ကရင်တိုင်းရင်းသား ငါးပါတီအား တစ်ပါတီအဖြစ် ပေါင်းစည်းရန် ပါတီဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းမူကြမ်း ရေးဆွဲထားသည့် အဆင့်သာရှိသေးကြောင်း ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ ပြောကြား

ကရင်တိုင်းရင်းသား ငါးပါတီအား တစ်ပါတီအဖြစ် ပေါင်းစည်းရန် ပါတီဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းမူကြမ်း ရေးဆွဲထားသည့် အဆင့်သာရှိသေးကြောင်း ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ ပြောကြား
Published 19 April 2016
ကျော်ဇင်ဝင်း

ကရင်တိုင်းရင်းသား ငါးပါတီအား တစ်ပါတီအဖြစ် ပေါင်းစည်းရန်အတွက် ပါတီဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းမူကြမ်း ရေးဆွဲထားသည့် အဆင့်သာရှိသေးကြောင်း ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ ဒုတိယဥက္ကဋ္ဌ ဦးမန်းအောင်ပြည်စိုးက ဧပြီ ၁၈ ရက်တွင် ပြောကြားသည်။အဆိုပါ ကရင်တိုင်းရင်းသား ငါးပါတီအား တစ်ပါတီအဖြစ် ပေါင်းစည်းရန်အတွက် တစ်နှစ်အတွင်း ပေါင်းစည်းရေးလုပ်ငန်းများ အကောင်အထည်ဖော်ရန် ပါတီငါးပါတီ တာဝန်ရှိသူများက ၂၀၁၆ ခုနှစ် ဇန်နဝါရီလအတွင်း ဆွေးနွေး ဆုံးဖြတ်ထားသည်။ “ဖွဲ့စည်းပုံကို ညှိနှိုင်းတာ သဘောတူပြီဆိုရင် ဒါ ရာခိုင်နှုန်းတော်တော်များများ ဖြစ်သွားပြီပေါ့။ ဒီ ဆွဲတဲ့အခါမှာ အခက်အခဲ သဘောမတူတာတွေ နားလည်မှုလွဲတာတွေ ရှိကောင်းရှိနိုင်သေးတယ်။ အခြေခံစည်းမျဉ်းပေါ့။အကြမ်းတော့ လုပ်ထားပြီးပြီ။ အချောမှာ နည်းနည်းပြန်ပြီးတော့ ဆွဲဖို့အကြမ်းခေါင်းစဉ်လေးတွေတော့ သဘောတူထားပြီးပြီ”ဟု ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ ဒုတိယဥက္ကဋ္ဌ ဦးမန်းအောင်ပြည်စိုးက ပြောကြားသည်။ထို့ပြင် ပါတီပေါင်းစည်းရေး ဆွေးနွေးနေသည့် ကရင်ပါတီများသည် လက်ရှိ ပါတီအလိုက် ဝင်ရောက်ဆောင်ရွက်နေသည့်  မဟာမိတ်အဖွဲ့အစည်းများ မတူညီသည့်အတွက် ပါတီပေါင်းစည်းပြီးပါက မည်သည့်အဖွဲ့တွင် ပါဝင်မည်ဆိုသည့်  အချက်မှာလည်း အဓိကအကြောင်းရင်းတစ်ခု ဖြစ်ကြောင်း သိရသည်။“ကျွန်တော်တို့ တစ်နှစ်ခွဲလောက် ကြာမယ်လို့တော့ ခန့်မှန်းထားတယ်။ တစ်ပါတီတည်း ဖြစ်သွားတဲ့အခါကျရင် ဘယ်မဟာမိတ်မှာ ပါဝင်မလဲဆိုတာတွေလည်း ကျွန်တော်တို့ ဆွေးနွေးရတယ်။ အဲဒါလေးက နည်းနည်းလေး ဆွေးနွေးစရာ အချက်လေးတွေ ရှိတယ်ပေါ့။ ဘာကြောင့်လဲဆိုရင်  ဒီ မဟာမိတ်သုံးခုက တစ်ခုနဲ့တစ်ခု အချက်အလက်မတူဘူး။ အဲဒီအပေါ်မှာတော့ အဓိကထား ဆွေးနွေးရမယ်လို့ မြင်တယ်ပေါ့။   အဓိက ကတော့ပြည်သူတွေကလည်း ကျွန်တော်တို့ကို တောင်းဆိုတယ်ပေါ့။ ပါတီတွေ များတဲ့အခါကြတော့ ကျွန်တော်တို့က ကိုယ့်ရဲ့အမျိုးသားပါတီ ဘယ်ပါတီတွေကို ပေးရမလဲမသိဘူးဆိုပြီး ပြောကြတာတွေ ရှိတယ်။ ဒါကြောင့်မို့လို့ပေါ့။တစ်ပါတီ နှစ်ယောက်နှုန်းနဲ့ မူဝါဒရေးဆွဲဖို့ ၁၀ ဦးကော်မတီ ဖွဲ့လိုက်တယ်။ အဲဒီ မူဝါလေးတွေ မူဝါဒအကြမ်းရေးဆွဲမယ်ပေါ့။ အဲဒါပြီးရင် မေလ တတိယပတ်လောက်မှာ ငါးပါတီ ပြန်ပေါင်းပြီး တွေ့ပြီးတော့ အစည်းအဝေး ပြန်ထပ်လုပ်မယ်”ဟု ကရင်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး ဦးမန်းကျော်ငြိမ်းကပြောကြားသည်။တစ်ပါတီအဖြစ်  ပေါင်းစည်းရန် ဆွေးနွေးလျက်ရှိသည့် ကရင်တိုင်းရင်းသား ငါးပါတီမှာ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ၊ ကရင်ဒီမိုကရက်တစ်ပါတီ၊ ကရင်ပြည်သူ့ပါတီ၊ ကရင်အမျိုးသားပါတီ၊ ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီတို့ ဖြစ်သည်။ကရင်တိုင်းရင်းသားပါတီများအနက် ကရင်ပြည်သူ့ပါတီနှင့် ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီတို့သည် ၂၀၁၀ ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲအနိုင်ရရှိမှုများ ရှိခဲ့သည်။သို့ရာတွင် ၂၀၁၅ ရွေးကောက်ပွဲတွင် ကရင်တိုင်းရင်းသားပါတီများသည် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ကရင်ပြည်နယ် သံတောင်ကြီးမဲဆန္ဒနယ်(၂) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် တစ်နေရာသာ ကရင်ပြည်သူ့ပါတီမှ အနိုင်ရရှိခဲ့ပြီး ကျန်မဲဆန္ဒနယ်များတွင် တစ်နေရာတည်း၌ ကရင်ပါတီများ ညှိနှိုင်းမှုမရှိဘဲ ဝင်ရောက်ယှဉ်ပြိုင်သောကြောင့် မဲများကွဲကာ ကရင်ပြည်နယ်အတွင်းရှိ နေရာအများအပြားအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အနိုင်ရရှိခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီမှ နေရာအချို့ အနိုင်ရရှိခဲ့သည်။လက်ရှိတွင် ရခိုင်တိုင်းရင်းသား ပါတီ နှစ်ခုသည် ရခိုင်အမျိုးသားပါတီအဖြစ် ပူးပေါင်းဖွဲ့စည်းထားပြီးဖြစ်ပြီး ကရင်တိုင်းရင်းသားပါတီများ၊ ကချင်တိုင်းရင်းသားပါတီများကလည်း အလားတူ ပူးပေါင်းဖွဲ့စည်းရန် ပြင်ဆင်လာကြခြင်း ဖြစ်သည်။၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် တိုင်းရင်းသားပါတီ အများအပြားသည် ၎င်းတို့၏ အဓိကစည်းရုံးလှုပ်ရှားသည့် ဒေသများတွင် မဲများကွဲကာ ရှုံးနိမ့်မှုများ ဖြစ်ပေါ်ခဲ့သည်။ 

Most Read

Most Recent