မြန်မာနိုင်ငံမှ အထည်ချုပ်အော်ဒါ မှာယူမှုတွင် ဂျပန်က ထိပ်ဆုံးမှ ဦးဆောင်ဆဲဖြစ်ပြီး ၂၀၁၅ ခုနှစ် အတွင်းက ဂျပန်သို့ အမေရိကန်ဒေါ်လာ သန်း ၅၈၀ ကျော်ဖိုး တင်ပို့နိုင်ခဲ့

မြန်မာနိုင်ငံမှ အထည်ချုပ်အော်ဒါ မှာယူမှုတွင် ဂျပန်က ထိပ်ဆုံးမှ ဦးဆောင်ဆဲဖြစ်ပြီး ၂၀၁၅ ခုနှစ် အတွင်းက ဂျပန်သို့ အမေရိကန်ဒေါ်လာ သန်း ၅၈၀ ကျော်ဖိုး တင်ပို့နိုင်ခဲ့
Published 25 April 2016
နီလာ

မြန်မာနိုင်ငံမှ အထည်ချုပ်အော်ဒါ မှာယူမှုတွင် ဂျပန်နိုင်ငံ ဈေးကွက်မှာ ထိပ်ဆုံးမှ ဦးဆောင်နေဆဲဖြစ်ကြောင်း၊ ၂၀၁၅ ခုနှစ် အတွင်းက ဂျပန်နိုင်ငံမှ ဝယ်ယူမှု အနေဖြင့် အမေရိကန်ဒေါ်လာ သန်း ၅၈၀ ကျော်ဖိုး တင်ပို့နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်းမှ သိရသည်။မြန်မာနိုင်ငံမှ အထည်များကို ၂၀၀၃ ခုနှစ် မတိုင်ခင်က အမေရိကန် ဈေးကွက်သို့ အဓိက တင်ပို့ခဲ့ရကြောင်း၊ ထို့နောက် ၂၀၁၀ ပြည့်နှစ်ခန့်မှ စတင်ကာ ဂျပန်ဈေးကွက်မှာ မြန်မာ့အထည်ချုပ် လုပ်ငန်း၏ အဓိက ဈေးကွက်တစ်ခု ဖြစ်လာခဲ့ကြောင်း သိရသည်။“ဂျပန်က နံပါတ်တစ်ပါ။ ဂျပန်က ၂၀၀၇ လောက်ကတည်းက မြန်မာပြည်ရဲ့ အထည်အများဆုံး ဝယ်တာပါ။ ၂၀၀၃ မတိုင်ခင်က အမေရိကန်ပါ။ ၂၀၀၃ မှာ စီးပွားရေး ပိတ်ဆို့မှု ဖြစ်ပြီးတော့ ၂၀၀၄၊ ၂၀၀၅ မှာ အီးယူပါ။ ၂၀၀၆ လောက်မှာ ဂျပန်က သိသိသာသာ တက်လာပြီး ၂၀၀၇ မှာ ဂျပန်က အပေါ် ရောက်သွားပြီး တောက်လျှောက် တက်လာပါ။ ၂၀၁၀ မှာ ဂျပန်က အီးယူ တစ်ခုလုံး ဝယ်ယူမှုကို ကျော်သွားပါတယ်။ ၂၀၁၁၊ ၂၀၁၂၊ ၂၀၁၃ တောက်လျှောက် တက်လာပါတယ်” ဟု မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်းမှ အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ပြောကြားခဲ့သည်။ဂျပန်နိုင်ငံမှ အထည်ဝယ်ယူမှု အနေအထားမှာ ၂၀၁၀ ပြည့်နှစ်တွင် အမေရိကန် ဒေါ်လာ ၁၈၃ သန်း၊ ၂၀၁၁ ခုနှစ်တွင် အမေရိကန်ဒေါ်လာ သန်း ၃၅၀၊ ၂၀၁၂ ခုနှစ်တွင် အမေရိကန်ဒေါ်လာ သန်း ၄၀၀ ကျော်၊ ၂၀၁၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ  သန်း ၅၀၀ နီးပါး၊ ၂၀၁၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ သန်း ၅၆၀ အထိ ရှိခဲ့ကြောင်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်းမှ ရရှိသော စာရင်းများအရ သိရသည်။“၂၀၁၅ ခုနှစ်မှာ ဒေါ်လာ သန်း ၅၈၀၊ ၅၉၀ လောက်ဆိုတော့ ဂျပန်ကလည်း တက်နေပေမယ့် မနှစ်က ဝယ်အား နည်းနည်း ကျသွားတယ်။ အဲဒါက သူ့နိုင်ငံရဲ့ စီးပွားရေး နည်းနည်း မကောင်းတာရယ် ဂျပန်ယန်းဈေး ကျတာတွေကြောင့်မို့လို့ ထင်ရတာပေါ့နော်။ ဒါပေမဲ့ ဂျပန်က ထိပ်ဆုံးက ဦးဆောင်နေဆဲပါ။ ဒုတိယက ကိုရီးယားက တောက်လျှောက်လိုက်လာတာ။ ဒီနှစ်မှာတော့ ကိုရီးယားက နံပါတ်သုံး ဖြစ်သွားတယ်။ အီးယူက နံပါတ်နှစ်ကို တက်သွားတယ်။ မနှစ်ကအထိ ကိုရီးယားက နံပါတ်နှစ်။ အီးယူက နံပါတ်သုံးနေရာမှာ ရှိနေခဲ့ပါတယ်” ဟု ဒေါ်ခိုင်ခိုင်နွယ်က ဆက်လက်ပြောကြားခဲ့သည်။