ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) နှင့် တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA) တို့အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားမှုအပေါ် ကြားဝင်ညှိနှိုင်း ဆောင်ရွက်ပေးလိုသည့် အဖွဲ့အစည်းများဖြစ်သော ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)၊ ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA) နှင့် မိုင်းလားအဖွဲ့ (NDAA) တို့ထံသို့ အကြောင်းကြားစာ ထပ်မံ ပေးပို့သွားမည်ဟု RCSS ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းလက မေ ၂ ရက်တွင် ပြောကြားသည်။တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် ထိုးထားသည့် RCSS နှင့် NCA မထိုးရသေးသည့် TNLA တို့အကြား မေ ၁ ရက်က ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံမြို့နယ်နှင့် နမ့်ခမ်းမြို့နယ်တို့တွင် တိုက်ပွဲ သုံးကြိမ် ဖြစ်ပွားခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေး ဌာနက မေ ၁ ရက် ညပိုင်းတွင် သတင်း ထုတ်ပြန်ခဲ့သည်။RCSS/SSA တပ်ဖွဲ့သည် NCA လက်မှတ်ထိုးပြီး နောက်ပိုင်း TNLA လှုပ်ရှားနယ်မြေ အတွင်းသို့ နယ်မြေကျူးကျော် ဝင်ရောက်လာရာ ၂၀၁၅ ခုနှစ် နိုဝင်ဘာ တတိယပတ်တွင် TNLA နှင့် စတင် တိုက်ပွဲဖြစ်ပွားကာ ဖေဖော်ဝါရီလတွင် တိုက်ပွဲ ပိုမို ပြင်းထန်ခဲ့ကြောင်း၊ TNLA အနေဖြင့် မတ်လနှင့် ဧပြီလ အတွင်းတွင် ဒေသခံ ပြည်သူများ၏ စားဝတ်နေရေးအတွက် အားထားရသော လက်ဖက်ခူး ရာသီတွင် တိုက်ပွဲဖြစ်ပွားမှု မရှိစေရေး ရှောင်ရှားခဲ့ရာ RCSS/SSA အနေဖြင့် နယ်မြေပိုမို တိုးချဲ့လှုပ်ရှားလာခြင်း၊ အခိုင်အမာ တပ်စခန်း တည်ဆောက်လာခြင်း ပြုလုပ်လာသဖြင့် တိုက်ပွဲပြန်လည် ဖြစ်ပွားရခြင်းဖြစ်ကြောင်း TNLA ဘက်က သတင်း ထုတ်ပြန်ခဲ့သည်။အလားတူ RCSS အဖွဲ့ကလည်း တိုက်ပွဲ ပြန်လည်ဖြစ်ပွားမှုနှင့် ပတ်သက်၍ မေ ၁ ရက်တွင် RCSS တပ်ဖွဲ့များအား TNLA မှ စစ်ကြောင်း နှစ်ကြောင်းဖြင့် ထပ်မံ တိုက်ခိုက်လာကြောင်း၊ နှစ်ဖက်အကြားမှ ပဋိပက္ခများအား ငြိမ်းချမ်းစွာဖြင့် ညှိနှိုင်းဆွေးနွေး အဖြေရှာရန် မျှော်လင့်ပြီး တွေ့ဆုံဆွေးနွေးရေးအတွက် အကျိုး ဆောင်ရွက်ပေးလိုသည့် UNFC၊ UWSP/UWSA တို့ထံ တွေ့ဆုံ ဆွေးနွေးရေးအတွက် အကြောင်းကြားစာ ပေးပို့ထားပြီးဖြစ်ကြောင်း၊ မေ ၁ ရက်တွင် TNLA မှ စတင် တိုက်ခိုက်လာခြင်းမှာ ငြိမ်းချမ်းသည့်နည်းဖြင့် ညှိနှိုင်း အဖြေရှာလိုသည့် ဆန္ဒ မရှိသည်ကို မြင်သာနိုင်ကြောင်း ထုတ်ပြန်ခဲ့သည်။RCSS ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းလက “တိုက်ပွဲ မဖြစ်အောင် ကျွန်တော်တို့ နှစ်ဦးနှစ်ဖက် တွေ့ဆုံဆွေးနွေးဖို့ လိုအပ်ပါတယ် ဆိုပြီးတော့ ကျွန်တော်တို့ ပြောပြီးသားပါ။ ကြားကနေ ဝင်ပြီးတော့ စေ့စပ်ညှိနှိုင်း ဆောင်ရွက်ပေးမယ့် UNFC လိုမျိုး၊ UWSA၊ NDAA လိုမျိုး အဖွဲ့အစည်းတွေကို ကျွန်တော်တို့က ကူညီဆောင်ရွက်ပေးကြပါ။ ကျွန်တော်တို့ နှစ်ဦးနှစ်ဖက် အမြန်တွေ့ဆုံပြီးတော့ ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ နိုင်ငံရေး နည်းလမ်းနဲ့ စားပွဲဝိုင်းမှာ တွေ့ဆုံဆွေးနွေးပြီးတော့ ဖြစ်ပျက်နေတဲ့ ပဋိပက္ခတွေကို ချုပ်ငြိမ်းအောင် အဖြေရှာကြဖို့ ကျွန်တော်တို့ ပြောထားတာ ရှိပါတယ်။ UNFC ကလည်း ဧပြီလကုန်မှာ သူတို့က ဒီကိစ္စကို ပြောနိုင်မှာ ဖြစ်တယ်လို့ ကျွန်တော်တို့ကို အဲဒီလောက်ပဲ အကြောင်းပြန်ကြား ထားပါတယ်။ သို့ပေမဲ့လည်း ဧပြီလကုန်တာနဲ့ ဒီ မေ ၁ ရက်မှာပဲ တစ်ခါတည်း စပြီးတော့ ကျွန်တော်တို့ကို TNLA က လာတိုက်တော့ ကျွန်တော်တို့ကလည်း ဒီကိစ္စ ပြေလည်အောင် ဘယ်လို ဆောင်ရွက်ကြမလဲ ဆိုတာ အခု UNFC နဲ့အတူ UWSA တို့ NDAA တို့ ကြားဝင် ဖျန်ဖြေ စေ့စပ် ဆွေးနွေးပေးကြမယ့် အဖွဲ့အစည်းတွေကို ကျွန်တော်တို့က အကြောင်းကြားစာတွေ ပို့မယ်။ နောက်ပြီးတော့ အကူအညီတွေ ထပ်တောင်းဆိုသွားမယ်” ဟု ပြောကြားသည်။အကြောင်းကြားစာများ ပေးပို့ရခြင်းနှင့် ပတ်သက်၍ ဗိုလ်မှူးကြီး စိုင်းလက “သူတို့က ပန်ဆန်း နောက်ဆုံး အစည်းအဝေး ပြီးသွားတဲ့နောက်ပိုင်း ထုတ်ပြန်ကြေညာချက်တွေ ထုတ်ပြန်လာတော့ ကျွန်တော်တို့ကလည်း သူတို့ရဲ့ ထုတ်ပြန်ကြေညာချက်ကို အခြေခံပြီးတော့ တိုက်ပွဲတွေ ရပ်တန့်နိုင်ဖို့အတွက် သူတို့ကို အကြောင်းကြားထားပေးတာပေါ့” ဟု ဆိုသည်။RCSS နှင့် TNLA တို့အကြား ဖြစ်ပွားနေသည့် ပဋိပက္ခနှင့် ပတ်သက်၍ မတ်လက ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေး ပါတီ (UWSP/UWSA) ဌာနချုပ် ပန်ဆန်းတွင် ပြုလုပ်ခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့၏ အစည်းအဝေးတွင် ဆွေးနွေးခဲ့ပြီး အစည်းအဝေး အပြီးတွင် RCSS နှင့် TNLA တို့ အနေဖြင့် နှစ်ဦးနှစ်ဖက် ချက်ချင်း အပစ်အခတ် ရပ်စဲကာ ညှိနှိုင်းဆွေးနွေးသည့် နည်းလမ်းဖြင့် ပြဿနာများကို ဖြေရှင်းသွားရန် တိုက်တွန်းခဲ့ပြီး အကယ်၍ တစ်ဖက်က ပဋိပက္ခဖြစ်အောင် ဆက်လက်ဆောင်ရွက်နေပါက တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ ပူးပေါင်း၍ တားဆီး ကာကွယ်သွားမည်ဖြစ်ကြောင်း သဘောတူခဲ့သည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။၂၀၁၅ ခုနှစ် နိုဝင်ဘာ ၂၇ ရက်က စတင်ခဲ့သည့် RCSS နှင့် TNLA တို့၏ တိုက်ပွဲများကြောင့် နှစ်ဖက်တပ်သားများ ထိခိုက်သေဆုံးမှုများ ရှိခဲ့သည့်အပြင် ဒေသခံ ပြည်သူ ထောင်ချီ၍ စစ်ဘေးဒုက္ခ ကြုံတွေ့ခဲ့ကြရသည်။RCSS နှင့် TNLA အဖွဲ့တို့သည် တိုက်ပွဲ စတင်ဖြစ်ပွားချိန်မှ လက်ရှိအချိန်အထိ ပဋိပက္ခများ ပြေလည်မှု ရရှိရေးအတွက် နှစ်ဖွဲ့ တိုက်ရိုက်တွေ့ဆုံ ဆွေးနွေး ညှိနှိုင်းခြင်းမျိုး မပြုလုပ်နိုင်သေးပေ။ သို့ရာတွင် TNLA အပါအဝင် NCA မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကိုးဖွဲ့ဖြင့် ဖွဲ့စည်းထားသော ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အနေဖြင့် RCSS နှင့် TNLA တို့အကြား ပြေလည်မှု ရရှိရေး ကြားဝင်ညှိနှိုင်းလျက် ရှိသည်။
RCSS နှင့် TNLA တို့အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားမှုအပေါ် ကြားဝင် ညှိနှိုင်းပေးလိုသည့် UNFC၊ ‘ဝ’ နှင့် မိုင်းလားတို့ထံ အကြောင်းကြားစာ ထပ်မံ ပေးပို့မည်ဟု RCSS တာဝန်ရှိသူ ပြောကြား















