နိုင်ငံရေး အကျဉ်းသားများအား ညှဉ်းပန်းနှိပ်စက်မှု ဆိုင်ရာနှင့် ၎င်းတို့၏ လိုအပ်ချက်များကို သုတေသန လုပ်ဆောင်မှု ပြီးစီးပြီဖြစ်၍ အစီရင်ခံစာ ထုတ်ပြန်ရန် စီစဉ်နေဟု AAPP ပြောကြား

နိုင်ငံရေး အကျဉ်းသားများအား ညှဉ်းပန်းနှိပ်စက်မှု ဆိုင်ရာနှင့် ၎င်းတို့၏ လိုအပ်ချက်များကို သုတေသန လုပ်ဆောင်မှု ပြီးစီးပြီဖြစ်၍ အစီရင်ခံစာ ထုတ်ပြန်ရန် စီစဉ်နေဟု AAPP ပြောကြား
Published 8 April 2016
အောင်ဇော်ထွန်း၊ ဝီရမိုးနေ

နိုင်ငံရေး အကျဉ်းသားများအား ညှဉ်းပန်းနှိပ်စက်မှုဆိုင်ရာ ကိစ္စများနှင့် ၎င်းတို့၏ လိုအပ်ချက်များကို သုတေသန လုပ်ဆောင်မှု ပြီးစီးပြီဖြစ်၍ အစီရင်ခံစာ ထုတ်ပြန်ရန် စီစဉ်နေပြီး ယခုနှစ် မေလ သို့မဟုတ် ဇွန်လတွင် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) မှ ဦးအောင်မျိုးကျော်က ပြောကြားသည်။
နိုင်ငံရေး အကျဉ်းသားဟောင်းများ၏ ဘဝရပ်တည်မှု အခြေအနေများကို ဖော်ပြနိုင်ရန် နိုင်ငံရေး အကျဉ်းသားဟောင်း  ၃၀၀၀ ခန့်ကို သုတေသန လုပ်ဆောင်ထားခြင်းဖြစ်ကြောင်း၊ AAPP နှင့် နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ (FPPS) တို့မှ နိုင်ငံရေး အကျဉ်းသားများ မှတ်တမ်းကောက်ယူရေး အစီအစဉ် ကနဦး တွေ့ရှိချက်များနှင့် ပတ်သက်ပြီး ကြားဖြတ် အစီရင်ခံစာကိုလည်း ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီတွင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
ဦးအောင်မျိုးကျော်က "အဓိကကတော့ နိုင်ငံရေး အကျဉ်းသားတွေ ဘယ်လောက်အထိ၊ ဘယ်လိုတွေ ညှဉ်းပန်းနှိပ်စက် ခံခဲ့ရတယ်။ ညှဉ်းပန်းနှိပ်စက် ခံခဲ့ရတဲ့သူတွေက ဘယ်လောက်ရှိတယ်။ ပြီးတဲ့အခါကျတော့ နိုင်ငံရေးအမှုနဲ့ ထောင်ကျသွားတဲ့သူတွေ မိသားစုတွေ ပြိုကွဲသွားတာ ဘယ်လောက်ရှိတယ်၊ စီးပွားရေးတွေ ပျက်စီးသွားတာ ဘယ်လောက်ရှိတယ်၊ ပညာရေးတွေ ပျက်စီးသွားတာ ဘယ်လောက်ရှိတယ်၊ ဒါတွေက ရာခိုင်နှုန်းတွေနဲ့ ကျွန်တော်တို့ ထွက်လာမှာပါ၊ ပြီးတဲ့အခါကျတော့ လက်ရှိအချိန်မှာ နိုင်ငံရေး အကျဉ်းသား ဟောင်းတွေရဲ့ လိုအပ်ချက်တွေက ဘာတွေလဲ ပညာရေးလား၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းတွေလား၊ ဒါမှမဟုတ်ရင် ဘာတွေလဲ၊ နေရေးထိုင်ရေးလား၊ ကျန်းမာရေးလား၊ ဒါတွေကို ကျွန်တော်တို့ ဒီစာတမ်းပေါ်မှာ ထွက်လာမှာပါ" ဟု ဦးအောင်မျိုးကျော်က ရှင်းလင်းပြောကြားသည်။
၎င်းတို့အနေဖြင့် ယင်းအစီရင်ခံစာကို ထုတ်ပြန်ရန် အဆင်သင့် ဖြစ်နေသော်လည်း ရွေးကောက်ပွဲကာလနှင့် အာဏာအလွှဲအပြောင်း ကာလကို စောင့်ဆိုင်းနေရခြင်းကြောင့် အနည်းငယ် ကြန့်ကြာနေခြင်းဖြစ်ကြောင်း၊ အစီရင်ခံစာကို အင်္ဂလိပ်- မြန်မာ နှစ်ဘာသာဖြင့် ထုတ်ဝေရန် ပြင်ဆင်ထားကြောင်း ဦးအောင်မျိုးကျော်က ဆိုသည်။
မြန်မာနိုင်ငံရှိ ရာပေါင်းများစွာသော နိုင်ငံရေး အကျဉ်းသား ဟောင်းများသည် အစိုးရ အဆက်ဆက်မှ လုပ်ဆောင်ခဲ့သည့် ထောင်သွင်း အကျဉ်းချမှုများ၊ ညှဉ်းပန်းနှိပ်စက် မှုများကြောင့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာများ၊ ငွေရေးကြေးရေးနှင့် အသက်မွေးဝမ်းကျောင်းမှုတွင် နစ်နာထိခိုက်မှုများ ဆိုးရွားစွာ ဆက်လက်ခံစားနေရမည့် အခြေအနေတွင် ရှိနေကြောင်း နိုင်ငံရေး အကျဉ်းသားရေးရာ ဆောင်ရွက်နေသည့် အဖွဲ့အစည်းများထံမှ သိရသည်။
နိုင်ငံရေးအကျဉ်းသား ဟောင်းများအား ပတ်ဝန်းကျင် အသိုင်းအဝိုင်းအတွင်း အဆင်ပြေချောမွေ့စွာ ပြန်လည်ဝင်ဆံ့နိုင်ရေး ကူညီစောင့်ရှောက်ရန် အစိုးရက တာဝန်ယူ လုပ်ဆောင်ပေးမှု မြန်မာနိုင်ငံတွင် လက်ရှိအချိန်ထိ မရှိသလောက် ဖြစ်နေပြီး ယင်းသို့ အရေးစိုက် လုပ်ဆောင်ရန် ပျက်ကွက်မှု၏ အကျိုးသက်ရောက် မှုများသည် နိုင်/ကျဉ်းများနှင့် ၎င်းတို့မိသားစုဝင်များ၏ နိစ္စဓူ၀ ဘဝများကို များစွာထိခိုက် ဆုတ်ယုတ်နစ်နာ စေသည်ဟု ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလက ထုတ်ပြန်ခဲ့သည့် နိုင်ငံရေးအကျဉ်းသားများ မှတ်တမ်းကောက်ယူရေး အစီအစဉ် ကြားဖြတ်အစီအရင်ခံစာတွင် ဖော်ပြထားသည်။
နိုင်ငံရေး အကျဉ်းသားဟောင်းများအား ကျန်းမာရေးစောင့်ရှောက်မှု အပါအဝင် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ကုစားမှုများကို အစိုးရသစ်က အမြန်ဆုံးဆောင်ရွက်ရန် လိုအပ်ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများအား ကူညီစောင့်ရှောက်မှုများ လုပ်ဆောင်နေသည့် ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်းမှ အတွင်းရေးမှူး ဦးကျော်အောင်က ဆိုသည်။
ဦးသိန်းစိန်အစိုးရ လက်ထက်တွင် နိုင်ငံရေး အကျဉ်းသားများစွာကို အကျဉ်းထောင်များမှ ပြန်လွှတ်ပေးခဲ့သော်လည်း နိုင်ငံရေးအရ တက်ကြွလှုပ်ရှားသူများကို ဆက်လက်ဖမ်းဆီးခဲ့သဖြင့် လက်ရှိအချိန်ထိ နိုင်ငံရေး အကျဉ်းသားများ အမှုရင်ဆိုင်နေရသူများ ရှိနေဆဲဖြစ်ကြောင်း၊ ၎င်းတို့အား လက်ရှိအစိုးရသစ် အနေဖြင့် အမြန်ဆုံးလွှတ်ပေးရန် နိုင်ငံရေး အကျဉ်းသားဟောင်း အဖွဲ့အစည်းများက တောင်းဆိုထားသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း - မြန်မာနိုင်ငံမှ စုဆောင်းရရှိထားသော အချက်အလက်များအရ နိုင်ငံရေး အကျဉ်းသား ၁၂၁ ဦးနှင့် အမှုရင်ဆိုင်နေရသော တက်ကြွလှုပ်ရှားသူများ၊ နိုင်ငံရေးနှင့် ဆက်နွှယ်ပြီး အမှုရင်ဆိုင် နေရသူများမှာ ၄၁၄ ဦးရှိကြောင်း သိရသည်။      
 

Most Read

Most Recent