သင်္ကြန်ကာလအတွင်း မြို့တွင်းပြေးဆွဲသည့် ခရီးသည်တင် ယာဉ်လိုင်းအချို့မှ ယာဉ်စီးခ ပိုမိုတောင်းခံသည့်အတွက် မထသ (ဗဟို) သို့ တိုင်ကြားသည့် အရေအတွက်မှာ ၅၃ မှုသာရှိ

သင်္ကြန်ကာလအတွင်း မြို့တွင်းပြေးဆွဲသည့် ခရီးသည်တင် ယာဉ်လိုင်းအချို့မှ ယာဉ်စီးခ ပိုမိုတောင်းခံသည့်အတွက် မထသ (ဗဟို) သို့ တိုင်ကြားသည့် အရေအတွက်မှာ ၅၃ မှုသာရှိ
Published 18 April 2016
ဉာဏ်ဝင်းရှိန်

ယခုနှစ် သင်္ကြန်ကာလအတွင်း မြို့တွင်း ပြေးဆွဲသည့် ခရီးသည်တင် ယာဉ်လိုင်းအချို့မှ ယာဉ်စီးခ ပိုမိုတောင်းခံသည့်အတွက် ခရီးသွား ပြည်သူများမှ မထသ (ဗဟို) သို့ တိုင်ကြားသည့် အရေအတွက်မှာ ၅၃ မှုသာရှိကြောင်း မထသ (ဗဟို) မှ စုံစမ်းသိရသည်။သင်္ကြန်ကာလအတွင်း မြို့တွင်းပြေးဆွဲသည့် ခရီးသည်တင် ယာဉ်လိုင်းပေါင်း ၁၁၄ လိုင်းရှိပြီး ယာဉ်စီးရေပေါင်း ၁၆၃၈ စီး ပြေးဆွဲခဲ့ကာ ယင်းတို့အနက် ယာဉ်စီးခ ပိုတောင်းခံသည့်အတွက် ခရီးသွားများက တိုင်ကြားသည့် အမှုမှာ ၅၃ မှုရှိကြောင်း မထသ (ဗဟို)ဥက္ကဋ္ဌ ဦးလှအောင်က ပြောကြားသည်။“ကျွန်တော်တို့ မြို့တွင်းပြေးဆွဲတဲ့ ယာဉ်လိုင်းတွေကို တိုင်ကြားတာနဲ့ ပတ်သက်ပြီး ပြန်ကြည့်တဲ့ အခါမှာ ဧပြီ ၁၂ ရက်က စပြီး ၁၆ ရက်အထိ တိုင်ကြားမှုပေါင်းက ၅၅ မှု ရှိတယ်။ အဲဒီ အထဲမှာမှ ယာဉ်စီးခ ပိုတောင်းလို့ တိုင်တာက ၅၃ မှုရှိတယ်။ ကျန်တဲ့နှစ်မှုက ခရီးစဉ် အစအဆုံး မပြေးဆွဲတာရယ်၊ မချေမငံ ဆက်ဆံတာဖြစ်တယ်။ ဒါပေမဲ့ တစ်ခုရှိတာက အဲဒီလို တိုင်ကြားလာတဲ့အထဲမှာ သင်္ကြန်ကာလ အတွင်းမှာ မပြေးဆွဲတဲ့ယာဉ်လိုင်းအချို့ ပါနေတယ်။ ကျွန်တော်တို့ဘက်ကတော့ ဒီတိုင်ကြားခံရတဲ့ ယာဉ်လိုင်းတွေကို ပြန်စိစစ်ခိုင်းထားတယ်။ ဒီ ၅၃ မှုထဲမှာမှ ပြေးဆွဲတဲ့ ယာဉ်လိုင်းက ဘယ်လောက်၊ မပြေးဆွဲတဲ့ ယာဉ်လိုင်းက ဘယ်လောက်ဆိုတာမျိုး ပြန်ခွဲရဦးမှာ” ဟု ဧပြီ ၁၈ ရက်တွင် ၎င်းက ပြောကြားသည်။ထိုသို့ တိုင်ကြားခံထားရသည့် ယာဉ်လိုင်းများအား စိစစ်၍ မှန်ကန်ပါက စည်းကမ်းချက်အတိုင်း အရေးယူမည်ဖြစ်ပြီး ဒဏ်ကြေးငွေကျပ် ၃၀၀၀၀ ချမှတ်မည်ဖြစ်ကြောင်း ဦးလှအောင်က ဆက်လက်ပြောကြားသည်။“တကယ်လို့ စိစစ်ပြီးလို့ မှန်တယ်ဆိုရင် ကျွန်တော်တို့ဘက်က စည်းကမ်းချက်အတိုင်း အရေးယူပါမယ်။ ပြစ်ဒဏ်ကတော့ ဒဏ်ကြေးငွေ ကျပ် ၃၀၀၀၀ သတ်မှတ်ထားတယ်” ဟု ၎င်းက ပြောကြားသည်။သင်္ကြန်ကာလအတွင်း ရန်ကုန်မြို့တွင်းပြေးဆွဲသည့် ခရီးသည်တင် ယာဉ်လိုင်း အများစုမှာ သတ်မှတ်ထားသည့် ယာဉ်စီးခထက် ပိုမိုတောင်းခံခဲ့ပြီး အနည်းဆုံး ကျပ် ၅၀၀ မှ စတင်ကောက်ခံခဲ့သည်ကို တွေ့ရှိရသည်။