လွှတ်တော် ပုံမှန်သက်တမ်း၏ ပထမနှစ်နှင့် ပဉ္စမနှစ်အတွင်း ကြားဖြတ်ရွေးကောက်ပွဲများ ကျင်းပခြင်းမပြုရန် ရွေးကောက်ပွဲ ဥပဒေများကို ပြင်ဆင်သည့် ဥပဒေကြမ်းသုံးခုအား ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ လွှတ်တော်သို့ ပေးပို့ထားကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးထွန်းခင်က ဧပြီ ၂၉ ရက်တွင် ပြောကြားသည်။
အဆိုပါ ဥပဒေကြမ်းသုံးခုမှာ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း၊ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ ဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းတို့ ဖြစ်ကြသည်။
“ကိုယ်တို့သက်တမ်းမှာ တင်လိုက်တာပေါ့။ အဓိကကတော့ ကိုယ့်တို့မှာ ပထမနှစ်မှာ rush (တက်သုတ်ရိုက်ရသည့်သဘော) ဖြစ်နေတယ်ပေါ့နော်။ ပထမနှစ်မှာ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ်ဆိုလို့ရှိရင် ဘာဖြစ်လို့လဲဆိုတော့ အထွေထွေရွေးကောက်ပွဲပြီးတာနဲ့ လွှတ်တော်ပုံမှန်သက်တမ်းရဲ့ ပထမနှစ်မှာ ယခင်အထွေထွေ ရွေးကောက်ပွဲက ကန့်ကွက်လွှာတွေကိုလည်း ကိုယ်တို့က စစ်ဆေးနေရတယ်။ စစ်နေရတဲ့ အလုပ်တွေကော၊ အခြားအလုပ်တွေကော၊ အများကြီး လုပ်နေရတာဖြစ်တဲ့အပြင် ကော်မရှင်အဖွဲ့ အဆင့်ဆင့်ကိုလည်း မဖွဲ့စည်းရသေးဘူးပေါ့။ ငါးနှစ်တစ်ကြိမ်မှာ ကော်မရှင် အဖွဲ့ခွဲလေးတွေကလည်း သက်တမ်းက ကုန်သွားတာကို။ ငါးနှစ်သက်တမ်းမှာ ကုန်သွားတဲ့အခါ သူတို့တွေလည်း မဖွဲ့ရသေးဘူး။ မဖွဲ့ရသေးတဲ့ ပထမနှစ် အတောအတွင်းမှာ နည်းနည်းအလုပ်များနိုင်တဲ့အတွက် အဲဒါလေးကို အဆိုပြုပြီးပြင်ဖို့ တင်သွင်းပါတယ်။ နောက်ဆုံးနှစ်ကျတော့လည်း ငါးနှစ်တစ်ကြိမ် ရွေးကောက်ပွဲကြီး ပြင်ဆင်ရတဲ့ အလုပ်တွေက တအားများလာမယ်။ မဲစာရင်းတွေ လုပ်ရမယ့် အလုပ်တွေကော။ တခြား အလုပ်တွေကော အများကြီးဖြစ်လာမယ်။ ဒါကြောင့် နောက်ဆုံးနှစ်တော့ မလုပ်ဖို့ပြောတာပေါ့။ နောက်ဆုံးနှစ် မလုပ်ဖို့ဆိုတာ နဂိုပြင်ထားတဲ့အထဲမှာ ပါပြီးသားပါ” ဟု ဦးထွန်းခင်က ပြောကြားသည်။
ထိုသို့ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေများကို စတုတ္ထအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းများတွင် မူလဥပဒေများပါ ပုဒ်မ ၈၉ အားပြင်ဆင်ခြင်းဖြစ်ပြီး ပြင်ဆင်ချက်များမှာ “ကော်မရှင်သည် လွှတ်တော်တွင် တစ်စုံတစ်ရာသော အကြောင်းကြောင့် လွှတ်တော်ကိုယ်စားလှယ်နေရာ လစ်လပ်ပါက ကြားဖြတ်ရွေးကောက်ပွဲများကို (က) လွှတ်တော် ပုံမှန်သက်တမ်း၏ ပထမနှစ်အတွင်းနှင့် ပဉ္စမနှစ် အတွင်းတို့တွင် ကျင်းပပေးခြင်း မပြုရ၊ (ခ) လွှတ်တော် ပုံမှန်သက်တမ်း၏ ဒုတိယနှစ်၊ တတိယနှစ်နှင့် စတုတ္ထနှစ်တို့တွင်သာ ကျင်းပပေးရမည်၊ (ဂ) လွှတ်တော်ကိုယ်စားလှယ်နေရာ လစ်လပ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကော်မရှင်သို့ အကြောင်းကြားသည့်အခါ ပုဒ်မ ၅၀ ပါ ပြဋ္ဌာန်းချက်များကို မဆန့်ကျင်စေဘဲ ဥပဒေနှင့်အညီ ကျင်းပပေးရမည်ဟု” ဖော်ပြထားသည်။
လွှတ်တော်ရွေးကောက်ပွဲ ဥပဒေများကို တတိယအကြိမ် ပြင်ဆင်ထားရာတွင် လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်ကိုယ်စားလှယ်နေရာ လစ်လပ်ကြောင်း အကြောင်းကြားလာပါက ခြောက်လအတွင်း ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပေးရမည်ဟု ပြဋ္ဌာန်းထားသည်။
ထိုသို့ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေများကို ပြင်ဆင်သည့် ဥပဒေကြမ်း တင်သွင်းလာမှုအပေါ် ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီနှင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်များသည် ဧပြီ ၂၉ ရက် က တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
“ဥပဒေကြမ်း ကော်မတီနဲ့ ပဏာမ ဆွေးနွေးခဲ့တာတော့ သူတို့ဘက်က ပြည်သူနစ်နာမယ်ပေါ့လေ။ ပြည်သူအတွက် နစ်နာမယ်ဆိုတဲ့ အခါကျတော့ တစ်နှစ်ဆိုရင် ကြာလွန်းတယ်ပေါ့။ ကိုးလလောက်ဆိုရင် မသင့်ဘူးလားပေါ့။ ကိုယ့်တို့လည်း ကိုးလလောက်ဆိုရင် သင့်ပါတယ်ဆိုပြီး သဘောတူခဲ့ပါတယ်။ ကိုးလဆိုပြီး နည်းနည်းညှိခဲ့ပါတယ်။ ကော်မတီမှာ ဆွေးနွေးခဲ့တဲ့ သဘောပေါ့။ တရားဝင်တော့ ဥပဒေကြမ်းမှာပါတဲ့ အတိုင်းပဲ တင်မယ်။ သို့သော် ဥပဒေကြမ်း ကော်မတီမှာ ပဏာမ ဆွေးနွေးခဲ့တယ်” ဟု ဦးထွန်းခင်က ပြောကြားသည်။
ပြည်သူ့လွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ် ၃၂၃ ဦး၊ အမျိုးသားလွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ် ၁၆၈ ဦး စုစုပေါင်း ၄၉၁ ဦးရှိသည့်အနက် သမ္မတ ဦးထင်ကျော် ဦးဆောင်သည့် အစိုးရအဖွဲ့တွင် ဒုတိယ သမ္မတတစ်ဦး၊ ပြည်ထောင်စုဝန်ကြီး ခုနစ်ဦး၊ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင် တစ်ဦး၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌတစ်ဦး စုစုပေါင်း ၁၀ ဦး တာဝန်ထမ်းဆောင်သွားသဖြင့် ၎င်းတို့ နေရာများမှာ လစ်လပ်လျက်ရှိသည်။
အဆိုပါ လစ်လပ် ၁၀ နေရာမှာ ပြည်သူ့လွှတ်တော်တွင် ခုနစ်နေရာနှင့် အမျိုးသားလွှတ်တော်တွင် သုံးနေရာဖြစ်ပြီး ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲ လုံးဝကျင်းပနိုင်ခြင်း မရှိသည့် နေရာအချို့တွင်လည်း လွှတ်တော်ကိုယ်စားလှယ်များ လစ်လပ်လျက်ရှိသည်။
၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက ကျင်းပခဲ့သည့် မဲဆန္ဒနယ် အများစုတွင် အနိုင်ရရှိခဲ့သည်။
လွှတ်တော် ပုံမှန်သက်တမ်း၏ ပထမနှစ်နှင့် ပဉ္စမနှစ်အတွင်း ကြားဖြတ်ရွေးကောက်ပွဲများ ကျင်းပခြင်း မပြုရန် ရွေးကောက်ပွဲ ဥပဒေများကို ပြင်ဆင်သည့် ဥပဒေကြမ်း သုံးခုအား ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် လွှတ်တော်သို့ ပေးပို့ထား















