အမှန်တရားဘက်မှ ရပ်တည်နိုင်သည့် ပုဂ္ဂိုလ်များ ဖြစ်ကြပါစေကြောင်းနှင့် တပ်ရယ်၊ အရပ်ရယ်ဆိုသည့် မဟာတံတိုင်းကြီး မခြားစေချင်ကြောင်း သမ္မတအိမ်တော်သင်္ကြန်ပွဲ၌ နိုင်ငံတော်သမ္မတ ပြောကြား

အမှန်တရားဘက်မှ ရပ်တည်နိုင်သည့် ပုဂ္ဂိုလ်များ ဖြစ်ကြပါစေကြောင်းနှင့် တပ်ရယ်၊ အရပ်ရယ်ဆိုသည့် မဟာတံတိုင်းကြီး မခြားစေချင်ကြောင်း သမ္မတအိမ်တော်သင်္ကြန်ပွဲ၌ နိုင်ငံတော်သမ္မတ ပြောကြား
Published 17 April 2016
နေရိုင်း၊ စိုးမင်းထိုက်

အမှန်တရားဘက်မှ ရပ်တည်နိုင်သည့် ပုဂ္ဂိုလ်များ ဖြစ်ကြပါစေဟု ဧပြီ ၁၂ရက်က  နိုင်ငံတော်သမ္မတအိမ်တော်၌ ကျင်းပသည့် သင်္ကြန်အကြိုနေ့ သင်္ကြန်ပွဲတော်တွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်က နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး တပ်ရယ်၊ အရပ်ရယ် ဆိုသည့် မဟာတံတိုင်းကြီး မခြားစေချင်ကြောင်း နိုင်ငံတော်သမ္မတက အဓိကထား ပြောကြားသည်။သမ္မတအိမ်တော်၌ ယခင်နှစ်က သင်္ကြန်ပွဲတော် နှစ်ပွဲ ကျင်းပသော်လည်း  တပ်ရယ်၊ အရပ်ရယ်ဟူ၍ နှစ်ခုခွဲပြီး မပြုလုပ်လိုခြင်း နှင့် ခြိုးခြံချွေတာရန်ဆိုသည့် မူတို့ကြောင့် ယခုနှစ်တွင် တစ်ပွဲတည်းသာ ကျင်းပရခြင်း ဖြစ်ကြောင်း သမ္မတက ပြောကြားသည်။မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသား အားလုံးသည် တပ်ရယ်၊ အရပ်ရယ် ဆိုသည့် အသုံးအနှုန်းကြောင့် ပေါင်းသင်းဆက်ဆံရေး၊ ကူးလူးဆက်ဆံရေးတွင် မဟာတံတိုင်းကြီးလို ခြားနေတာမဖြစ်စေချင်ဟု နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ဆိုသည်။နိုင်ငံတော်သမ္မတက “တကယ့်ကို ရင်းရင်းနှီးနှီးနဲ့ ခင်ခင်မင်မင် တစ်ယောက်နဲ့ တစ်ယောက် ဆက်ဆံကြစေချင်ပါတယ်။ အထူးသဖြင့် မသိခဲ့ပေမယ့် အကုန်လုံးစကားပြောနိုင်အောင် ကြိုးစားကြပါ။ မပြောနိုင်တာကိုလည်း အပြစ်မတင်ချင်ပါဘူး။ သို့သော်လည်း တတ်နိုင်သမျှ ကြိုးစားကြရမှာပါ။ အမှန်ကတော့ ကိုယ်တစ်ယောက်တည်း နေလို့မရပါဘူး။ အားလုံးဟာ ဆွေမျိုးသားချင်းတွေပါပဲ။ ကျွန်တော်တို့ရဲ့ ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက တော်လှန်ရေးကာလမှာ ပြန်စဉ်းစားလိုက်ရင် တပ်မတော်က ပြည်သူတွေရဲ့ အသက်အိုးအိမ် ဘေးအန္တရာယ်တွေကို ကာကွယ်ပေးခဲ့တယ်။ အရပ်ဘက်ကလည်း ရှိရာလက်နက် ကိုင်စွဲပြီးတော့ သူတို့တတ်နိုင်တဲ့အားနဲ့ တပ်မတော်သားတွေဘက်ကနေ အသက်စွန့်လွှတ် ပါဝင်ခဲ့ကြတယ်။ အပြန်အလှန်ပေါ့။ အားလုံး အပြန်အလှန်ပဲ။ အဲဒီလိုရှိခဲ့တယ်။ ဒါတွေကို ပြန်ပြီး စဉ်းစားမယ်ဆိုလို့ရှိရင်  တစ်ယောက်နဲ့တစ်ယောက်ဟာ အတူတူပဲ။ ဆွေမျိုးသားချင်းလို သဘောပေါက်လာကြမယ်။ အလုပ်လုပ်တဲ့နေရာမှာလည်း အစစအရာရာမှာ တိုးတက်လာမယ်။ အဆင်ပြေလာမယ်။ သဟဇာတ ဖြစ်လာမယ်။ ကျွန်တော်တို့ နိုင်ငံတော်ကြီး တိုးတက်ရာတိုးတက်ကြောင်းကို လုပ်တဲ့နေရာမှာ ပိုမိုပြီး အရှိန်အဟုန်ရမယ်လို့ ထင်ပါတယ်။ ပြည်သူ့အင်အားနဲ့ ပိုမိုပြီးတော့ ရှိလာမယ်လို့ထင်ပါတယ်” ဟု ပြောကြားသည်။အများအကျိုးကို ဆောင်နိုင်သည့် ပုဂ္ဂိုလ်များဖြစ်ကြပါစေ၊  မင်းပြစ်မင်းဒဏ်မှ ကင်းဝေးကြပါစေဟုလည်း  နိုင်ငံတော်သမ္မတက သင်္ကြန်ပွဲတော် နှုတ်ခွန်းဆက် စကားပြောကြားရာ၌ ထည့်သွင်းပြောကြားသည်။ဆက်လက်၍ နိုင်ငံတော်သမ္မတက “ကျွန်တော် ဒါကို ဘာကြောင့်ပြောရလဲဆိုတော့ မင်းပြစ်မင်းဒဏ်ကို ပြောတာ။ ကျွန်တော့်အတွက်လည်း ပါပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုမျိုးဟာက ကျွန်တော်တို့လည်း  ဘယ်မင်းမှ အုပ်ချုပ်တဲ့ မင်းလည်း ကိုယ့်တိုင်းသူပြည်သား ရင်သွေးရင်သားတွေကို အပြစ်ဆိုတာ ပေးချင်မှာမဟုတ်ပါဘူး။ မတတ်သာလို့ ပေးခဲ့ရတယ်။ ရင်ထဲမှာ ချမ်းသာနိုင်မှာ မဟုတ်ပါဘူး။ အဲဒီတော့ ဒါမျိုးမကြုံရအောင်၊ နောက်ပြီးတော့ ကျွန်တော်တို့နဲ့ လက်တွဲဆောင်ရွက်နေတဲ့ ပုဂ္ဂိုလ်တွေလည်း  ဒီလိုအဖြစ်မျိုး မဖြစ်ရအောင် နှစ်ဦးနှစ်ဖက် စောင့်ထိန်းနိုင်ကြပါစေလို့ ပြောချင်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုနဲ့ ထိန်းသိမ်းကြပါ။ မပြောတတ်၊ မဆိုတတ်တာတွေကို သည်းခံနားလည်ရင်း လာမယ့် နိုင်ငံဟာ ပျော်ရွှင်ချမ်းမြေ့တဲ့ နိုင်ငံသစ်ကြီး ဖြစ်ပါစေလို့။ အစထက် ပိုပြီးတော့ အောင်မြင်ပါလိမ့်မယ်။ ကမ္ဘာက လေးစားတဲ့နိုင်ငံကြီး ဖြစ်လာပါလိမ့်မယ်။ ကျွန်တော်အဓိက ပြောချင်တာက  တပ်ရယ်၊ အရပ်ရယ်ဆိုတဲ့ မဟာတံတိုင်းကြီးကို မခြားစေချင်ပါဘူး။ အားလုံးဟာ အတူတူပါပဲ။ ညီအစ်ကို မောင်နှမတွေချည်းပါပဲ။ အားလုံးဟာ နားလည်မှုရှိရင် ပြောဆိုဆက်ဆံရင်းနဲ့ နားလည်မှုရကြပါစေလို့ ဆုတောင်းမေတ္တာ ပို့ပါတယ်”ဟု ပြောကြားသည်။အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်၊  ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံ ရုံးဥက္ကဋ္ဌ ဦးမျိုးညွန့်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ ပြည်ထောင်စုဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများ စသည်တို့နှင့် ၎င်းတို့၏ မိသားစုဝင်များ ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံး၏ သတင်းဖော်ပြချက်အရ သိရသည်။နိုင်ငံတော် သမ္မတအိမ်တော်၌ ကျင်းပသည့် သင်္ကြန်ပွဲတော်တွင် တေးသံရှင်များနှင့် ယိမ်းအဖွဲ့များ၊ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များ၊ တေးသံရှင်နှင့် ရုပ်ရှင်သရုပ်ဆောင်များက ယိမ်းအကအလှများနှင့် တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့သည်။ 

Most Read

Most Recent