ရှစ်လေးလုံး အရေးတော်ပုံတွင် ကျဆုံး၊ ပျောက်ဆုံးသည့် ပြည်သူများ စာရင်းကို သမိုင်းမှတ်တမ်း တင်နိုင်ရန် နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ စာရင်း ကောက်ယူနေ

ရှစ်လေးလုံး အရေးတော်ပုံတွင် ကျဆုံး၊ ပျောက်ဆုံးသည့် ပြည်သူများ စာရင်းကို သမိုင်းမှတ်တမ်း တင်နိုင်ရန် နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ စာရင်း ကောက်ယူနေ
Published 1 May 2016

ရှစ်လေးလုံး အရေးတော်ပုံတွင် ကျဆုံး၊ ပျောက်ဆုံးသွားသည့် ပြည်သူများ စာရင်းမှတ်တမ်းတင်နိုင်ရန် အတွက် နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ (FPPS) က စာရင်းကောက်ယူလျက် ရှိကြောင်း အဖွဲ့၏ ဦးဆောင်ကော်မတီဝင် ဦးတင်မောင်ဦးက ပြောကြားသည်။ဦးတင်မောင်ဦးက “အရေးတော်ပုံ တစ်ခု၊ ဖြစ်စဉ် တစ်ခုမှာ ကျဆုံးနစ်နာတဲ့ သူတွေအတွက် ကျွန်တော်တို့ မှတ်တမ်းတစ်ခုအဖြစ် ရချင်တယ်။ အဓိကက သမိုင်းမှတ်တမ်း တင်နိုင်ဖို့ အတွက်ပါပဲ။ ဒီလောက်ကြီးမားတဲ့ အရေးတော်ပုံကြီး တစ်ခုမှာ ကျဆုံးသွားတဲ့ သူတွေကို ခန့်မှန်း အရေအတွက်နဲ့ ပြောနေတာက မသင့်လျော်ဘူးလို့ ယူဆတဲ့ အတွက်ကြောင့်ပါ” ဟု ပြောကြားသည်။လက်ရှိတွင် FPPS အနေဖြင့် ဖုန်းနှင့် လူမှုကွန်ရက်တို့ အသုံးပြု၍ စုဆောင်း ကောက်ယူလျက်ရှိပြီး အဆိုပါ စာရင်းအား အတိအကျ ကောက်ယူသွားနိုင်ရေး အချိန်ယူ ဆောင်ရွက်ရန် စီစဉ်ထားကြောင်း သိရသည်။လာမည့် သြဂုတ် ၈ ရက်တွင် ကျရောက်မည့် ရှစ်လေးလုံး လူထုအရေးတော်ပုံကြီး၏ ၂၈ နှစ်မြောက် နှစ်ပတ်လည်နေ့ ကျရောက်မည့် ရှစ်လေးလုံး အရေးတော်ပုံ နှစ်ပတ်လည် အခမ်းအနား၌ သမိုင်းမှတ်တမ်း တင်နိုင်ရန် ထုတ်ပြန် ကြေညာသွားမည် ဖြစ်ကြောင်းနှင့် အဆိုပါ အခမ်းအနား၌ ကျဆုံး၊ ပျောက်ဆုံးခဲ့သူများ စာရင်းမှတ်တမ်း တင်ရာတွင် ပြည့်စုံသည့် စာရင်းတစ်ခု ရရှိမည် မထင်သော်လည်း စာရင်းဆက်လက် ကောက်ယူသွားရန် စီစဉ်ထားကြောင်း ဦးတင်မောင်ဦးက ဆက်လက် ပြောကြားသည်။၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးမြအေးက “လူမသိ၊ သူမသိနဲ့ တိုင်းပြည်အတွက် အသက်ပေးသွားတဲ့သူတွေ၊ ကျဆုံးသွားသူတွေရဲ့ စာရင်းကောက်ပြီးတော့ သမိုင်းမှတ်တမ်းအဖြစ် လုပ်ပေးရမယ်ဆိုတဲ့ ကိစ္စကတော့ ကျွန်တော်တို့ နိုင်ငံရေးသမားတွေရဲ့ အဓိကကျတဲ့ တာဝန်တစ်ရပ်လို့ မြင်ပါတယ်” ဟု ပြောကြားသည်။လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ တစ်ဦးဖြစ်သူ ညီမျှခြင်း မြန်မာအဖွဲ့မှ ဒါရိုက်တာ ဦးအောင်မျိုးမင်းကလည်း ရှစ်လေးလုံး အရေးတော်ပုံတွင် ကျဆုံးခဲ့သူများစာရင်း ပြန်လည်ဖော်ထုတ်ခြင်းမှာ ဖြစ်သင့်သည့် ကိစ္စ တစ်ခုအဖြစ် ယူဆကြောင်း ပြောကြားသည်။ထို့ပြင် ရှစ်လေးလုံး အရေးတော်ပုံကြီးအတွင်း ကျဆုံး သို့မဟုတ် ပျောက်ဆုံးသွားသူများနှင့် ဒီမိုကရေစီ တော်လှန်ရေးအတွက် တောတွင်း၌ ကျဆုံးသူများ စာရင်းအား အမည်၊ မိဘအမည်၊ လိပ်စာ အပြည့်အစုံ၊ ကျဆုံး (သို့မဟုတ်) ပျောက်ဆုံးသည့် နေ့ရက်နှင့် ဖြစ်စဉ်နေရာတို့ကို တိုက် ၉၊ အခန်းအမှတ် ၁၀၁၊ ပထမထပ်၊ ၁၅၄ လမ်း၊ တာမွေမြို့နယ်ရှိ နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ရုံးသို့ ဆက်သွယ်ပေးပို့နိုင်ကြောင်း သိရသည်။

Most Read

Most Recent