သင်္ကြန်ကာလအတွင်း နိုင်ငံတစ်ဝန်း အမှုပေါင်း ၂၀၀ ဝန်းကျင် ဖြစ်ပွားပြီး သေဆုံးသူ ၃၂ ဦးကျော် ရှိခဲ့

သင်္ကြန်ကာလအတွင်း နိုင်ငံတစ်ဝန်း အမှုပေါင်း ၂၀၀ ဝန်းကျင် ဖြစ်ပွားပြီး သေဆုံးသူ ၃၂ ဦးကျော် ရှိခဲ့
Published 18 April 2016
ဝေလင်းအောင်၊ ပြည့်ဖြိုးအောင်

၁၃၇၇ ခုနှစ် မြန်မာနှစ်သစ်ကူး သင်္ကြန်ကာလအတွင်း နိုင်ငံတစ်ဝန်း အမှုပေါင်း ၂၀၀ ဝန်းကျင် ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၃၂ ဦးကျော်အထိ ရှိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ကနဦး ထုတ်ပြန်ချက်အရ ဧပြီ ၁၂ ရက်မှ ဧပြီ ၁၅ ရက်အတွင်း လူသတ်မှု တစ်မှု၊ မုဒိန်းမှု တစ်မှု၊ ခိုးမှုနှစ်မှု၊ ခါးပိုက်နှိုက်မှု/ခိုးမှု မသင်္ကာမှု ၅၈ မှု၊ ယာဉ်တိုက်မှု ၃၄ မှု၊ နာကျင်စေမှု ၃၇ မှု၊ ကာအိန္ဒြေ ဖျက်ဆီးမှု ခြောက်မှု၊ လက်နက်မှု ရှစ်မှု၊ ယစ်မျိုးဖမ်းဆီးမှု ၁၇ မှုနှင့် သေမှုသေခင်း ၁၄ မှုတို့ ဖြစ်ပွားခဲ့ပြီး အမှုပေါင်း ၁၈၉ မှု၊ သေဆုံးသူ ၃၂ ဦး၊ ဒဏ်ရာရသူ ၂၃၅ ဦးတို့ ရှိကြောင်း သိရသည်။ယခုနှစ် သင်္ကြန်တွင် တစ်နိုင်ငံလုံး၌ ယာဉ်တိုက်မှုပေါင်း ၃၄ မှု၊ သေဆုံးသူ ၁၄ ဦး၊ ဒဏ်ရာရသူ ၁၇၆ ဦး ရှိခဲ့ပြီး ယခင်နှစ် သင်္ကြန်တွင် ယာဉ်တိုက်မှု ၄၃ မှု၊ သေဆုံးသူ ကိုးဦး၊ ဒဏ်ရာရရှိသူ ၂၆၁ ဦးရှိခဲ့ကြောင်း ရဲမှုခင်း မှတ်တမ်းများအရ သိရသည်။“ဒီနှစ်သင်္ကြန် ရန်ကုန်မှာ ကွပ်ကဲရေးရုံးတွေ ဖွင့်ခဲ့ပါတယ်။ လုံခြုံရေး ရဲတပ်ဖွဲ့ခွဲက စစ်ကြောင်းတစ်ခွဲ နောက်ပြီး နယ်မြေရဲ၊ ကြက်ခြေနီတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့တွေက တစ်ဖွဲ့ပေါ့။ မြို့နယ်မှူးတွေ၊ ခရိုင်မှူးတွေ ကိုယ်တိုင် ကွပ်ကဲရေးရုံးကနေ ကြီးကြပ်ပါတယ်။ ဒီမှာတော့ ထူးထူးခြားခြား ဖြစ်စဉ်မျိုးတော့ မရှိပါဘူး” ဟု ပြည်လမ်းတွင် တာဝန်ကျ ရဲမှူးကြီး ဗညားဦးက ပြောကြားသည်။ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ မဟာသင်္ကြန်နေ့များတွင် ရေကစားသူများ ဘေးကင်းလုံခြုံမှု ရှိစေရန် ဘေးအန္တရာယ် ဖြစ်စေသော တုတ်၊ ဓား လက်နက်များ ရှာဖွေသိမ်းဆည်းခြင်းများအပြင် ရေပက်ခံ မော်တော်ယာဉ်များပေါ်၌ ယူဆောင်လာသည့် အချိုရည်ပုလင်း၊ ဘီယာပုလင်းများမှာ ဘေးအန္တရာယ် ဖြစ်စေသော လက်နက်အဖြစ် အသုံးပြုလာနိုင်သောကြောင့် ကြိုတင်ကာကွယ်မှုများကို ခရိုင်ရဲတပ်ဖွဲ့ အသီးသီးရှိ လုံခြုံရေး ဆောင်ရွက်နေသော ရဲတပ်ဖွဲ့ဝင်များက အဆိုပါ အချိုရည်ပုလင်း၊ ဘီယာပုလင်းများကို ပလတ်စတစ်အိတ်များ၊ ပလပ်စတစ်ဘူးများဖြင့် လဲလှယ်ပေးခဲ့ပြီး လက်ကိုင်စပီကာဖြင့်လည်း အသိပေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ထို့ပြင် ရေပက်ခံ မော်တော်ယာဉ်များဖြင့် လည်ပတ်သူများ အနေဖြင့် ဘေးအန္တရာယ် ဖြစ်စေသော တုတ်၊ ဓား လက်နက်များအပြင် ရန်ပြုနိုင်သည့် လက်နက်များကို ယူဆောင်ခြင်း မပြုကြရန် အသိပေးခြင်းများ ပြုလုပ်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ ထုတ်ပြန်ခဲ့သည်။