ရေ

ရေ
Published 9 April 2016
မောင်တင်ဦး (မြောင်းမြ)

သဝေထိုးရကောက်ရေ...ရေပထမတန်းရောက်တော့ ဆရာမက ရေ၊ လေ၊ နေဆိုတဲ့ ဝေါဟာရတွေကို စာလုံးပေါင်း သင်ပေးတယ်။သဝေထိုးရကောက်ရေ...ရေ။ထိုစဉ်က မူလတန်းကျောင်းက စုတ်စုတ်ပြတ်ပြတ်လေး ။ ခေါင်မိုးကဓနိမိုး။ ထရံကာ ဝါးထရံအောက်ခင်း ဘူမိကကမ္ဗလာ မြေမွေ့ရာသက်သက်။ သောက်ရေအိုးစင်က ကျောင်းရဲ့အရှေ့ဘက်မှာ။ သစ်သားတန်းသုံးခုနဲ့ တွဲရိုက်ထားတဲ့ တန်းပေါ်မှာ ရေအိုးက နှစ်လုံးတင်ထားတယ်။    ရေအိုးထဲကို ရေခပ်ဖို့ သုံးတန်း၊ လေးတန်း ကျောင်းသားကြီးတွေက တာဝန်ယူရတယ်။ ရွာရှေ့ဘက် ဦးခေမာရ ဘုန်းကြီးကျောင်း ခြံဝင်းထဲမှာ ရေတွင်းရှိတယ်။ အဲဒီရေတွင်းကရေကို ကျောင်းသားကြီး လေးယောက်က ခပ်ယူရတာ။ ကြိုးပါတဲ့နှီးရေပုံးကို ကျောင်းသားနှစ်ယောက်က တာဝန်ယူ။  ရေသယ်ယူမယ့် ရေပုံးကို ကျောင်းသားနှစ်ယောက်က တာဝန်ယူ။ သူတို့လေးယောက်က တာဝန်ကျတဲ့နေ့ စောစောလာ။ သောက်ရေအိုးမှာ ရေဖြည့်။ ရေတွင်းကရေ ကြည်စိမ်းပြီး အေးမြနေတာ။ သောက်ရေအိုးထဲ ထည့်တော့လည်း ရေစစ်တွေ မလိုဘူး။ သောက်ရေအိုးထဲကရေကို တစ်ခါတည်း (ဘာမှမပြုပြင်ဘဲ) သောက်လိုက်ရုံပဲ။ အမောကိုပြေလို့။ ခုခေတ်လို အသည်းရောင် အသားဝါရောဂါ မဖြစ်။ ဝမ်းလျှောရောဂါမဖြစ်။ ပတ်ဝန်းကျင် မညစ်ပတ်။ လူတွေခုလောက် မများသေး။ စည်းကမ်းခုလောက် မပျက်သေး။ဒီလိုနဲ့ မြို့ပြ တစ်နေရာကို မိဘတွေ ပြောင်းရွှေလို့ မြို့သားဖြစ်လာတယ်။ ဒီတစ်ခါရေကို ရေတွင်းထဲက ခပ်ယူလို့ မရတော့။ မြူနီစီပယ်ကပေးတဲ့ ရေဆိုလား။ စည်ပင်သာယာက ပေးတဲ့ရေဆိုလား။ ဘုံဘိုင်ခေါင်းက တစ်စက်စက် ကျတဲ့ရေကို ရေပုံးနဲ့ ခံယူရတယ်။ ရေတစ်ပုံးပြည့်ဖို့ နာရီဝက်လောက် ကြာတယ်။ ရေတစ်ထမ်းရဖို့ ရေဘုံဘိုင်ခေါင်းထိ ထိပ်ကထား တန်းစီကြရတယ်။ ရေဘုံဘိုင်ခေါင်းနဲ့ နောက်ဆုံး တန်းစီတဲ့ ရေပုံးက ပေငါးဆယ်၊ တစ်ရာလောက်ထိ ရှည်တယ်။ ကိုယ့်အလှည့် ရေရဖို့စောင့်ရင်း အပျိုမလေးနဲ့ လူပျိုလေးတို့စကားပြောကြတယ်။ နောက်ရှိုး တိုးရှိတ် တိတ်ပြောကြတယ်။ နောက်သိသိသာသာ သမီးရည်းစား ဖြစ်လာတယ်။ အဖေ၊ အမေသိသွားရင် ခိုးရာလိုက်ပြေးကြတယ်။ “ရေဘုံဘိုင်ဖူးစာ” လို့ ဆိုစမှတ်ပြုကြတယ်။ဒီလို အိမ်ထောင်ရက်သား ကျသွားသူတွေ ရပ်ကွက်ထဲမှာ မနည်းမနောပဲ။ ခုတော့ သူတို့သားတွေ၊ သမီးတွေ ရေပုံးကိုယ်စီနဲ့ ရေတစ်ထမ်းရဖို့ တန်းစီနေကြဖို့။ ဘယ်တော့ဖူးစာရှင်တွေ ဖြစ်မလဲမသိ။ စောင့်ကြည့်ရဦးမယ်။ ရပ်ကွက်ထဲနေရာက ကန်ထရိုက်တိုက်တွေ ဆောက်ကြတယ်။ တိုက်တွေဆိုတော့ ခလုတ်တွေက အရေးပါလာတယ်။ မီးခလုတ်၊ ရေခလုတ်၊ တီဗွီခလုတ်၊ လေအေးပေးစက်ခလုတ်၊ အိမ်သာရေဆွဲခလုတ်၊ ခလုတ်တွေနဲ့ အလုပ်လုပ်ကြရပြန်ရော။ ခလုတ်ပေါင်းစုံထဲမှာ ရေတင်တဲ့ ရေမော်တာနဲ့ ရေချိုးခန်းထဲ ရေဆွဲတင်ရတယ်။ တိုက်တစ်လုံးမှာ မော်တာ ၁၀ လုံး ရှိတယ်။ ရေစက်ကရေတင်ပြီဆိုတာနဲ့ မော်တာတွေက သူ့ထက်ငါအရ ပြိုင်ဆွဲတင်ကြတယ်။ နည်းနည်းနောက်ကျသွားရင် မော်တာမှာလေခိုပြီး ရေတင်လို့ မရတော့ဘူး။ ရေတင်လို့မရရင် ထမင်း၊ ဟင်းချက်ဖို့ ရေမရှိ။ ပန်းကန်ခွက်ယောက် ဆေးလို့မရ။ အဝတ်မလျှော်နိုင်။ ရေအိမ်ပြီးရင် ဖြေရှင်းမရ။ ရေချိုးလို့မရ။ နောက်ဆုံးဝရန်တာပေါ်က သစ်ခွပန်းကို ရေလောင်းလို့မရ။ ရေမရှိရင် အဆင်မပြေတာတွေ ဒီလောက်များမှန်း ခုမှ သေသေချာချာ သိရတယ်လို့ ပြောရတော့မှာပဲ။“သဝေထိုးရကောက် ရေ..ရေ” ဟာ လောကတစ်ခုလုံးမှာ ဒီမျှအရေးပါမှန်း ပိုပိုသိလာရတယ်။ ဓာတုဆေးဝါး ထုတ်လုပ်ရာမှာ ရေဟာမရှိမဖြစ်။ အုတ်၊ ဘိလပ်မြေ၊ သဲနဲ့ မဆလာ ဖျော်စပ်ရာမှာလည်း ရေကပဲပါရသေး။ ဘုရားစင်ထဲက သစ်ပင်တွေ စိမ်းလန်းစိုပြေဖို့ကလည်း ရေလိုသေးတာပဲ။ဒါတင်ပဲလား မဟုတ်သေးဘူး။ ပုပ္ပားတောင်က သစ်ပင်တွေ စိမ်းလန်းနေတာလည်း ရေကြောင့်ပဲ။ ထို့အတူ ကျွန်းပင်၊ ပျဉ်းကတိုးပင် စတဲ့သစ်ပင်တွေ ရှင်သန်ကြီးထွားလာတာလည်း မရှိမဖြစ် ရေကြောင့်ပဲ။ ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ စစ်တောင်းမြစ်၊ သံလွင်မြစ်၊ မြစ်ငယ်မြစ်၊ ကုလားတန်မြစ်၊ မုန်းချောင်း၊ မန်းချောင်း စသည်တို့ ဖြစ်တည်နေတာလည်း ရေကြောင့်ပဲ။ငှက်တွေပျော်စံရာ၊ ငါးတို့ကူးခပ်ရာ၊ လိပ်တို့နေထိုင်ရာ နေရာတွေကလည်း ရေနဲ့ ဖွဲ့စည်းထားတဲ့ ရေအိုင်တွေ၊ မြစ်ချောင်းအင်းအိုင်တွေပဲ။ မိုးယွန်းကြီးအင်း ရေအိုင်မှာ ငှက်တို့အတွက်သာမက လူသားတွေ၊ သုတေသနပြုသူတွေ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းသူတွေ အတွက်ပါ အဖိုးတန်လှတဲ့ နေရာတွေပဲ။ ဒါလည်း ရေကြောင့်ဆိုတာ မမေ့နဲ့။ ဒီလို အခြေအနေတွေမှာ ရေရဲ့အသက်ဟာ တစ်မနက်ဆို မဟုတ်တော့ဘူး ရေရဲ့အသက် တစ်စက္ကန့်အထိ အရေးကြီးလာတယ်။ ရေမရှိလို့ သက်ရှိလူသား အပါအဝင် သက်ရှိသက်မဲ့ အားလုံး ရှင်သန်တည်မြဲဖို့ မဖြစ်နိုင်တော့ဘူး။မရှိမဖြစ် ရေယနေ့သတင်းစာတွေထဲ၊ ဂျာနယ်တွေထဲမှာ ရေပြတ်လပ်တဲ့သတင်းတွေ ဖတ်နေရတယ်။ အညာဒေသမှာတင် ရေပြတ်လပ်တာ မဟုတ်ဘူး။ အခြားတိုင်းဒေသတွေမှာလည်း ရေပြတ်လပ်ကုန်ပြီ။ ယခင်က မကြားဖူးတဲ့ ဒေသတွေမှာလည်း ရေပြတ်လပ်တဲ့ သတင်းတွေ ကြားနေရပြီ။ဒီသတင်းဟာ တစ်နှစ်ထက်တစ်နှစ်ကို ပိုကျယ်လောင်လာတယ်။ ပိုကျယ်ပြန့်လာတယ်။ ဒါဟာ ကောင်းသတင်း မဟုတ်ဘူး။ စင်စစ်ရေဧရိယာဟာ၊ မြေဧရိယာထက် ၄ ပုံ ၃ ပုံလောက် ကျယ်ဝန်းတယ်လို့ သိရတယ်။ ရေဆိုတိုင်းလည်း သက်ရှိသတ္တဝါ၊ လူတွေအတွက် အသုံးတည့်လှတာ မဟုတ်ဘူး။ ရေငန်တွေ၊ အာဆင်းနစ်ဓာတ် ပါဝင်မူ လွန်ကဲနေတဲ့ရေတွေ သက်ရှိသတ္တဝါတွေကိုပါ အန္တရာယ်ပေးနေကြတာ။ ရေငန်တွေက ကုန်းနေ သက်ရှိတွေနဲ့ သဟဇာတ မဖြစ်ဘူး။ အာစင်းနစ်ဆိုတာက အဆိပ်ဓာတ်ရေထဲမှာ အလစ်ချောင်းပြီး အငိုက်ဝင်တိုက်နေတဲ့ ဓာတ်တွေ။ဘယ်လိုပဲဖြစ်ဖြစ်၊ ရေကတော့ တစ်မနက် မဟုတ်ဘူး။ စက္ကန့်မလပ် လိုနေတာ။ ချဉ်ပေါင်စေ့၊ ငရုတ်စေ့တွေကို ရေဓာတ်ခန်းခြောက်နေတဲ့ မြေကြီးပေါ် ကြဲပက်ကြည့်။ ဘယ်လိုမှ အပင်ပေါက်မလာဘူး။ အဲဒီမြေကြီးကို ရေလောင်းပေးကြည့်။ နောက်တစ်နေ့ အပင်ပေါက်ဖို့ အညှောက်လေးတွေ ထွက်လာတယ်။ ရေဟာကမ္ဘာဦး စကတည်းကဖြစ်တည် လာတာ။ သစ်ပင်တွေ၊ သက်ရှိတိရစ္ဆာန်တွေ၊ ရေမှော်တွေ ရေရှိလို့ သူတို့တွေ ရှိလာတာ။ရေဟာကမ္ဘာဦးအစမှ ယနေ့လူဦးရေ သန်းထောင်ရှိလာတဲ့ မျက်မှောက်ခေတ်ကမ္ဘာ အထိ တစ်မနက်မပြတ်၊ တစ်စက္ကန့်မပြတ် လိုအပ်နေခဲ့တာ။ ယနေ့ဆို ပိုလိုအပ်လာတာပေါ့။ ဒီလို demand တောင်းဆိုမှု ကြီးမားလာတဲ့ခေတ်၊ နည်းပညာအရ ကြိုတင်ခန့်မှန်းနိုင်တဲ့ခေတ်မှာ ရေရှားပါးရတယ်။ ရေငတ်ကြရတယ်။ ရေအလှူရှင်ကို မျှော်ရတယ်။ အခုမှ ရေအလှူရှင်ကို အလှူခံတုန်း။ ရေတွင်းတူးဖို့ ဝေးသေး။ စီမံချက်တွေ၊ ပရောဂျက်တွေ ဆွဲရဦးမှာ။ အထက်တင်ပြ။ အောက်မှာညှိနှိုင်း။ ခွဲတမ်းချ (အလုပ်ခွဲတမ်းကို ဆိုလိုတာပါ။) ရဦးမှာ။ ဒါတွေဟာ ဖြစ်သင့်ရဲ့လား။ရေငတ်သူတွေက ငတ်နေပြီ။ ရောဂါရသူက ရကုန်ပြီ၊ သတင်းအချက်အလက် (Information) စီးမျောပျံ့နှံ့မှု လွယ်ကူတဲ့ ခေတ်ကြီးမှာ ရေကိစ္စကို ဖြေရှင်းဖို့ အဆင်သင့် မဖြစ်သေးဘူး။ ဝန်ကြီးဌာန၊ ဦးစီးဌာန၊ သက်ဆိုင်ရာတိုင်းဒေသ၊ ပြည်နယ်အစိုးရ ဌာနတွေက အလှူရှင်တွေ ဖိတ်ခေါ်နေတုန်း။ လှူမယ့်သူ မရှိရင် ရေငတ်ပြည်သူတွေကို ဘာမှလုပ်မပေးတော့ဘူးလားမသိ။ ရေငတ်သူတွေ ငုတ်တုတ်မေ့ကိန်း ဆိုက်နေပြီ။ တကယ်တော့ ဓာတ်ငွေ့တွေ သယ်ဖို့ ဓာတ်ငွေ့ပိုက်လိုင်းတွေကို မြန်မာပြည်မှ အရှေ့ဖျား၊ အနောက်ဖျား ဝေးစမ်းပါစေ။ မိုင်ပေါင်းကုဋေ ။ ဓာတ်ငွေ့ပိုက်လိုင်း ကွေ့သွယ်ကြတယ်။ ပိုက်လုံးတွေ ဖြတ်သန်းသွားတဲ့ ဒေသကို ဓာတ်ငွေ့ပိုက်လိုင်းတွေက ဘာမှအကျိုးမပြုဘူး။ ပိုက်ပေါက်ပြီး မီးလောင်မှာတော့ စိုးရိမ်နေရတယ်။ ဒီအတွက် ဓာတ်ငွေ့ပိုက်လိုင်းတွေ သွယ်သလို ရေပိုက်လိုင်း သွယ်ပေးခဲ့ရင် ရေငတ်ပြည်သူတွေ ပေါ်လာစရာ အကြောင်းမရှိဘူး။မြေအောက်မှာ ဘာတွေရှိလဲ။ နည်းပညာနဲ့ ဖောက်ထွင်း ရှာဖွေကြတယ်။ ရွှေတွေ့တယ်။ ကြေးနီတွေ့တယ်။ ခနောက်စိမ်းတွေ့တယ်။ ကျောက်သံပတ္တမြား တွေ့တယ်။ ဒီအတွက် ရွှေတွင်းတွေတူးတယ်။ ကြေးနီတွင်း တွေတူးတယ်။ ဒါပေမဲ့ ရေတွင်းတော့ မတူးဘူး။ ရေဘယ်လောက် ရှိတယ်ဆိုတာ သုတေသန မပြုဘူး။ ရေထွက်ရင်သောက်။ မထွက်ရင် မသောက်နဲ့။ ဒေသခံတွေက ရွှေကိုမလို။ ရေကိုလိုတယ်။ စီးပွားရေးသမားတွေက ရေကိုမလို။ ရွှေကိုလိုတယ်။ အတ္တနဲ့ဦးတည်ရာချင်းက လားလားမျှ မတူကြဘူးကို။ဒီတစ်နွေရဲ့ ဒီရေကိစ္စပြီးပြီလား။ နွေတွေများစွာလာဦးမယ်။ ဒါဆိုရေကိစ္စ ဘယ်လိုလုပ်ကြမလဲ။ ယန်စီမြစ်ကောနေပြီ။ မြစ်ဝါမြစ် ပျက်စီးနေပြီ။ ဧရာဝတီမြစ်ရော ဘယ်အခြေအနေလဲ။ ပျက်စီးနေပြီလား။ ဖျက်ဆီးခံနေရပြီလား။ ရှင်သန်ဖို့ ကြိုးစားနေရဆဲလား။ ဘယ်သူတွေက ဧရာဝတီကို စောင့်ရှောက်နေသလဲ။ ဘာတွေဘယ်လိုဖြစ်ဖြစ်။ ရေအသက်တစ်မနက် မဟုတ်တော့ဘူး။ ရေ အသက်တစ်စက္ကန့် ဖြစ်လာပြီ။ အယ်လ်နီညို ခြိမ်းခြောက်မှု ရာသီဥတု ဖောက်ပြန်မှု၊ သစ်တောပြုန်းတီးမှု၊ ရွှေဥဥတဲ့ ငန်းမလိုထင်ပြီး အသေသတ်ကာ ဗိုက်ထဲက ရွှေဥတွေကို နှိုက်ထုတ်သလို မြေကြီးကို ကျောက်ပေါက်မာ မျက်နှာဖြစ်သည်အထိ တူးဆွကာ ထွက်သမျှ သယံဇာတတွေ တစ်မနက်တည်း အကုန် တူးယူမလို့လား။အစ္စရေးနိုင်ငံက သဲကန္တာရတစ်ဝက်နဲ့ ရေရှားတဲ့နိုင်ငံ။ ဒါပေမဲ့ ရေအရင်းအမြစ် ဝန်ကြီးက ရေကိုချွေတာပါလို့ မပြောဘူး။ လူတွေ ရေများများသုံးလေ ဝန်ကြီးဌာနက ရေရဖို့ နည်းလမ်းရှာလေလေ။ နည်းပညာ တိုးတက်လေလေ။ စင်ကာပူနိုင်ငံမှာ ရေချိုမထွက်ဘူး။ ဒါပေမဲ့ ရေပြတ်လပ်တယ်ဆိုတာ မရှိဘူး။ သြစတြေးလျမှာ ရေချိုရှားတယ်။ ဒါပေမဲ့ပြည်သူတွေ ရေမငတ်ဘူး။ရွှေကိုမလို၊ ဂက်စ်ကိုမလိုကမ္ဘာတည်သရွေ့ မြန်မာပြည် ရှိနေချင်ကြရင် ရေကောင်းရေသန့်များများ ထွက်ရှိရေး၊ ရေငတ်သူထံ ရေကြည်တစ်ပေါက် ရောက်ရှိရေးဟာ အရေးကြီးလာပါတယ်။ဒါကြောင့် ဂက်စ်တွေရောင်းစားဖို့ ဂက်စ်ပိုက်တွေအစား ရေရှိရာမှ ရေငတ်သူတွေထံ အရောက်ပို့ပေးမယ့် ရေပိုက်တွေ သွယ်တန်းပေးပါ။ မြေအောက်မှ သယံဇာတရွှေတွင်း တွေတူးမယ့်အစား ရေတွင်းတွေ များများတူူးပေးပါ။ ရှေးခတ်က ဘုန်းတော်ကြီးကျောင်းဝင်းထဲက သဘာ၀ ရေတွင်းတွေကို ဝိုင်းဝန်း ထိန်းသိမ်းကြပါ။ ဆေးမြီးတို ဖြေရှင်းနည်းနဲ့ မဖြေရှင်းပါနဲ့။ စက်ရေတွင်းနဲ့ ဟန်ပြရေတူးပြ။ သောက်ပြ။ လူကြီးတွေ ပြန်သွားတော့ရေမထွက်။ စက်မောင်းမယ့် လူမရှိ။ စက်မောင်းဖို့ စက်ဆီမရှိ။ ရေငတ်ပြည်သူတွေရဲ့ ခြောက်နေတဲ့ နှုတ်ခမ်းကို လျှာဖျားနဲ့ သိမ်းရင်း၊ မြင်သာမြင်ရ၊ ရေမရဘဝမျိုး မရောက်ပါရစေနဲ့။ပြည်သူတစ်ရပ်လုံး တကယ်လိုအပ်ရေတာက  “ရေ” ပါ “ရွှေ” မဟုတ်ပါ။ “ဂက်စ်” မဟုတ်ပါ။ လူတွေသောက်ဖို့ရေ၊ သုံးဖို့ရေ။ စပါးစိုက်ဖို့ ရေ၊ နွားကိုတိုက်ဖို့ရေ၊ သစ်ပင်စိုက်ဖို့ ရေ၊ ငါး တွေကူးဖို့ရေ။ လောကကြီး ရှင်သန်ဖို့ ရေ။ သက်ရှိ သတ္တဝါ အားလုံးအတွက်ရေ။ သဘာဝက ပေးသောရေကို ဖောဖောသီသီ လုံလုံလောက်လောက် သုံးနိုင်စွဲသောသူများ ဖြစ်ကြပါစေ။