စိုက်ပျိုးရေးလုပ်ငန်း အောင်မြင်သော ဒေသများတွင် စိုက်ပျိုးရေးထုတ်ကုန် စက်မှုဇုန်များ တည်ထောင်နိုင်ရန် စီစဉ်ထား

စိုက်ပျိုးရေးလုပ်ငန်း အောင်မြင်သော ဒေသများတွင် စိုက်ပျိုးရေးထုတ်ကုန် စက်မှုဇုန်များ တည်ထောင်နိုင်ရန် စီစဉ်ထား
Published 27 April 2016
မင်းသီဟဇော်

စိုက်ပျိုးရေးလုပ်ငန်း အောင်မြင်သော ဒေသများတွင် စိုက်ပျိုးရေးထုတ်ကုန် စက်မှုဇုန်များ တည်ထောင်နိုင်ရန် စီစဉ်ထားကြောင်း စက်မှုဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စက်မှုလုပ်ငန်း မူဝါဒအရ သိရသည်။အဆိုပါ မူဝါဒတွင် စိုက်ပျိုးရေးလုပ်ငန်း အောင်မြင်သော ဒေသများတွင် စိုက်ပျိုးရေး ထုတ်ကုန်စက်မှုဇုန်များ တည်ထောင်ရေးကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများက ဖြစ်နိုင်ခြေများကို လေ့လာ၍ တည်ထောင်ပေးရမည်ဟု ဖော်ပြထားသည်။ထိုသို့ တည်ထောင်နိုင်ရန်အတွက် စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်းဒေသကြီးတို့ကို ရွေးချယ်ဖော်ပြထားသည်။စစ်ကိုင်းတိုင်း ဒေသကြီးတွင် စစ်ကိုင်း၊ မုံရွာနှင့် ကလေးစက်မှုဇုန်တို့ရှိပြီး စစ်ကိုင်းဇုန်တွင် ဆန်၊ ဆန်ထွက်ပစ္စည်း၊ ဂျုံ၊ ဂျုံထွက်ပစ္စည်း၊ ဆီထွက်ပစ္စည်းများ ထုတ်လုပ်ကာ မုံရွာနှင့် ကလေးစက်မှုဇုန်တို့ကို အိန္ဒိယ-တမူး-ကလေး-မုံရွာ-မိတ္ထီလာ-တောင်ကြီး-ကျိုင်းတုံ-မိုင်းလား/တာချီလိတ်-လာအို-ထိုင်းတို့နှင့် ဆက်သွယ်ပြီး ပြည်တွင်းပြည်ပ ကုန်သွယ်ရေး လုပ်ငန်းများ လုပ်ဆောင်သင့်ကြောင်း ယင်းမူဝါဒတွင် ဖော်ပြထားသည်။ထို့အတူ ပဲခူးတိုင်းဒေသကြီးတွင်လည်း ပဲခူး၊ ပြည်စက်မှုဇုန်တို့မှ ဆန်နှင့် ဆီထွက်သီးနှံ၊ ပဲမျိုးစုံ ထုတ်လုပ်ပြီး သီလဝါ-ပဲခူး-နေပြည်တော်-မိတ္ထီလာ-မန္တလေး-မြစ်ကြီးနား-ကန်ပိုက်တီး-ယူနန်ပြည်နယ် (တရုတ်)သို့ ဆက်သွယ်တင်ပို့သင့်ကြောင်း ဖော်ပြထားသည်။မကွေးတိုင်းဒေသကြီးတွင် ပခုက္ကူ၊ ရေနံချောင်း စက်မှုဇုန်တို့ရှိပြီး မကွေးမြို့ တစ်ဝိုက်တွင် ပြန့်ကျဲနေသည့် အသေးစား စက်မှုလုပ်ငန်းများကို စုပေါင်းဖွဲ့စည်းကာ ဆီထွက်သီးနှံ၊ ပဲအမျိုးမျိုးနှင့် ဝါတို့ကို အခြေခံသော ထုတ်ကုန်များကို တန်ဖိုးမြှင့် ထုတ်လုပ်သည့် စိုက်ပျိုးရေးထုတ်ကုန် စက်မှုဇုန် ထူထောင်သင့်ကြောင်းနှင့် ကျောက်ဖြူ-မကွေး-မိတ္ထီလာ-မန္တလေး-ပြင်ဦးလွင်-လားရှိုး-မူဆယ် စင်္ကြံ တစ်လျှောက် ထုတ်ကုန်များကို တင်ပို့သင့်ကြောင်း ဖော်ပြထားသည်။ဧရာဝတီတိုင်းဒေသကြီးတွင်လည်း ဟင်္သာတ၊ ပုသိမ်၊ မြောင်းမြ စက်မှုဇုန်တို့ ပါဝင်ပြီး ဇုန်အသီးသီးမှ ဆန်၊ ပဲမျိုးစုံ၊ ပီလောပီနံများ ထုတ်လုပ်ပြီး ထုတ်ကုန်များကို ပုသိမ် ရေနက်ဆိပ်ကမ်းမှ ပြည်ပနိုင်ငံ အသီးသီးသို့ တင်ပို့နိုင်ရန် ဆောင်ရွက်သင့်ကြောင်း စက်မှုလုပ်ငန်း မူဝါဒတွင် ဖော်ပြထားသည်။တနင်္သာရီတိုင်းဒေကြီးတွင် ထားဝယ်နှင့် မြိတ်စက်မှုဇုန်တို့ရှိပြီး ဇုန်အသီးသီးမှ ထုတ်ကုန်များကို ထားဝယ်ရေနက်ဆိပ်ကမ်းမှ ပြည်ပနိုင်ငံ အသီးသီးသို့ ဆက်သွယ်ပို့ဆောင်သင့်ကြောင်း ဖော်ပြထားသည်။မြန်မာနိုင်ငံတွင် စက်မှုဇုန်များကို ၁၉၉၅ ခုနှစ်မှ စတင်ဖွဲ့စည်းပေးခဲ့ပြီး အရေအတွက်အားဖြင့် ၂၁ ခုရှိကြောင်း သိရသည်။ ယင်းစက်မှုဇုန်များမှာ ရန်ကုန်အရှေ့ပိုင်းခရိုင် စက်မှုဇုန်၊ ရန်ကုန်အနောက်ပိုင်းခရိုင် စက်မှုဇုန်၊ ရန်ကုန်တောင်ပိုင်းခရိုင် စက်မှုဇုန်၊ ရန်ကုန်မြောက်ပိုင်းခရိုင် စက်မှုဇုန်၊ မော်လမြိုင် စက်မှုဇုန်၊ တောင်ကြီး (အေးသာယာ)စက်မှုဇုန်၊ မုံရွာ စက်မှုဇုန်၊ ကလေး စက်မှုဇုန်၊ ပခုက္ကူ  စက်မှုဇုန်၊ ရေနံချောင်း စက်မှုဇုန်၊ မန္တလေး စက်မှုဇုန်၊ မြင်းခြံ စက်မှုဇုန်၊ မိတ္ထီလာ စက်မှုဇုန်၊ ပြည် စက်မှုဇုန်၊ မြောင်းမြ စက်မှုဇုန်၊ ပုသိမ် စက်မှုဇုန်၊ ဟင်္သာတ စက်မှုဇုန်၊ မြိတ် စက်မှုဇုန်၊ ဘားအံ စက်မှုဇုန်၊ ရတနာပုံ စက်မှုဇုန် (မန္တလေးတိုင်းဒေသကြီး) နှင့်နေပြည်တော် စက်မှုဇုန်တို့ဖြစ်ကြောင်း သိရသည်။