ကရင် တစ်ပါတီအဖြစ် ပေါင်းစည်းရေး ပါတီ ဖွဲ့စည်းပုံ မူဝါဒ ရေးဆွဲရန်အတွက် ဆွေးနွေးမှုများ ပြုလုပ်ရန် ကရင်တိုင်းရင်းသားငါး ပါတီသည် ဧပြီလကုန်ပိုင်းတွင် တွေ့ဆုံမည်ဖြစ်ကြောင်း ဖလုံ-စဝေါ် ဒီမိုကရက် တစ်ပါတီ ဒုတိယဥက္ကဋ္ဌ ဦးမန်းအောင်ပြည်စိုးက ဧပြီ ၂၅ ရက်တွင် ပြောကြားသည်။အဆိုပါ တွေ့ဆုံမှုကို ကရင်ပြည်နယ် ဘားအံမြို့တွင် ပြုလုပ်မည်ဖြစ်ပြီး ဧပြီ ၂၉ ရက်မှ ၃၀ အထိ နှစ်ရက်ကြာ ဆွေးနွေးမည် ဖြစ်သည်။“အဓိက မူဝါဒ ရေးဆွဲဖို့အတွက် တွေ့ကြမှာပါ” ဟု ကရင်အမျိုးသားပါတီ အထွေထွေ အတွင်းရေးမှူး ဦးမန်းကျော်ငြိမ်းက ပြောကြားသည်။ ထိုသို့ တွေ့ဆုံရာတွင် တစ်ပါတီ နှစ်ဦးနှုန်းဖြင့် ဖွဲ့စည်းထားသည့် ၁၀ ဦး ကော်မတီဝင်များသာ တွေ့ဆုံဆွေးနွေးကြမည် ဖြစ်သည်။“ပါတီအခြေခံ ဥပဒေမူကြမ်း ရေးဆွဲမယ့် ကော်မတီပေါ့။ တစ်ပါတီကို နှစ်ဦးပေါ့။ အကယ်၍ ကျွမ်းကျင်တဲ့သူတွေ ရှိရင် တစ်ပါတီကို တစ်ဦးစီ ခေါ်လာဖို့ ပြောထားတယ်။ မရှိရင်လည်း မခေါ်လာနဲ့ပေါ့” ဟု ဦးမန်းအောင်ပြည်စိုးက ပြောကြားသည်။ကရင်တိုင်းရင်းသား ငါးပါတီအား တစ်ပါတီအဖြစ် ပေါင်းစည်းရန် တစ်နှစ်အတွင်း ပေါင်းစည်းရေး လုပ်ငန်းများ အကောင်အထည်ဖော်ရန် ပါတီ ငါးပါတီ တာဝန်ရှိသူများက ၂၀၁၆ ခုနှစ် ဇန်နဝါရီလအတွင်း ဆွေးနွေးဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။ပါတီပေါင်းစည်းရေး ဆွေးနွေးနေသည့် ကရင်ပါတီများသည် လက်ရှိ တစ်ပါတီ အလိုက် သီးခြားဝင်ရောက် ဆောင်ရွက်နေသည့် မဟာမိတ် အဖွဲ့အစည်းများ မတူညီသည့်အတွက် ပါတီပေါင်းစည်းပြီးပါက မည်သည့် အဖွဲ့တွင် ပါဝင်မည်ဆိုသည့် အချက်မှာလည်း အဓိက အကြောင်းရင်းတစ်ခု ဖြစ်ကြောင်း သိရသည်။တစ်ပါတီအဖြစ် ပေါင်းစည်းရန် ဆွေးနွေးလျက်ရှိသည့် ကရင်တိုင်းရင်းသား ငါးပါတီမှာ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ၊ ကရင်ဒီမိုကရက်တစ်ပါတီ၊ ကရင်ပြည်သူ့ပါတီ၊ ကရင်အမျိုးသားပါတီ၊ ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေး ပါတီတို့ ဖြစ်သည်။ကရင်တိုင်းရင်းသား ပါတီများအနက် ကရင်ပြည်သူ့ပါတီနှင့် ဖလုံ-စဝေါ် ဒီမိုကရက်တစ် ပါတီတို့သည် ၂၀၁၀ ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲ အနိုင်ရရှိမှုများ ရှိခဲ့သည်။သို့ရာတွင် ၂၀၁၅ ရွေးကောက်ပွဲတွင် ကရင်တိုင်းရင်းသား ပါတီများသည် ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သော်လည်း ကရင်ပြည်နယ် သံတောင်ကြီး မဲဆန္ဒနယ် (၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် တစ်နေရာသာ ကရင်ပြည်သူ့ ပါတီမှ အနိုင်ရရှိခဲ့ပြီး ကျန်မဲဆန္ဒနယ်များတွင် တစ်နေရာတည်း၌ ကရင်ပါတီများ ညှိနှိုင်းမှု မရှိဘဲ ဝင်ရောက် ယှဉ်ပြိုင်သောကြောင့် မဲများကွဲကာ ကရင်ပြည်နယ် အတွင်းရှိ နေရာ အများအပြားအား အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ အနိုင်ရရှိခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီမှ နေရာအချို့ အနိုင်ရရှိခဲ့သည်။လက်ရှိတွင် ရခိုင်တိုင်းရင်းသားပါတီ နှစ်ခုသည် ရခိုင်အမျိုးသား ပါတီအဖြစ် ပူးပေါင်း ဖွဲ့စည်းထားပြီးဖြစ်ပြီး ကရင်တိုင်းရင်းသား ပါတီများ၊ ကချင်တိုင်းရင်းသား ပါတီများကလည်း အလားတူ ပူးပေါင်းဖွဲ့စည်းရန် ပြင်ဆင်လာကြခြင်းဖြစ်သည်။၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် တိုင်းရင်းသားပါတီ အများအပြားသည် ၎င်းတို့၏ အဓိက စည်းရုံး လှုပ်ရှားသည့် ဒေသများတွင် မဲများကွဲကာ ရှုံးနိမ့်မှုများ ဖြစ်ပေါ်ခဲ့သည်။
ကရင် တစ်ပါတီအဖြစ် ပေါင်းစည်းရေး ပါတီ ဖွဲ့စည်းပုံ မူဝါဒ ရေးဆွဲရန်အတွက် ဆွေးနွေးမှုများ ပြုလုပ်ရန် ကရင်တိုင်းရင်းသား ငါးပါတီ ဧပြီလကုန်တွင် ထပ်မံ တွေ့ဆုံမည်















