တနသာၤရီတိုင်းဒေသကြီး ထားဝယ်မြို့၌ ဧပြီ ၂ ရက်က မြို့ပေါ်ရှိ ဟိုတယ်တွင် မှတ်ပုံတင်အတုဖြင့် လာရောက်တည်းခိုသူအား စစ်ဆေးရာမှတစ်ဆင့် ကျပ်သိန်း ၄၀၀၀ ကျော်တန်ဖိုးရှိ WY တံဆိပ်ပါ မူးယစ်ဆေးပြား ရှစ်သောင်းကျော်နှင့် ငွေကျပ်သိန်း ၄၀၀ ကျော်အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ဧပြီ ၂ ရက် မွန်းလွဲ ၁၂ နာရီခန့်က မြို့ပေါ်ရှိ Diamond Crown ဟိုတယ်သို့ လာရောက်တည်းခိုနေသူ နှစ်ဦးတွင် တစ်ဦးမှာ မှတ်ပုံတင်မပါရှိဘဲ ကျန်တစ်ဦး၏ မှတ်ပုံတင်မှာလည်း မသင်္ကာဖွယ် တွေ့ရှိသဖြင့် ဟိုတယ်မန်နေဂျာမှ ထားဝယ်မြို့မရဲစခန်းသို့ အကြောင်းကြားခဲ့ကြောင်း၊ စခန်းမှူးမှ ထားဝယ်မြို့နယ် လဝက ဦးစီးမှူးထံသို့၎င်းမှတ်ပုံတင်အား ယူဆောင်စစ်ဆေးခဲ့ရာ ကာလာပရင့်ထုတ်၍ ပြုလုပ်ထားသော မှတ်ပုံတင်အတုမှန်း သိရ၍ ည ၈ နာရီ ၄၀ အချိန်တွင် ယင်းဟိုတယ် အခန်းအမှတ်(၂၀)အား သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေရာ စိတ်ကြွဆေးပြား ၃၂ ပြားနှင့် ငွေကျပ် ၄၈၅ သိန်းအား သန်းဌေး (ခ) အိုက္ကဘတ် (၃၉)နှစ် (ဘ)ဦးထွန်းအောင်နှင့် လင်းထက်အောင် (ခ) ဆွာလေး (၂၂) နှစ် (ဘ)ဦးစိုးနိုင် တို့ထံမှ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ဖမ်းဆီးရမိခဲ့သော တရားခံနှစ်ဦးအား စစ်ဆေးရာ ပန်းရောင်စိတ်ကြွဆေးပြား ၃၂ ပြားအား မြိတ်မြို့ မြိတ်တောင်နယ်မြေ စက်ဝင်းရပ်နေ ဇော်ဌေး (ခ) မာဂျစ်ထံမှ ရရှိခဲ့ပြီး ငွေ ၄၈၅ သိန်းကျပ်မှာ ဇော်ဌေး(ခ)မာဂျစ်မှ ထားဝယ်မြို့တွင် မူးယစ်ဆေးဝါး ဝယ်ယူရန် ချိန်းဆိုထားသော ထက်အောင်ကို ထံပေးလိုက်သော ငွေများဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် ဇော်ဌေး (ခ) မာဂျစ်အား ဖမ်းဆီးရမိနိုင်ရေး မြိတ်ခရိုင်မှူး/ ကူအဖွဲ့နှင့် မြို့မရဲစခန်းအား ချက်ချင်းအကြောင်းကြားခဲ့ကာ ဖမ်းဆီးရမိသူများထံမှ ရရှိသည့် ရန်ကုန်မှ ထားဝယ်သို့ ရောက်ရှိလာမည့် ထက်အောင်ကို၏ ဓာတ်ပုံအား မလွှဲတောင်ရဲကင်းသို့ ပေးပို့ပြီး ဒေသတွင်းသို့ ဝင်ရောက်လာမှုအပေါ် စောင့်ကြည့်စေခဲ့ကြောင်း သိရသည်။ဧပြီ ၃ ရက် မွန်းလွဲ ၁ နာရီ ၄၀ မိနစ်တွင် ထက်အောင်ကို မောင်းနှင်လာသည့် 9I/ ---- ကလူဂါ အနက်ရောင်ကားမှာ မလွှဲတောင်ဂိတ်သို့ ကျော်ဖြတ်လာကြောင်း သတင်းရရှိသောကြောင့် မောင်မယ်ရှောင် မြို့ဝင်/ထွက်ဂိတ်၌ ထက်အောင်ကို ၃၀ နှစ် (ဘ) ဦးသန်းထွန်း ပိတောက်ပင်လမ်း၊ ဈေးကြီးရပ်ကွက် ကြည့်မြင်တိုင်မြို့နယ်နေသူ မောင်းနှင်လာသည့် ယာဉ်အား ညနေ ၅ နာရီအချိန်တွင် ပိတ်ဆို့ ရပ်တန့်စစ်ဆေးခဲ့ရာ ကား၏ နောက်ခန်းထိုင်ခုံပေါ်မှ အပြာရောင် ကပ်ခွာအိတ်ကို စက္ကူဖြင့် ထုပ်ပြီး တိပ်အကြည်နှင့် ပတ်လျက် ကြွပ်ကြွပ်အိတ် အမည်းရောင်ဖြင့် ထုပ်ထားသည့် WY စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြား တစ်ထုပ်လျှင် ၂၀၀ ပြားပါ ၁၀ ထုပ်စီ တွဲလျက် ၂၀၀၀ ပြားပါ အထုပ် ၂၀ ၊ ၄၀၀၀၀ ပြား အလေးချိန် ၄၀၀၀ ဂရမ် တွေ့ရှိပြီး ဆက်လက်ရှာဖွေရာ နောက်ထိုင်ခုံ နောက်ဘက် စပ္ပါယ်ယာဘီး ထည့်သည့် ကြားအံဝှက်အတွင်း အပြာရောင် ကပ်ခွာအိတ်ကို စက္ကူဖြင့် ထုပ်ပြီး တိပ်အကြည်ပတ်လျက် ကြွပ်ကြွပ်အိတ် အမည်းရောင်ဖြင့် ထုပ်ထားသည့် WY စာတန်းပါ ပန်းရောင် စိတ်ကြွဆေးပြား တစ်ထုပ်လျှင် ၂၀၀ ပြားပါ ၁၀ ထုပ်စီတွဲလျက် တစ်ထုပ်လျင် ၂၀၀၀ ပြားပါ ၂၀ ထုပ် အပြားရေ ၄၀၀၀၀ အလေးချိန် ၄၀၀၀ ဂရမ် စုစုပေါင်းစိတ်ကြွဆေးပြား ၈၀၀၀၀ အလေးချိန် ၈၀၀၀ ဂရမ် ကာလတန်ဖိုး (ကျပ်သိန်း ၄၀၀၀) အား တွေ့ရှိရသဖြင့် သက်သေများရှေ့တွင် ဆေးပြားများနှင့် 9I/---- ကလူဂါ အနက်ရောင်ကားတစ်စီး၊ SAMSUNG အမျိုးအစား တက်ပလက်အဖြူရောင် တစ်လုံး၊ HUAWEI အမျိုးအစား အဖြူရောင် လက်ကိုင်ဖုန်းတစ်လုံး၊ ယာဉ်အမှတ် 9I/---- နံပါတ်ပါ ယာဉ်သက်သေခံ လက်မှတ်တစ်ခု၊ ထက်အောင်ကို အမည်ပါ ယာဉ်မောင်းလိုင်စင်တစ်ခုနှင့် မြိတ်မြို့ ဧရာဝတီဘဏ်၏ ငွေစုစာအုပ် တစ်အုပ် (လက်ကျန်ငွေ ကျပ်၂၁၀၀၀၀ ပါ)တို့အား ရဲအုပ်စိုး ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့ကြောင်း ထားဝယ်မြို့မရဲစခန်း မှုခင်းမှတ်တမ်းများအရ သိရသည်။“ထားဝယ်မှာ အခုမိတဲ့ ဆေးပြား ပမာဏက နှစ်ပေါင်း ၆၀ လောက်အတွင်းမှာ အများဆုံးပါပဲ။ မှတ်ပုံတင်အတုကနေ တစ်ဆင့် စစ်ဆေးရင်း မိခဲ့တာပါ။ ဆေးပြားတွေကိုတော့ ထားဝယ်မှာရောင်းဖို့ မဟုတ်ဘဲ မြိတ်မှာရောင်းဖို့ လာယူတာလို့သိရတယ်။ ဆေးပြားတွေ ယူလာတဲ့နေရာက ကွင်းဆက်တရားခံတွေကို လိုက်နေတုန်းပါ” ဟု မူးယစ်ဆေး ဖမ်းဆီးရာတွင်ပါဝင်ခဲ့သည့် ထားဝယ်မြို့မ ရဲစခန်းမှ အကြီးတန်းရဲအရာရှိတစ်ဦးက ပြောကြားသည်။လက်ရှိတွင် မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့သူများကို ထားဝယ်မြို့မရဲစခန်းတွင် ထိန်းသိမ်းထားပြီး အမှုကွင်းဆက် တရားခံများအား ဖော်ထုတ်နေကြောင်း၊ ကလူဂါယာဉ်ဖြင့် မူးယစ်ဆေးဝါး သယ်ဆောင်လာသူ ထက်အောင်ကိုအား ထားဝယ်မြို့မရဲစခန်း၌ (ပ)၁၇/၂၀၁၆ မူးယစ်ပုဒ်မ ၁၅/၂၀(က)/ ၂၁ အရ အမှုဖွင့်ထားပြီး၊ သန်းဌေး(ခ) အိုက္ကဘတ်နှင့် လင်းထက်အောင် (ခ) ဆွာလေး တို့ နှစ်ဦးအား(ပ)၆၆/၂၀၁၆ မူးယစ်ပုဒ်မ ၁၅/ ၁၉(က)/၂၀(က)/၂၁ ဖြင့် အမှုဖွင့်ထားကာ မှတ်ပုံတင်အတု ပြုလုပ်မှုဖြင့် လဝက ဥပဒေအရ ဆက်လက်အရေးယူရန် ရှိကြောင်း ထားဝယ်မြို့မရဲစခန်းမှ သိရသည်။ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် သြဂုတ်လအတွင်းက ကော့သောင်းမြို့နယ် ဂျလန်းကျွန်း အနောက်ဘက်ရေမိုင် ၁၄၀ တွင် စစ်ရေယာဉ် အမှတ် ၅၆၇ က ဖမ်းဆီးရမိခဲ့သည့် လှေပေါ်၌ Ecstasy ဆေးပြား ၂၃၈၅၀၀၀ (တန်ဖိုးကျပ် ၁၆ ဘီလျံကျော်) ဖမ်းဆီးရမိခဲ့သည့်အမှုမှာ တိုင်းဒေသကြီးအတွင်း အများဆုံးဖမ်းဆီးရမိမှုဖြစ်ခဲ့ပြီး ယခုအကြိမ် ဖမ်းဆီးရမိခဲ့မှုမှာ တိုင်းအတွင်း ဒုတိယအများဆုံး ဖြစ်ခဲ့သည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်း ဒုတိယအများဆုံးအဖြစ် ထားဝယ်မြို့တွင် WY ဆေးပြား ၈၀၀၀၀ ကျော် ဖမ်းဆီးရမိ