မြေပုံမြို့နယ်တွင် လင်မယားချင်း ရန်ဖြစ်ရာမှ တစ်ဆင့် မီးရှို့မှု ဖြစ်ပွားခဲ့သဖြင့် နေအိမ်ခြောက်လုံး မီးလောင်မှု ဧပြီ ၃ ရက် ညက ဖြစ်ပွားခဲ့ကြောင်း သိရသည်။ဖြစ်စဉ်မှာ မြေပုံမြို့နယ် စိတ္တရကျေးရွာနေ ဦးမောင်စိတ်ကေမှာ အရက်သေစာ သောက်စားပြီး အိမ်မှ ဇနီးဖြစ်သူနှင့် စကားများ ရန်ဖြစ်ခဲ့ကြောင်း၊ ယင်းသို့ စကားများကြရာမှ ညနေ ၈ နာရီခန့်တွင် နေအိမ်အား မီးရှို့ခဲ့ခြင်းဖြစ်ကြောင်းနှင့် ယင်းသို့ နေအိမ် မီးလောင်ရာမှ အခြားအိမ်များသို့ ကူးစက်ခဲ့ရာ နေအိမ် ငါးအိမ်သို့ ဆက်လက် ကူးစက် မီးလောင်ခဲ့ကြောင်း သိရသည်။“ဦးမောင်စိတ်ကေက အရက်သောက်ပြီး မယားနဲ့ ရန်ဖြစ်တယ်။ အဲဒီမှာ မီးရှို့လိုက်တာပါ။ နောက်ထပ် ငါးဆောင် ထပ်ပြီး ကူးစက်လောင်ကျွမ်းသွားတယ်။ နောက်ထပ် သုံးအိမ်ကိုတော့ မီးမကူးနိုင်အောင် အချိန်မီ ဖျက်ပစ်နိုင်တဲ့အတွက် မီးထဲ မပါပေမယ့် ပျက်စီးသွားပါတယ်” ဟု ယင်းကျေးရွာမှ ကိုဝင်းအောင်က ပြောကြားသည်။မီးလောင်မှုအား ရွာသားများ ဝိုင်းဝန်း ငြှိမ်းသတ်ခဲ့သဖြင့် ည ၉ နာရီခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်းနှင့် မိသားစု ခြောက်စု အိုးမဲ့အိမ်မဲ့ သွားခဲ့ကြောင်း၊ ပျက်စီးသွားသော နေအိမ်များမှာလည်း ဓနိမိုးဝါးထရံကာ နေအိမ်များဖြစ်ကြောင်း သိရသည်။မီးလောင်၍ အိမ်ပါသွားသူ ဦးစံနုဖြူက “ည ၈ နာရီလောက်မှာ မီးစလောင်ပါတယ်။ ကျွန်တော့်အိမ်ကို မီးကူးပြီးနောက် ဒေါ်နှင်းရီအိမ်ကို ဆက်လောင်ပါတယ်။ ၉ နာရီခွဲမှာ ရွာသားတွေ မီးကို ဝိုင်းဝန်း ငြှိမ်းသတ်နိုင်ခဲ့ပါတယ်” ဟု ပြောကြားသည်။ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး မီးကူးစက် လောင်ကျွမ်းခံရသူများက တရားလိုပြုလုပ် တိုင်တန်းသဖြင့် ကန်းထောင့်ကြီး ရဲစခန်းမှ ပုဒ်မ ၄၃၆ ဖြင့် ဦးမောင်စိတ်ကေအား အမှုဖွင့်ကာ စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြေပုံမြို့နယ်တွင် လင်မယားချင်း ရန်ဖြစ်ရာမှ မီးရှို့မှု ဖြစ်ပွားခဲ့သဖြင့် နေအိမ် ခြောက်လုံး မီးလောင်