သမ္မတ ဦးထင်ကျော်ထံ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးက သံအမတ် ခန့်အပ်လွှာ ပေးအပ်

သမ္မတ ဦးထင်ကျော်ထံ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးက သံအမတ် ခန့်အပ်လွှာ ပေးအပ်
Published 27 April 2016

သမ္မတ ဦးထင်ကျော်ထံ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးက ၎င်း၏ သံအမတ် ခန့်အပ်လွှာကို ဧပြီ ၂၇ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ နိုင်ငံတော် သမ္မတ အိမ်တော်သို့ သွားရောက်၍ ပေးအပ်ခဲ့ကြောင်း နိုင်ငံတော် သမ္မတရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ထိုသို့ သံအမတ် ခန့်အပ်လွှာ ပေးအပ်ရာတွင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် ပြည်ထောင်စု သံအမတ်ကြီး စကော့မာစီရယ်လ်က သမ္မတ ဦးထင်ကျော်အား သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံရသည့်အတွက် ချီးကျူး ဂုဏ်ပြုကြောင်း၊ မတ် ၃၀ ရက်က နိုင်ငံတော် သမ္မတရာထူး တာဝန် စတင် ထမ်းဆောင်ခြင်းသည် မြန်မာပြည်သူများ၊ အင်စတီကျူရှင်းများနှင့် ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းရေးအတွက် အတူတကွ လုပ်ကိုင်ဆောင်ရွက်ခဲ့ကြသော ခေါင်းဆောင်များ၏ ကြိုးပမ်းမှု သက်သေပင် ဖြစ်သည်ဟူသော သမ္မတအို ဘားမား၏ ကြေညာချက်ကိုလည်း ထပ်လောင်း ပြောဆိုခဲ့ကြောင်း၊ မြန်မာနိုင်ငံတစ်ဝန်း ဖော်ဆောင်သွားမည့် ငြိမ်းချမ်းရေး၊ သာယာဝပြောရေးနှင့် ဒီမိုကရေစီအရေးတို့အတွက် အစိုးရသစ်နှင့်အတူ လက်တွဲ ဆောင်ရွက်သွားမည့် အမေရိကန် ပြည်ထောင်စု၏ ကတိကဝတ်ကိုလည်း အလေးထား ပြောကြားခဲ့ကြောင်း ဧပြီ ၂၇ ရက်က မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံး၏ U.S.Embassy Rangoon ဖေ့စ်ဘွတ် စာမျက်နှာတွင် ရေးသားထားသည်။ထို့ပြင် သံအမတ်ကြီး စကော့မာစီရယ်လ်နှင့် ဇနီးမေတို့သည် မြန်မာနိုင်ငံတွင် တာဝန်ထမ်းဆောင်ရန်အတွက် စိတ်လှုပ်ရှား ပီတိ ဖြစ်နေပါကြောင်း၊ မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး၊ သာယာဝပြောရေးနှင့် ဒီမိုကရေစီအရေးတို့အတွက် မြန်မာပြည်သူများနှင့်အတူ လက်တွဲလုပ်ဆောင်ရင်း မြန်မာနိုင်ငံ၏ ကြွယ်ဝလှသော ရာဇဝင် သမိုင်းများနှင့် ယဉ်ကျေးမှုများကို ရှာဖွေလေ့လာရန် မျှော်လင့်နေပါကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး၏ U.S.Embassy Rangoon ဖေ့စ်ဘွတ် စာမျက်နှာတွင် ရေးသားထားသည်။အလားတူ မြန်မာနိုင်ငံဆိုင်ရာ အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး မိုဆမ်မိုဟာမက်ဒီနှင့် မြန်မာနိုင်ငံဆိုင်ရာ ဆလိုဗက်နိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော စတန်နီ စလဗ်အိုပီလာတို့သည်လည်း ဧပြီ ၂၇ ရက် နံနက်ပိုင်း၌ပင် သမ္မတ ဦးထင်ကျော်ထံ သီးခြားစီ သွားရောက်၍ ၎င်းတို့၏ သံအမတ် ခန့်အပ်လွှာများအား ပေးအပ်ခဲ့ကြောင်း သိရသည်။         အဆိုပါ သံအမတ် ခန့်အပ်လွှာ ပေးအပ်ပွဲသို့ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်နှင့် သံတမန်ရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုကိုနိုင်တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။သမ္မတ ဦးထင်ကျော် ဦးဆောင်သည့် အစိုးရ လက်ထက်တွင် မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးများအဖြစ် ခန့်အပ်လွှာ ပေးအပ်သည့် အထက်ပါနိုင်ငံ သုံးနိုင်ငံအပြင် ဧပြီ ၂၆ ရက်ကလည်း ဆွီဒင်နိုင်ငံ၊ အိုင်ယာလန်နိုင်ငံနှင့် တီမောလက်စ်တေဒီမိုကရက်တစ် သမ္မတနိုင်ငံတို့မှ သံအမတ်ကြီးများကလည်း ၎င်းတို့၏ သံအမတ် ခန့်အပ်လွှာများအား သမ္မတ ဦးထင်ကျော်ထံ ပေးအပ်ခဲ့သည်။ထို့ပြင် သမ္မတ ဦးထင်ကျော်သည် နိုင်ငံတော်သမ္မတတာဝန် ထမ်းဆောင်ပြီး နောက်ပိုင်းတွင် နိုင်ငံတကာမှ လာရောက်သည့် ဧည့်သည်တော်များအဖြစ် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၊ ကနေဒါနိုင်ငံ၊ အီတလီနိုင်ငံတို့မှ နိုင်ငံခြားရေး ဝန်ကြီး သုံးဦးနှင့်သာ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ထားသည်။ထို့အတူ နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံ သမ္မတတာဝန် ထမ်းဆောင်ခြင်းအတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းနှင့် အမေရိကန်သမ္မတ မစ္စတာ အိုဘားမားတို့က ဖုန်းဆက်၍ ဝမ်းမြောက်ဂုဏ်ပြုကြောင်းနှင့် ချီးကျူးစကားများ ပြောကြားထားသည်။

Most Read

Most Recent