မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ်၊ လက်ဆောင်ယူကျေးရွာနှင့် ပုဏ္ဍားခြံကျေးရွာကြား ဧရာဝတီမြစ်လယ် ရေကြောင်းအတွင်း ဆန်တက်မောင်းနှင်နေသော ကျောက်မီးသွေး တင်ဆောင်လာသည့် လွိုင်ဆမ်စစ် သင်္ဘောပေါ်သို့ စက်လှေတစ်စီးဖြင့် ချဉ်းကပ်တက်ရောက်ကာ အနုကြမ်းစီး လုယက်မှု ကျူးလွန်သူများအနက် နှစ်ဦးကို ဧပြီလ ၁၈ ရက်နေ့ နံနက်ပိုင်းက ထပ်မံ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကိုင်းခရိုင် ရဲစခန်းမှ သတင်းရရှိသည်။“မနေ့က အနုကြမ်း လုယက်မှု ဖြစ်ပွားတဲ့ အပိုင်းက မန္တလေးနဲ့ တံတားဦးအပိုင် ဆိုပေမယ့် ကျူးလွန်သူတွေဟာ စစ်ကိုင်းဘက်ခြမ်းကို ထွက်ပြေးလွတ်မြောက်သွားတာကြောင့် ရေကြောင်းရဲ အပါအဝင် အဖွဲ့တွေ ပူးပေါင်းဖမ်းဆီး ခဲ့ရတယ်။ ဖြစ်စဉ် ဖြစ်ပွားပြီး ညပိုင်းမှာ စစ်ကိုင်းဘက်က ၆ ဦး ဖမ်းဆီးရမိခဲ့ပြီး တံတားဦး စခန်းကို လွှဲပြောင်းပေးခဲ့ပါတယ်။ အဲဒီနေ့ညမှာပဲ ကျောက်မီးသွေးတင်သင်္ဘော ဆိုက်ကပ်တဲ့ အနီးနားက မသင်္ကာတဲ့ သူတစ်ယောက်ကို ဖမ်းမိရတာမို့ ပေါင်း ၇ ဦး ဖမ်းဆီး စစ်ဆေးနေပြီး ဒီနေ့ မနက်ပိုင်းမှာ ကျူးလွန်သူတွေ ထွက်ပြေးသွားတဲ့ စစ်ကိုင်းဘက်ခြမ်း နောက်ကြည့်ကျွန်းကနေ နှစ်ဦး ထပ်မံဖမ်းဆီးရမိလို့ ပေါင်း ၉ ဦး ဖမ်းဆီးထားပါတယ်” ဟု စစ်ကိုင်းခရိုင် ရဲတပ်ဖွဲ့မှ ဒုရဲမှူး ထိုက်လင်းက ပြောကြားသည်။အနုကြမ်းစီး လုယက်မှုဖြစ်စဉ် ကျူးလွန်သူများမှာ အဆိုပါ သင်္ဘောပေါ်သို့ ဧပြီလ ၁၇ ရက်နေ့ မွန်းလွဲ ၂ နာရီကျော်ခန့်က ခရီးသည်ဟန်ဆောင်ကာ စက်လှေဖြင့် ချဉ်းကပ်တက်ရောက်ပြီး ဓားများကိုင်ဆောင်၍ သင်္ဘောပေါ်ရှိ မှန်များ ရိုက်ခွဲခြင်း၊ ရေတိမ်ဒေသသို့ မောင်းနှင်ခိုင်းခြင်းနှင့် ရွှေထည်ပစ္စည်း ၆ မျိုး (တန်ဖိုး ၁၅ သိန်းကျော်)၊ ငွေကျပ် ၈ သိန်းနှင့် လူသုံးကုန်ပစ္စည်း ၂၃ မျိုး(တန်ဖိုး ၉ သိန်းခန့်) အားယူဆောင်ကာ စက်လှေဖြင့် စစ်ကိုင်းမြို့နယ် ရိပ်သာကျွန်းဘက်သို့ ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။ယင်းသို့ ဖြစ်စဉ်ကျူးလွန်သူများကို ဧရာဝတီမြစ်ကြောင်းအတွင်း လှည့်ကင်းဆောင်ရွက်နေသည့် ရေကြောင်းရဲတပ်ဖွဲ့မှ လိုက်လံဖမ်းဆီးခဲ့ရာ၌ စက်လှေချင်း ဖြတ်တိုက်ခြင်း၊ ဓားမြှောင်များဖြင့် ပစ်ပေါက်ခြင်း၊ ဓာတ်ဆီပုလင်းများ မီးရှို့၍ လှမ်းပစ်ခြင်း၊ ငှက်ကြီးတောင်ဓားများဖြင့် လှမ်းခုတ်ခြင်းများ ပြုလုပ်ထွက်ပြေးခဲ့ခြင်းကြောင့် ရေကြောင်းရဲတပ်ဖွဲ့မှ လက်နက်ငယ်များဖြင့် ခြောက်လှန့် ပစ်ခတ်ခဲ့ရကြောင်း သိရှိရသည်။
ဧရာဝတီမြစ်လယ်တွင် ရပ်နားထားသည့် ကျောက်မီးသွေးတင် သင်္ဘောပေါ်၌ အနုကြမ်းစီး လုယက်မှု ဖြစ်စဉ် ကျူးလွန်သူများအနက် နှစ်ဦး ထပ်မံ ဖမ်းဆီးရမိ