ရေပူဆရာတော်အား စွဲဆိုထားသော သစ်မှု၊ သာသနာညှိုးနွမ်းစေမှု၊ ကျောက်မျက်မူတို့အနက် သစ်မှုနှင့် သာသနာညှိုးနွမ်းစေမှုတို့ကို လာမည့် ဧပြီ ၈ ရက်တွင် စွဲချက်တင်သင့် မတင်သင့် နှစ်ဖက်လျှောက်လဲချက် ပေးပြီး ဧပြီ ၂၂ရက်၌ စွဲချက်တင်သင့် မတင်သင့် အမိန့်ချသွားမည်ဖြစ်ကြောင်း သိရသည်။“သစ်မှုနဲ့ သာသနာညှိုးနွမ်းစေမှု ပုဒ်မတွေအတွက် တရားလိုပြသက်သေတွေ စစ်ဆေးပြီးလို့ ၈ ရက် ပြင်ဦးလွင်မြို့နယ်ရုံးချိန်းမှာ နှစ်ဖက်ရှေ့နေတွေက စွဲချက်တင်သင့် မတင်သင့် တရားရုံးတော်ကို လျှောက်လဲချက် ပေးသွားမယ်။ လျှောက်လဲချက်နဲ့ ပတ်သက်ပြီး စွဲချက်တင်သင့် မတင်သင့် တရားရုံးကနေပြီး ဧပြီ ၂၂ ရက်မှာ အမိန့်ချသွားမယ်။ တရားရုံးက အမိန့်ပေါ်မူတည်ပြီး ဒီအမှုကနေ လွတ်မလား၊ ဆရာတော်ဘက်က ဆက်ပြီး သက်သေတွေ ထပ်စစ်မလားဆိုတာကတော့ စောင့်ကြည့်ရဦးမှာ”ဟု ရေပူဆရာတော်၏ အကျိုးတော်ဆောင်ရှေ့နေ ဒေါ်မြနီလာစိုးက ပြောကြားသည်။သစ်မှု၊ သာသနာညှိုးနွမ်းစေမှု ပုဒ်မများအတွက် ရေပူဆရာတော်အား ဧပြီ ၆ ရက်က ပြင်ဦးလွင်မြို့နယ်တရားရုံးတွင် ရုံးထုတ်ခဲ့ရာ တရားလိုပြသက်သေအဖြစ် မိုးကုတ်မြို့မရဲစခန်း ဒုရဲမှူးဦးသိန်းဝင်းကို စစ်မေးခဲ့ရာ ၎င်းက အမှုကိစ္စနှင့်ပတ်သက်၍ ရေပူဆရာတော်ကျောင်းဝင်း ရောက်ရှိချိန်တွင် ရေပူကျောင်းမှာ ဆိုးရွားစွာပျက်စီးနေသည်ကိုတွေ့ရှိရပြီး ကျောင်းဝင်းအတွင်း တွေ့ရှိရသည့် သစ်များမှာ ကျောင်းဆောင်ရန်အတွက် ဖြစ်သည်ဟု ထွက်ဆိုခဲ့သည်။ဆက်လက်၍ ရေပူဆရာတော်၏ အကျိုးတော်ဆောင်ရှေ့နေက ရဲမှူးဦးသိန်းဝင်းအား ကျောင်းဝင်းအတွင်းတွေ့ရှိရသော သစ်နှင့် စပ်လျဉ်းပြီး မည်သည့်လမ်းကြောင်းမှ မည်သို့ သယ်ယူခဲ့သည်ကို ဆရာတော်အား စစ်ဆေးမှုရှိခဲ့သလားဆိုက ၎င်းက“ မရှိခဲ့ပါ”ဟု ထွက်ဆိုခဲ့ပြီး သစ်မှုနှင့် အရေးယူဆောင်ရွက်ရာတွင် ဆရာတော်နှင့်ပတ်သက်၍ သံဃနာယကထံ မေးမြန်းခဲ့သလားဆိုသည့် မေးခွန်းကို ဦးသိန်းဝင်းက “မမေးမြန်းခဲ့ပါ”ဟု ထွက်ဆိုခဲ့သည်။မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့ရှိ ရေပူကျောင်းဆရာတော်သည် ကျောင်းဝင်းအတွင်းရှိ စေတီဟောင်းများကို ရှင်းလင်း၍ ဓာတ်ပေါင်းစုစေတီ တစ်ဆူ တည်ထားကိုးကွယ်ရန် မြေညှိရှင်းလင်းခြင်းတို့ ဆောင်ရွက်ရာမှ တရားမဝင် ကျောက်မျက်တူးဖော်သည်ဟုဆိုကာ ကျောက်မျက်ဌာနမှ အမှုဖွင့်တရားစွဲဆိုခဲ့ပြီး သာသနာညှိုးနွမ်းစေသည်ဟု ဆိုကာ စေတီဟောင်းများအနက် စေတီဟောင်းတစ်ဆူ၏ အလှူရှင်ဟုဆိုသူ ဦးဖေစိန်က တရားစွဲဆိုခဲ့ကြောင်း၊ ယင်းအမှုနှစ်ခုအပြင် ဆရာတော်၏ ကျောင်းဝင်းအတွင်း ကျောင်းဆောက်လုပ်ရန် ဝယ်ယူ စုဆောင်းထားသည့် သစ်များနှင့် ပတ်သက်၍ သစ်တောဌာနမှ သစ်တောဥပဒေပုဒ်မဖြင့် အမှုဖွင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။အဆိုပါ အမှုသုံးခုဖြင့် ၂၀၁၅ခုနှစ်၊ ဇွန် ၉ရက် ညပိုင်းက ဆရာတော်အား လူဝတ်လဲ၍ ဝင်ရောက်ဖမ်းဆီးခဲ့ပြီး စေတီများ ဖြိုဖျက်မှုနှင့် ပတ်သက်၍ (ပ)၆၄/၂၀၁၅ ပြစ်မှုပုဒ်မ ၂၉၅ ဖြင့် လည်းကောင်း၊ မြေစာများအား ရေပိုက်များဖြင့် ထိုးပက်မှုကို (ပ) ၆၃/၂၀၁၅ မြန်မာ့ကျောက်မျက်ရတနာ ဥပဒေပုဒ်မ ၄၁ (က)(ခ) အရ လည်းကောင်း၊ သစ်စုပုံထားခြင်း နှင့် ပတ်သက်၍ သစ်တောပုဒ်မ ၄၂(ခ)ဖြင့် အမှုဖွင့်အရေးယူထားရှိရာ အလားတူစေတီဟောင်းများ ရှင်းလင်းရာတွင် အသုံးပြုသည့် စက်ယန္တရားမောင်းသူ အရပ်သားသုံးဦးနှင့် ကပ္ပိယတစ်ဦးကိုလည်း ဆရာတော်နှင့်အတူ သာသနာညှိုးနွမ်းစေမှု၊ တရားမဝင် ကျောက်မျက်တူးဖော်မှုတို့ဖြင့် တရားစွဲဆိုထားရှိကြောင်း သိရသည်။
ရေပူဆရာတော်အား စွဲဆိုထားသော သစ်မှုနှင့် သာသနာညှိုးနွမ်းစေမှုတို့ကို ဧပြီ ၈ ရက်တွင် စွဲချက် တင်သင့် မတင်သင့် လျှောက်လဲချက်ပေးမည်