သူရဦးရွှေမန်း၏ စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၁၁) ၏ (၄၇) နှစ်မြောက် ကျောင်းဆင်းပွဲနေ့ မေတ္တာမွန် စာလွှာပါ ဖော်ပြမှုအပေါ် ကန့်ကွက်ကြောင်း ဧပြီ ၂၆ ရက်တွင် တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့၏ ထုတ်ပြန်ချက်အား မြဝတီသတင်းဌာန၏ ဖေ့စ်ဘွတ်စာမျက်နှာတွင် ဖော်ပြချက်အရ သိရသည်။
အဆိုပါ ထုတ်ပြန်ချက်တွင် ဧပြီ ၂၃ ရက်တွင် ကျရောက်သည့် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၁၁) ၏ (၄၇) နှစ်မြောက် ကျောင်းဆင်းပွဲ နှစ်ပတ်လည် အထိမ်းအမှတ် မေတ္တာမွန်စာလွှာကို ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်း၏ တရားဝင် အင်တာနက် လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြခဲ့သလို ၎င်းမေတ္တာမွန် စာလွှာအပေါ် မူတည်၍ သတင်းစာ၊ ဂျာနယ်အချို့တွင် ထပ်မံထည့်သွင်းရေးသား ဖော်ပြခဲ့ကြကြောင်း၊ အဆိုပါစာပါ ညီနောင်များ (အမေ့သား) သည် စစ်တက္ကသိုလ် ကျောင်းဆင်းများကိုသာ သီးသန့်ရည်ညွှန်းသည့်သဘော သက်ရောက်စေသည့်အတွက် လက်ရှိတာဝန် ထမ်းဆောင်လျက်ရှိသည့် တပ်မတော် (ကြည်း၊ ရေ၊ လေ) အရာရှိများ၊ အငြိမ်းစားယူပြီးကြသော တပ်မတော် (ကြည်း၊ ရေ၊ လေ) အရာရှိများနှင့် စစ်မှုထမ်း (လက်ရှိ/အငြိမ်းစား) များ အားလုံးအတွက် သွေးကွဲစေပြီး တပ်မတော်ပြိုကွဲရေးကိုပါ ဦးတည်သက်ရောက် စေသည်ကို တွေ့ရှိရကြောင်း ဖော်ပြထားသည်။
ထို့အတူ ပြည်သူများက ရွေးချယ် တာဝန်ပေးအပ်ထားသော အစိုးရအဖွဲ့က တာဝန်ယူ၊ တာဝန်ခံ ဆောင်ရွက်နေပြီး ထိုအစိုးရအဖွဲ့သည် နိုင်ငံတော်ကောင်းအောင် ပြည်သူ့အကျိုးစီးပွား ဖြစ်ထွန်းအောင် ဆောင်ရွက်မည် ဖြစ်ကြောင်း ဖော်ပြချက်သည် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် သမိုင်းကြောင်းအရ ပေါ်ပေါက်ခဲ့သော ရွေးချယ်တင်မြှောက်ခံ အစိုးရများ အပါအဝင် အစိုးရ အဆက်ဆက် လက်ထက်တွင် နိုင်ငံတော်နှင့် ပြည်သူ့အတွက် မည်သည့် အကျိုးစီးပွားကိုမျှ ဖော်ဆောင်လုပ်ကိုင် ပေးခဲ့ခြင်း မရှိသည့်သဘော သက်ရောက်စေသည်ကို တွေ့ရှိရ ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ထို့ပြင် တို့ညီနောင်များကလည်း ဝမ်းမြောက်ဝမ်းသာ မုဒိတာတရားဖြင့် ပူးပေါင်းဆောင်ရွက်ရမည့် အချိန်အခါကောင်း ဖြစ်ပါသည်ဟူသော ဖော်ပြချက်၌ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ မကျင်းပမီကာလနှင့် ရွေးကောက်ပြီး အစိုးရအဖွဲ့ ဖွဲ့စည်းသည့် ကာလတစ်လျှောက်တွင် တပ်မတော်သည် ပြည်သူများက ရွေးချယ်သော အစိုးရအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု အစဉ်တစိုက် ပြောဆိုလုပ်ဆောင် ခဲ့သည်များကို လျစ်လျူရှုလျက် တပ်မတော်က ပူးပေါင်းဆောင်ရွက်မှု မရှိသယောင် မြှောက်ပင့်ပေးသည့် သဘောထားကို သက်ရောက်စေကြောင်း တွေ့ရှိရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သို့ဖြစ်ပါ၍ သူရဦးရွှေမန်း၏ တရားဝင် အင်တာနက် လူမှုကွန်ရက် စာမျက်နှာ၌ ရေးသားဖော်ပြ ချက်များနှင့် သတင်းစာ၊ ဂျာနယ် အချို့တွင် ထပ်ဆင့်ရေးသား ဖော်ပြချက်များသည် နိုင်ငံနှင့် ပြည်သူလူထု၏ အကျိုးစီးပွားကို ဖော်ဆောင်နိုင်ခြင်း မရှိဘဲ တပ်မတော် ပြိုကွဲရေး၊ အစိုးရ အဆက်ဆက်၏ နိုင်ငံတော်အတွက် လုပ်ဆောင်ချက်များနှင့် တပ်မတော်၏ ရပ်တည်ချက်၊ လုပ်ဆောင်ချက်များအပေါ် ပြည်သူများက အထင်မှား အမြင်မှား ဖြစ်စေနိုင်ပြီး အမျိုးသားပြန်လည် ရင်ကြားစေ့ရေး ရည်မှန်းချက်ကို ထိခိုက်စေနိုင်သည့် အတွက် ကန့်ကွက်ကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်း၏ လူမှုကွန်ရက် ဖေ့စ်ဘွတ်စာမျက်နှာတွင် “နိုင်ငံနှင့် ပြည်သူများ အကျိုးကို မေတ္တာ၊ သစ္စာဖြင့် အုပ်ချုပ်မည့်သူများကို မုဒိတာဖြင့် ပါဝင်ကူညီ ဆောင်ရွက်နိုင်ကြပါစေ။ ညီနောင်များ (အမေ့သား)၊ ပြည်သူတွေ ဘာလိုချင်တာလဲ၊ ဘာဖြစ်ချင်တာလဲဆိုတာ၊ သိကြရပြီ။ တို့တစ်တွေကို အဖေ၊ အမေက မွေးမြူပြုစုခဲ့တာ (၁၇၊ ၁၈) နှစ်သား အထိသာ။ ဒီနောက်တော့ ပြည်သူနှင့် တိုင်းပြည်က ကျွေးမွေးစောင့်ရှောက် မြေတောင် မြှောက်ပေးခဲ့တယ်။ ဒီတာဝန်ကို တပ်မတော်က တာဝန်ယူ၊ တာဝန်ခံ ဆောင်ရွက်ပေးခဲ့တယ်။ တို့တစ်တွေသည် - ငါတို့သည် နိုင်ငံတော်မှ ကျွေးသော ထမင်းများကိုစား၍ နိုင်ငံတော်၏ သစ္စာကို စောင့်သိရိုသေပါမည်။ ငါတို့သည် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ သစ္စာကို စောင့်သိရိုသေ ပါမည်ဟု သစ္စာပြုထားသူများ ဖြစ်ပါသည်။ တို့တစ်တွေ သိတဲ့အတိုင်း ပြည်သူများက ရွေးချယ် တာဝန်ပေးအပ်ထားသော အစိုးရအဖွဲ့က တာဝန်ယူ၊ တာဝန်ခံ ဆောင်ရွက်နေပြီ ဖြစ်ပါသည်။ ထိုအစိုးရအဖွဲ့သည် နိုင်ငံတော် ကောင်းအောင်၊ ပြည်သူအကျိုးစီးပွား ဖြစ်ထွန်းအောင် မေတ္တာသစ္စာဖြင့် နိုင်ငံနှင့် ပြည်သူ့အတွက် ဆောင်ရွက်မည်ဖြစ်ကြောင်း ကြားသိနေပါသည်။ တို့ညီနောင်များကလည်း ဝမ်းမြောက်ဝမ်းသာ မုဒိတာ တရားဖြင့် ပါဝင်ပူးပေါင်း ဆောင်ရွက်ရမည့် အချိန်အခါကောင်း ဖြစ်ပါသည်။ နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာရှိသော၊ တာဝန်ကျေသူအဖြစ် ဆောင်ရွက်နိုင်ကြပါစေ” ဟု ဖော်ပြထားသည်။
သူရဦးရွှေမန်း၏ စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၁၁) ၏ ၄၇ နှစ်မြောက် ကျောင်းဆင်းပွဲနေ့ မေတ္တာမွန်စာလွှာပါ ဖော်ပြမှုအပေါ် ကန့်ကွက်ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ ထုတ်ပြန်















