ဒုတိယအကြိမ်လွှတ်တော် ပထမပုံမှန် အစည်းအဝေးများ ပြန်လည်ကျင်းပပါက အစိုးရအဖွဲ့အား မေးခွန်းမေးမြန်းခြင်းနှင့် အဆိုတင်သွင်းခြင်းကို NLD လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် စတင်ဆောင်ရွက်နိုင်ရန် စီစဉ်ထားကြောင်း NLD လွှတ်တော်ရေးရာ ဦးဆောင်ကော်မတီအဖွဲ့ဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ဧပြီ ၁၈ ရက်တွင် ပြောကြားသည်။ပြည်ထောင်စုလွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးများကို မေ ၂ ရက်တွင် ပြန်လည်ကျင်းပမည် ဖြစ်သည်။“ဝန်ကြီးဌာနတွေက ဝန်ကြီးတွေကလည်း တာဝန်ယူပြီးပြီဆိုတော့ အန်တီတို့ စိစစ်ပြီး တင်ပေးထားတဲ့ အဆိုတွေ၊ မေးခွန်းတွေ အားလုံးကတော့ အရင်လိုပဲ ပါလာမှာပေါ့။ တချို့အဆိုတွေက အရေးကြီးအဆိုတွေ ဖြစ်ပြီး တချို့အဆိုတွေက ရိုးရိုးအဆိုတွေ ဖြစ်မယ်။ မေးခွန်းတွေလည်း ပါလာမှာပေါ့”ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ပြောကြားသည်။ထို့ပြင် လွှတ်တော်ကိုယ်စားလှယ်များ မေးမြန်းမည့် မေးခွန်းများတွင် ပြည်ထောင်စုတစ်ဝန်းလုံးနှင့် သက်ဆိုင်သည့် မေးခွန်းမျိုး မဟုတ်ဘဲ ဒေသတစ်ခုနှင့်သာ သက်ဆိုင်သည့် မေးခွန်းများအား ခွင့်ပြုထားခြင်း ရှိ မရှိ မေးမြန်းရာ လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်သည့်အတွက် ၎င်းတို့၏ ဒေသနှင့် သက်ဆိုင်သည့် မေးခွန်းများပါဝင်လာမည် ဖြစ်ကြောင်း ဒေါ်ခင်စန်းလှိုင်က ပြောကြားသည်။“လွှတ်တော်ကိုယ်စားလှယ်တွေက ကိုယ့်ဒေသတွေကို ကိုယ်စားပြုနေရတဲ့အတွက်ကြောင့် အဓိကတော့ ကိုယ့်ဒေသရဲ့ အခက်အခဲအကြောင်းတော့ ပြောကြမှာပဲလေ။ ဒါပေမဲ့ ခုနကလို မမေးသင့်တဲ့ မေးခွန်းမျိုးတွေတော့ အန်တီတို့က မမေးရဘူးလို့ စိစစ်ထားတာမျိုးတွေ ရှိတော့ရှိတာပေါ့။ ဒါပေမဲ့ သူ့ရဲ့ မေးခွန်းအပေါ်မှာတော့ အန်တီတို့က ဒီလိုစိစစ်ထားတယ်ဆိုပေမယ့် သူမေးခွန်းမေးတဲ့အချိန်မှာ အကျယ်ပြောတဲ့အချိန်မှာတော့ ဘာတွေထည့်ပြောမလဲဆိုတာ အန်တီတို့ မသိရဘူးလေ။ ဒါပေမဲ့ လိုအပ်ရင်တော့ အန်တီတို့က ခေါ်မေးရမှာတွေ ရှိတာပေါ့လေ။ အဲဒီတော့ အဓိက လွှတ်တော်အစည်းအဝေး အစီအစဉ်ကို ကြိုရဖို့အရေးကြီးတာပဲလေ။ လွှတ်တော်အစည်းအဝေးအစီအစဉ် ကြိုရရင်တော့ အန်တီတို့က ဒီမေးခွန်းက ဘာတွေပြောမလဲ၊ ဆိုမလဲဆိုတာ မေးကြည့်ရမှာပေါ့ ”ဟု ဒေါ်ခင်စန်းလှိုင်က ပြောကြားသည်။သို့ရာတွင် လွှတ်တော်ပိုင်းက မေးခွန်းမေးမြန်းခြင်းနှင့် အဆိုတင်သွင်းခြင်း ဆောင်ရွက်ရန် စီစဉ်ထားသော်လည်း ပြန်လည်ဖြေကြားမည့်ဝန်ကြီး၏ အဆင်သင့်ဖြစ် မဖြစ်ပေါ် မူတည်ကြောင်း ၎င်းကပြောကြားသည်။“အန်တီတို့က ပြန်ဖြေကြားနိုင်မယ်လို့တော့ မျှော်လင့်ထားတာပဲလေ။ ဘာကြောင့်လဲဆိုတော့ ခုနကပြောသလိုပေါ့။ ဝန်ကြီးဌာနကလည်း ပီပီပြင်ပြင် ဖြစ်လာပြီ။ ဝန်ကြီးတွေ ရှိလာပြီဆိုတော့ ဒီကြားထဲ ပိတ်ရက်တွေလည်း ရှိတဲ့အနေအထားမျိုးမှာ ဝန်ကြီးတွေက လွှတ်တော်ကိစ္စတော့ ဦးစားပေး လုပ်ရမယ်လို့ အန်တီတို့က ဒီလိုပဲ နားလည်တယ်လေ။ အဲဒီအတွက်ကြောင့် ဒီလွှတ်တော်မှာတော့ လာဖြေမယ်။ မေးခွန်းတော့ မေးရတော့မယ်။ အဆိုတွေ တင်ရမယ်လို့ အန်တီတို့ ဒီလိုမျှော်လင့်ထားတယ်။ ဒါပေမဲ့ ဟိုဘက်က အဆင်သင့်ဖြစ်တယ် မဖြစ်တယ်အပေါ်မှာ မူတည်တယ်။ ပြန်လည်ဖြေကြားတဲ့ ပုဂ္ဂိုလ်အဆင်သင့်ဖြစ် မဖြစ်ပေါ့” ဟု ဒေါ်ခင်စန်းလှိုင်က ပြောကြားသည်။ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးများကို ဧပြီ ၆ ရက်မှ စတင်ကာ ခေတ္တရပ်နားခဲ့ပြီး ပြည်ထောင်စုလွှတ်တော် နှင့် အမျိုးသားလွှတ်တော်အစည်းအဝေးများကို ဧပြီ ၇ ရက်မှ စတင်ကာ ခေတ္တရပ်နားခဲ့ခြင်း ဖြစ်သည်။ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေး စတင်ကျင်းပခဲ့သည့် ရက်များတွင် လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ ရွေးချယ်တင်မြှောက်ခြင်း၊ လွှတ်တော်ရေးရာကော်မတီများဖွဲ့စည်းခြင်းနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်းတစ်ရပ် တင်သွင်းအတည်ပြုခြင်းတို့ ဆောင်ရွက်ထားသည်။ထို့အတူ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ ရွေးချယ်တင်မြှောက်ခြင်း၊ လွှတ်တော်ရေးရာ ကော်မတီများဖွဲ့စည်းခြင်း၊ အရေးကြီးအဆို သုံးခု တင်သွင်းအတည်ပြုခြင်းနှင့် အမျိုးသားလွှတ်တော်မှ အတည်ပြု ပေးပို့လာသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်းကိုလည်း ဆွေးနွေးအတည်ပြုခြင်း ဆောင်ရွက်ထားသည်။ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်ရေးရာ ပူးပေါင်းကော်မတီများ ဖွဲ့စည်းခြင်း၊ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် ဖွဲ့စည်းခြင်း၊ နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ခြင်းနှင့် နိုင်ငံတော်သမ္မတ ကရွေးချယ်ခန့်အပ်သည့် ပြည်ထောင်စုဝန်ကြီးများ အပါအဝင် ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များအား အတည်ပြုပေးခြင်း စသည်တို့ကို ဆောင်ရွက်ခဲ့သည်။ဒုတိယအကြိမ် လွှတ်တော်သက်တမ်းအတွက် ပြည်သူ့လွှတ်တော်အစည်းအဝေးများကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်၌ လည်းကောင်း၊ အမျိုးသားလွှတ်တော် အစည်းအဝေးများကို ဖေဖော်ဝါရီ ၃ ရက်၌ လည်းကောင်း၊ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကို ဖေဖော်ဝါရီ ၈ ရက်၌ လည်းကောင်း စတင်ကျင်းပခဲ့ခြင်း ဖြစ်သည်။
လွှတ်တော် ပုံမှန်အစည်းအဝေးများ ပြန်လည်ကျင်းပပါက NLD အစိုးရအား လွှတ်တော်ကိုယ်စားလှယ်များက မေးခွန်းမေးမြန်းခြင်းနှင့် အဆိုတင်သွင်းခြင်းကို စတင်ဆောင်ရွက်နိုင်ရန် စီစဉ်ထား















