၂၁ ရာစု ပင်လုံ ညီလာခံကို လပိုင်းအတွင်း ကျင်းပနိုင်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဧပြီ ၂၇ ရက်က နေပြည်တော်ရှိ Horizon Lake View ဟိုတယ်တွင် ပြုလုပ်သည့် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-U) နှင့် တွေ့ဆုံပွဲတွင် ပြောကြားသည်။ဒေါ်အောင်ဆန်းစုကြည်က “ကျွန်မတို့ ဒီနေ့ကစပြီးတော့ အပစ်အခတ် ရပ်စဲရေး ခိုင်မြဲခြင်းရဲ့ အကျိုးဆက်ကို ပြည်သူတွေ ဘယ်လို အကောင်းခံစားရမယ် ဆိုတာကို ရှင်းရှင်းလင်းလင်းနဲ့ ထင်သာမြင်သာအောင် ပြနိုင်ခြင်းအားဖြင့် အပစ်အခတ် ရပ်စဲရေးထဲမှာ တခြား မပါဝင်သေးတဲ့ အစုအဖွဲ့တွေ ပါလာအောင်လို့လည်း ကျွန်မတို့ဟာ ဆွဲဆောင်နိုင်ရမယ်။ တစ်ချိန်တည်းမှာပဲ ကျွန်မတို့ဟာ တကယ့်ကို ထာဝရ ငြိမ်းချမ်းရေး ရရှိစေမယ့် နည်းလမ်းများနဲ့ ကျင်းပဖို့ ကျွန်မတို့ အစပျိုးနိုင်မှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။ဆက်လက်၍ “ကျွန်မကတော့ အခု ငြိမ်းချမ်းရေး ညီလာခံကြီးကို တချို့ကလည်း ဒုတိယ ပင်လုံ ညီလာခံလို့ ပြောကြတယ်။ ဒုတိယပဲ ခေါ်ခေါ် တတိယပဲ ခေါ်ခေါ်ပေါ့။ ကျွန်မတို့ကတော့ ဒီခေတ်အခါနဲ့ ဆီလျော်အောင် ၂၁ ရာစုရဲ့ ဒီလို ပင်လုံညီလာခံကြီး ကျင်းပနိုင်ဖို့အတွက် ကျွန်မက အချိန် မဆွဲချင်ဘူး။ တစ်လ နှစ်လ အတွင်းမှာ ကျင်းပနိုင်ဖို့ ဒီအခြေအနေတွေကို ပြီးမြောက်စေချင်တယ်။ ဒီတော့ ကျွန်မတို့ တစ်လ၊ နှစ်လလောက်မှာ စပြီးတော့ ငြိမ်းချမ်းရေး ညီလာခံကို ကျွန်မတို့ လုပ်နိုင်ဖို့ ကြိုးစားစေချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ နိုင်ငံမှာဆိုရင် ငြိမ်းချမ်းရေး လိုအပ်တယ် ဆိုတာ နိစ္စဓူ၀ လိုအပ်နေတာပါ။ တစ်နေ့နဲ့တစ်နေ့ နေ့တိုင်းနေ့တိုင်း ငြိမ်းချမ်းရေး မရလို့ ဒုက္ခခံနေရတဲ့ ကျွန်မတို့ရဲ့ ပြည်သူတွေ အများကြီး ရှိနေပါတယ်။ အဲဒီအတွက်ကြောင့်မို့လို့ ဒုက္ခခံနေရတဲ့ သူတွေအတွက် တစ်ရက်ဆိုတာ ၂၄ နာရီဆိုတာ နည်းတဲ့ အချိန် မဟုတ်ပါဘူး။ အဲဒီတော့ ကျွန်မတို့ဟာ ကိုယ်ချင်းစာစိတ်နဲ့ ကျွန်မတို့ နိုင်ငံသူ နိုင်ငံသားများ အားလုံး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နေနိုင်ဖို့ ငြိမ်းချမ်းရေး ညီလာခံကြီး ဘယ်လို အမြန်ဆုံး အောင်အောင်မြင်မြင် ကျင်းပနိုင်မလဲ ဆိုတာ ဝိုင်းပြီးတော့ စဉ်းစားရင်းနဲ့ လက်ရှိ JMC က သူတွေရဲ့ လုပ်ငန်းတွေနဲ့ ပတ်သက်လို့ ကျွန်မတို့ သင်ယူစရာ ရှိတာတွေ ကျွန်မတို့ကို ပို့ချပေးပါ။ ကျွန်မတို့က သင်ယူရမှာပါ။ ဆက်ပြီးတော့ အောင်မြင်အောင် ဘယ်လိုလုပ်မလဲဆိုတာ မပါသေးတဲ့ အဖွဲ့တွေ စာချုပ်တွေ ပါဝင်ပြီး လက်မှတ်ရေးထိုးနိုင်ဖို့ ဘယ်လိုပုံစံနဲ့ သွားမလဲဆိုတာကို ဝိုင်းပြီးတော့ စဉ်းစားပေးကြပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီနှင့် ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးစဉ်
ထို့ပြင် ရေရှည် အရေးကြီးသည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ၊ ငြိမ်းချမ်းရေး ညီလာခံများ အောင်မြင်အောင် လုပ်ကြရမည်ဖြစ်ကြောင်း၊ မည်သည့်ပုံစံဖြင့် လုပ်ပါက ကောင်းမည်ဆိုသည့် အကြံဉာဏ်ကောင်းတွေ လိုချင်ကြောင်း၊ သဘောတူညီချက် အပစ်အခတ် ရပ်စဲရေးအား အားလုံး ပါဝင်အောင် လုပ်ရမည် ဖြစ်ကြောင်း၊ တကယ် စေတနာ မှန်ကန်ပါက မဖြစ်နိုင်ဘူးဆိုတာ မရှိနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ဆက်လက် ပြောကြားရာတွင် “ကျွန်မတို့ အလုပ်တစ်ခုကို လုပ်ရာမှာ အထူးသဖြင့် အများနဲ့ စုပေါင်းပြီးတော့ လုပ်ရတဲ့နေရာမှာ ကျွန်မ အမြဲလို တိုက်တွန်းတာက အပေးအယူ ဆိုတာ ရှိတတ်ကြတယ်။ အဓိကအားဖြင့် ကိုယ်ဘာပေးနိုင်လဲ ဆိုတာကို အခြေခံ အနေနဲ့ စဉ်းစားစေချင်တယ်။ ကျွန်မတို့ တစ်ယောက်ချင်းစီက ကိုယ်ဘာရမလဲ ဆိုတာကိုလည်း ကြည့်ကြမယ် ဆိုလို့ရှိရင် မဖြစ်နိုင်ပါဘူး။ ကျွန်မတို့ တစ်ယောက်ချင်းစီက နိုင်ငံအပေါ်မှာ ထားတဲ့ စိတ်စေတနာအရ ကိုယ်ဘာပေးနိုင်သလဲ ဆိုတာကိုပါ စဉ်းစားစေချင်တယ်။ ကိုယ်ဘာလိုချင်တယ် ဆိုတာကိုပဲ လုပ်နေမယ်ဆိုရင် တိုင်းရင်းသား မျိုးစုံနဲ့ ငြိမ်းချမ်းရေး ရရှိဖို့ ညီညွတ်ဖို့ ဆိုတာဟာ မလွယ်ပါဘူး။ ဒီတော့ ကျွန်မတို့ အခုကစပြီး ငြိမ်းချမ်းရေးအတွက် ဦးတည်ပြီးတော့ ဆောင်ရွက်တဲ့ အခါမှာ တစ်ယောက်ချင်း၊ တစ်ယောက်ချင်းစီက ငါတို့ ဘာပေးနိုင်သလဲ စိတ်စေတနာနဲ့ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားမှု။ ကိုယ်က အပေးသမားဆိုရင် ကိုယ့်ကိုယ်ကိုယ် တန်ဖိုးရှိမယ်။ ကိုယ်က အယူသမားဆိုရင် ကိုယ်က တန်ဖိုးမဲ့နေသလို ရောက်သွားမယ်။ အဲဒီတော့ ကိုယ်ဘာပေးနိုင်သလဲ ဆိုတာကို စဉ်းစားပြီး ကျွန်မတို့ကို ဝိုင်းဝန်း ကူညီပေးစေချင်တယ်။ ဒီလို ဝိုင်းဝန်းပြီး လုပ်မယ်ဆိုရင် အပစ်အခတ် ရပ်စဲရေးကိုလည်း ခိုင်မာအောင် လုပ်နိုင်မယ်။ မပါသေးတဲ့ အဖွဲ့တွေကိုလည်း ပါဝင်နိုင်အောင်လို့ အခြေအနေ တစ်ရပ်ကို ဖန်တီးနိုင်မယ်။ ဒီလို ကျွန်မတို့ ဖန်တီးတဲ့ တစ်ချိန်တည်းမှာပဲ ငြိမ်းချမ်းရေး ညီလာခံကို ကျင်းပရမှာ ဖြစ်ပါတယ်။ ကျွန်မ အမြင်ကတော့ ငြိမ်းချမ်းရေး ညီလာခံ ဖြစ်မြောက်ရေးနဲ့ အပစ်အခတ် ရပ်စဲရေးထဲမှာ မပါမဖြစ်တဲ့ အဖွဲ့တွေအားလုံး ပါဝင်ရေးဟာ တစ်ချိန်တည်းမှာ လုပ်ရမယ့် ကိစ္စတွေလို့ မြင်ပါတယ်။ တစ်ခုပြီးမှ တစ်ခု သွားရမယ့် ကိစ္စတွေ မဟုတ်ပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီနှင့် ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခြင်းဖြစ်သည်။
၂၁ ရာစု ပင်လုံ ညီလာခံကို လပိုင်းအတွင်း ကျင်းပနိုင်ရန် JMC-U နှင့် တွေ့ဆုံပွဲတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြား















