်လို ပါဝင် ပတ်သက်မလဲ ဘယ်လို အထောက်အကူ ပြုနိုင်မလဲ ဘယ်လို ပူးပေါင်း ဆောင်ရွက်နိုင်မလဲ အဲဒါ ညှိမှာ။ ပါတီ တစ်ခုချင်းစီ ဆင်းလာတာထက် စာရင် ရှမ်းပြည် တစ်ခုလုံးမှာ ကျွန်တော်တို့ ကြိုညှိထားမယ် ဆိုရင် ပိုကောင်းမယ်လို့ အဲဒီလို ထင်တယ်လေ” ဟု ပြောကြားသည်။NCA လက်မှတ်ထိုးထားသည့် RCSS နှင့် NCA မထိုးရသေးသည့် TNLA တို့အကြား တိုက်ပွဲ ဖြစ်စဉ်သည် NCA ထိုးခြင်း၊ မထိုးခြင်းနှင့် မသက်ဆိုင်ကြောင်း၊ နယ်မြေ အငြင်းပွားမှုကြောင့်သာ ဖြစ်ကြောင်း PNLO နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆိုသည်။
ရှမ်းပြည်နယ် မြောက်ပိုင်းတွင် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားလာခြင်းက ၂၁ ရာစု ငြိမ်းချမ်းရေး ညီလာခံအား ထိခိုက်လာမည်ကို စိတ်ပူဟု SNLD အထွေထွေ အတွင်းရေးမှူး ပြောကြား















