လွှတ်တော်၌ မေးခွန်းနှင့် အဖြေများကို တိုတိုနှင့် လိုရင်း ထိထိမိမိ မေးမြန်းခြင်း၊ ဖြေကြားခြင်းတို့ ဖြစ်စေလိုကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က သတိပေးခဲ့သည်။လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က နေပြည်တော်တွင် မေ ၂ ရက်က ပြန်လည်ပြုလုပ်သည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပုံမှန် အစည်းအဝေးတွင် ကိုယ်စားလှယ်များအား အထက်ပါကဲ့သို့ သတိပေးခဲ့ခြင်း ဖြစ်သည်။“လွှတ်တော်ဥက္ကဋ္ဌ အနေနဲ့ လွှတ်တော် ကိုယ်စားလှယ်များအား အသိပေးချင်တာ ရှိပါတယ်။ လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် မေးခွန်းနဲ့ အဖြေများကို တိုတိုနဲ့ လိုရင်း ထိထိမိမိ မေးမြန်းခြင်း၊ ဖြေကြားခြင်း ဖြစ်စေလိုပါတယ်။ ကော်မတီများ အနေနဲ့လည်း ဥပဒေကြမ်း တင်သွင်းမယ်ဆိုရင် တင်သွင်းမယ့် ပုဂ္ဂိုလ်၊ ရှင်းလင်းမယ့် ကိုယ်စားလှယ် စသည်တို့ကို ကြိုတင်ညှိနှိုင်း စီစဉ်ထားစေလိုပါတယ်။ ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ တက်ရောက်နေရတဲ့ ကိုယ်စားလှယ်များ အားလုံးဟာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်ကြတဲ့အတွက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များဟု ခေါ်ဝေါ် သုံးစွဲမှုက ပိုမို သင့်တော်မည်ဖြစ်ကြောင်းနဲ့ ပိုမိုပြည့်စုံမှု ရှိမည်ဖြစ်ကြောင်း လွှတ်တော်သို့ အသိပေးခြင်း ဖြစ်ပါတယ်” ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောကြားသည်။မေ ၂ ရက်က ပြန်လည် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မော်လိုက် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ချိုချိုဝင်းက “ရေအရင်းအမြစ်နှင့် မြစ်ကြောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန (ရုံးချုပ်) အနေဖြင့် မော်လိုက်မြို့ ဆိပ်ကမ်းမြေထိန်း နံရံအား ၂၀၁၆ မြစ်ရေ မတက်မီ အမြန်ဆုံး ဆောင်ရွက်ရန် အစီအစဉ် ရှိ မရှိ” မေးခွန်း၊ ပခုက္ကူ မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးပိုက်ကိုက “ဆက်သွယ်ရေး ကွန်ရက်များကို တိုးချဲ့ ပြုလုပ်လျက် ရှိရာ ရပ်ကွက်အတွင်း/ကျေးရွာ အနီးအပါး တာဝါတိုင်များ တည်ဆောက်ခြင်းသည် မည်မျှအကျိုးရှိသည် ကျန်းမာရေးနှင့် ဘေးအန္တရာယ် ရှိ မရှိကို ပြည်သူအများ ရှင်းလင်းစွာ သိရှိအောင် မြန်မာ့အသံနှင့် အခြား မီဒီယာမှ ပညာပေး ရှင်းလင်းရန် အစီအစဉ် ရှိ မရှိ” မေးခွန်းနှင့် ကျောက်ဖြူ မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန်က “စစ်တွေမြို့မှ တောင်ပိုင်းခရိုင်များရှိ မြို့နယ်အသီးသီးသို့ ပို့ဆောင်သွားလာခဲ့သည့် ရေကြောင်းပို့ဆောင်ရေး ဌာနပိုင် သင်္ဘောခရီးစဉ်များကို လက်ရှိ အစိုးရ လက်ထက်၌ ပြန်လည် စီစဉ်ပေးပါမည်လား၊ စီစဉ် မဆောင်ရွက်နိုင်ပါက မည်သည့် အတွက်ကြောင့်ကို သိရှိလိုခြင်း” မေးခွန်းများကို မေးမြန်းခဲ့ကြပြီး ယင်းမေးခွန်းများနှင့် ပတ်သက်၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ပြန်လည်ဖြေကြားသည်။ထို့နောက် ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီက နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းကို တင်သွင်းခဲ့သည်။
လွှတ်တော်၌ မေးခွန်းနှင့် အဖြေများကို တိုတိုနှင့် လိုရင်း ထိထိမိမိ မေးမြန်းခြင်း၊ ဖြေကြားခြင်း ဖြစ်စေလိုကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သတိပေး















