ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ အစည်းအဝေး ဧပြီ ၂၄ ရက်တွင် စတင်ကျင်းပ၍ ပြည်နယ်အဆင့်ကော်မတီများ ထပ်မံဖွဲ့စည်းရေး ဆွေးနွေးမည်

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ အစည်းအဝေး ဧပြီ ၂၄ ရက်တွင် စတင်ကျင်းပ၍ ပြည်နယ်အဆင့်ကော်မတီများ ထပ်မံဖွဲ့စည်းရေး ဆွေးနွေးမည်
Published 19 April 2016

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) အစည်းအဝေးကို ဧပြီ ၂၄ ရက်မှ စတင်ကာ ရန်ကုန်မြို့၌ ကျင်းပမည်ဖြစ်ပြီး မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီများ ဖွဲ့စည်းရေးကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း JMC-U အဖွဲ့ဝင် ပအိုဝ်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ PNLO မှ ဒုတိယဗိုလ်မှူးကြီး ခွန်အောင်မန်းက ဧပြီ ၁၈ ရက်တွင် ပြောကြားသည်။တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) အရ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီများကို ဖွဲ့စည်းလျက်ရှိရာ ရှမ်းပြည်နယ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီကို ဇန်နဝါရီ ၉ ရက်က ရှမ်းပြည်နယ် ခိုလန်မြို့၌ လည်းကောင်း၊ တနင်္သာရီတိုင်း ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီကို ဖေဖော်ဝါရီ ၂၅ ရက်တွင် တနင်္သာရီတိုင်း မြိတ်မြို့တွင် လည်းကောင်း ဖွဲ့စည်းခဲ့ပြီး ဖြစ်သည်။ပအိုဝ်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ PNLO မှ ဒုတိယဗိုလ်မှူးကြီး ခွန်အောင်မန်းက “လာမယ့် ၂၄၊ ၂၅ မှာ ကျွန်တော်တို့ JMC-U  ရဲ့ ပုံမှန် အစည်းအဝေးလုပ်မယ်ဗျ။၂၄၊ ၂၅ က ရန်ကုန်မှာ လုပ်မှာ။ လောလောဆယ် နေရာတော့ မသေချာသေးဘူး။ MPC တော့ မဟုတ်တော့ဘူးထင်တယ်။ အဲဒါပြီးတာနဲ့ ကရင်ပြည်နယ် ပြည်နယ်အဆင့်နဲ့ မွန်ပြည်နယ် ပြည်နယ်အဆင့် ဖွဲ့ဖို့ရှိတယ်။ ကျွန်တော်တို့ ပြည်နယ်အဆင့်က နှစ်ခုပဲ ဖွဲ့ထားရသေးတယ်။ ရှမ်းပြည်နယ်နဲ့ တနင်္သာရီတိုင်းမှာပေါ့” ဟု  ပြောကြားသည်။မွန်ပြည်နယ် JMC ဖွဲ့စည်းမှုကို မော်လမြိုင်၌ လည်းကောင်း၊ ကရင်ပြည်နယ် JMC ဖွဲ့စည်းမှုကို ဘားအံမြို့၌ လည်းကောင်း၊ ဧပြီလကုန်ပိုင်းတွင် ပြုလုပ်မည်ဖြစ်ရာ ကိုယ်စားလှယ်များအဖြစ် တပ်မတော်ကိုယ်စားလှယ်များ၊ မွန်နှင့် ကရင်ပြည်နယ်ရှိ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ထိုးထားသည့် အဖွဲ့များဖြစ်သော ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်ဖွဲ့ (DKBA) နှင့် KNU/KNLA ငြိမ်းချမ်းရေးကောင်စီစသည့် အဖွဲ့သုံးဖွဲ့မှ ကိုယ်စားလှယ်များ ပါဝင်မည်ဖြစ်ကြောင်း JMC-U အတွင်းရေးမှူး ဒေါက်တာရွှေခါးက မတ်လအတွင်းက ပြောဆိုထားသည်။တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီများ ဖွဲ့စည်းရာတွင် အစိုးရဘက်မှ ကိုယ်စားလှယ် ငါးဦး၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဘက်မှ ကိုယ်စားလှယ် ငါးဦး၊ အစိုးရဘက်မှ အဆိုပြုသည့် အရပ်သား ကိုယ်စားလှယ်နှစ်ဦး၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဘက် မှ အဆိုပြုသည့် အရပ်သားကိုယ်စားလှယ် နှစ်ဦး စုစုပေါင်း ၁၄ ဦး ပါဝင်ရမည်ဖြစ်ကြောင်း သိရသည်။တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီများအနေဖြင့် တပ်မတော်နှင့် NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား တိုက်ပွဲများ၊ ပဋိပက္ခများ မဖြစ်ပွားရေးအတွက် တပ်နေရာချထားရေးကိစ္စများ ညှိနှိုင်းဆောင်ရွက်ရန်၊ တစ်ဖက်နှင့်တစ်ဖက် ပဋိပက္ခများ ဖြစ်ပေါ်လာပါက ပြဿနာများ ပြေလည်မှုရရှိအောင် ဆောင်ရွက်ရန် နှင့် အရပ်သားများကို အကာအကွယ်ပေးရေးကိစ္စများ စသည်တို့ကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent