နှစ်သစ်သင်္ကြန်

နှစ်သစ်သင်္ကြန်
Published 3 April 2016
စိုးခိုင်ညိန်း

မကြာခင် နှစ်တစ်နှစ်က ကုန်ဆုံးပေဦးတော့မည်။ အလိုမတူပါဘဲလျက် အသက်က တစ်နှစ် ကြီးပြန်ပေဦးတော့မည်။ နှစ်တစ်နှစ်ရဲ့ အစနှင့်အတူ သင်္ကြန်ကလည်း ရောက်ခါနီးပြီမို့ ဟိုမှသည်မှ တူးပို့တူးပို့ သင်္ကြန်သီချင်းသံများက လေထဲမှ လွင့်မျောလာသည်။ ပိတောက်တွေက အငုံအဖူးတွေနဲ့ပွင့်ဖို့ သင်္ကြန်မိုးကို မျှော်လင့်ရင်း အားယူနေကြပေပြီ။ သင်္ကြန်ဆိုတာ မြန်မာလူမျိုးတို့ရဲ့ တစ်နှစ်မှတစ်ခါ စိတ်လွတ်ကိုယ်လွတ် ပျော်ကြတဲ့ ပျော်ပွဲရွှင်ပွဲကြီးတစ်ခုဖြစ်သည်။ လူကြီးသူမတွေက တော့ ဘုန်းကြီးကျောင်းတွေမှာ ဥပုသ်ရက်ရှည် ယူတဲ့သူက ယူ၊ တရားစခန်းတွေမှာ ရက်တိုရိပ်သာ ဝင်သူက ဝင်ကြသည်။ လူငယ်အများစုကတော့ သဘောတူရာ သူငယ်ချင်းများနှင့် ပျော်ဖို့ရွှင်ဖို့ အားခဲနေကြပေပြီ။
မိမိငယ်စဉ်က ရွာမှာတော့ တစ်ရွာနဲ့တစ်ရွာ ရွာလုံးကျွတ်နီးပါး အပျိုလူပျိုများက  ဘုန်းကြီးကျောင်းတွေမှာ လှည့်ပတ်ပြီး ရေထမ်းများဖြင့် ရေအလှူလိုက်လှူလေ့ရှိသည်။ ဘုန်းကြီးကျောင်းတွေက အခြားရွာတွေကနေ ရေအလှူရောက်လာတဲ့ လူတွေကို မုန့်လုံးရေပေါ် စသည့်မုန်များဖြင့် ဧည့်ခံကျွေးမွေးရသည်။ မိမိတို့ကလေးတွေက ရောက်လာတဲ့သူတွေကို ရေလိုက်ပက်ကြပြီး ပျော်ကြရသည်။ အခုတော့ ရွာမှာ ထိုအစဉ်အလာ မရှိတော့ပေ။ ဟိုအရင်တုန်းက ရေကရှားတော့ တစ်ရွာနဲ့တစ်ရွာ အပြန်အလှန် ရေသွားလှူကြပြီး ကြာတဲ့အခါမှာ အစဉ်အလာတစ်ရပ် ဖြစ်သွားသည်ဟုထင်သည်။ အခုတော့ရွာမှာ ထိုအစဉ်အလာမရှိတော့။ ဘုန်းကြီးကျောင်းမှာ ဥပုသ်သည်တွေပဲ ရှိတော့သည်။ ယခုနှစ် ရေရှားပါးသော အရပ်ဒေသများမှာ သင်္ကြန်ကို ဘယ်လို ဖြတ်သန်းကြမည်မသိ။ ရေပေါတဲ့ အရပ်ဒေသမှာ ရေကို အလွန်အကျွံ သုံးစွဲ ပျော်ပါးနေကြချိန်မှာ ရေမရှိတဲ့ အရပ်ဒေသက လူတွေကို သနားမိသည်။
တကယ်တော့ သင်္ကြန်ဟူသည် သင်္ကန္တဟူသော ပါဠိပုဒ်မှလာသည့် သက္ကတရရစ်သံနှင့် သင်္ကြန်ဟူသော  မြန်မာစကား ဖြစ်ပေါ်လာခြင်းဖြစ်သည်။ သင်္ကန္တဟူသော ပုဒ်၏ အနက်မှာ ကူးပြောင်းခြင်းဖြစ်သည်။ တစ်နေရာမှ တစ်နေရာသို့ ရောက်ရှိခြင်းဟူ၍ ဖြစ်သည်။
မြန်မာလူမျိုးတို့၏ ကျင်းပမြဲဖြစ်သော ၁၂ လရာသီပွဲတော်များတွင် သင်္ကြန်ရေသဘင် ပွဲတော်သည် အလွန်ကြီးကျယ် စည်ကားသော ပွဲတော်တစ်ခု ဖြစ်သည်။ ထိုပွဲတော်ကို မည်သည့်လူမျိုး၊ မည်သည့်အချိန်အခါမှ စတင်၍ ကျင်းပခဲ့သည်ဟူ၍ကား အတိအကျ ပြောရန်ခက်ပေသည်။ နှစ်ဟူသည့်အပိုင်း အခြားကို သတ်မှတ်သည့် အစဉ်အလာ ရှိချိန်မှစ၍ နှစ်ဆန်းတစ်ရက်နေ့ဟူသော ဝေါဟာရ ပေါ်လာသည်ဟု ယေဘုယျအားဖြင့် ဆိုကြသည်။
ဘုရားဟောပိဋကတ်တော်များ၌ သင်္ကြန်ကျခြင်း၊ တက်ခြင်း စသော အကြောင်းများ ပါသည်ဟူ၍ မဖတ်ဖူးချေ။ သီတင်းကျွတ်၊ တန်ဆောင်မုန်းလများ၌ ကျင်းပလေ့ရှိသော နက္ခတ်သဘင်ပွဲတော် အကြောင်းများကိုတော့ ဖတ်မှတ်ဖူးပါသည်။ သို့သော် ကမ္ဘာပေါ်ရှိ လူမျိုးအသီးသီးတို့သည် မိမိတို့ဓလေ့ထုံးစံ အစဉ်အလာများအရ နှစ်ဆန်းရက်များ သတ်မှတ်ပြီး ပျော်ပွဲရွှင်ပွဲများ ကျင်းပလေ့ရှိ ကြသည်။
မြန်မာလူမျိုးတို့၏ နှစ်သစ်ကူးသင်္ကြန် ပွဲသည်လည်း ဟိန္ဒူအယူဝါဒမှ ဆင်းသက်လာသည်ဟု ဆိုကြသည်။ ရှေးယခင်ကာလများ၌ မိဘဆရာသမားများနှင့် သက်ကြီးရွယ်အိုများကို သနပ်ခါးနံ့သာရေများ၊ သပြေခက်လေးများဖြင့် ကန်တော့ကြသည့် အလေ့အထရှိသည်။ ထိုမှစ၍ ရေဖြင့် အပြန်အလှန် အလွန်အကျူးပက်ကာ ကစားကြခြင်း ဖြစ်သည်။
ပုဂံခေတ် နရသီဟပတေ့မင်းလက်ထက် မိဖုရားစောလုံအား ရေပက်ကစားရာ အကျီစားလွန်သဖြင့် စောလုံစိတ်ဆိုးကာ ဘုရင့်အပေါ် သေကြောင်းကြံသောကြောင့် နောက်ဆုံး စောလုံ အသတ်ခံရသည်ဟူသော ဖြစ်ရပ်အရ သင်္ကြန်ရေကစားသည့် ဓလေ့သည် ပုဂံခေတ်ကပင် ရှိခဲ့သည်ဟုဆိုကြသည်။
အတာသင်္ကြန် တစ်ကြိမ်မှ နောက်တစ်ကြိမ်ကာလသည် တစ်နှစ်ကာလ အပိုင်းအခြား ဖြစ်သည်။ စကြာဝဠာအတွင်းရှိ ဂြိုဟ်နက္ခတာရာများတွင် သူရိယနေမင်းကို ဗဟိုပြု၍ လှည့်လည်သွားသည့်အခါ တစ်ပတ်ပြည့်သည့်အခါ တစ်နှစ်အပိုင်းအခြား ကာလဟု ဆိုသည်။ နှစ်ဟောင်းက မကောင်းမှု အညစ်အကြေးများကို နှစ်သစ်၌ ရေဖြင့် ဆေးကြော သန့်စင်သည်ဟုဆိုကာ ရေဖျန်းကစားကြသည်ဟူ၍လည်း အယူရှိကြသေးသည်။
နှစ်ဟောင်းလွန်၍ နှစ်သစ်ဆန်းစ ပထမနေ့ကို နှစ်ဆန်းတစ်ရက်နေ့ဟု ခေါ်ကြသည်။ အချို့ကလည်း နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းသည့်နေ့ဖြစ်သဖြင့် နှစ်သစ်ကူးနေ့ဟု ခေါ်ကြသည်။ အဟောင်းမှ အသစ်သို့ ပြောင်းခြင်းကား နှစ်လိုဖွယ်ရာဖြစ်ပေသည်။ ထို့ကြောင့် နှစ်သစ်ကူးပြောင်းခြင်းကို မင်္ဂလာ ဟု အများက လက်ခံကြသည်။ ယင်းသို့ မင်္ဂလာရှိသော နေ့ကို သတ်မှတ်ပုံ၊ ကြိုဆိုပုံ၊ ကျင်းပပုံခြင်းကား လူတစ်မျိုးနှင့် တစ်မျိုးမတူကြချေ။ အချို့က ဧပြီလထဲတွင် နှစ်ဆန်း၍ အချို့က ဇန်နဝါရီလထဲတွင် နှစ်ဆန်းသည်။ ကြိုဆို  ကျင်းပပုံနည်းများလည်း ကွဲပြားကြသည်။
အချို့က နှစ်ဆန်းပွဲတွင် ရေကစား၍ အချို့က မီးထွန်းကြသည်။ အချို့က ကခုန်ကြ၍ အချို့က ဘုရားရှိခိုး ဆုတောင်းပွဲ ပြုကြသည်။ မည်သို့ပင်ဖြစ်စေ နှစ်ဆန်းသည့်အချိန်တွင် နှစ်ဟောင်းမှ အညစ်အကြေးတို့ကို ဆေးကြောပယ်ဖျက်လိုခြင်း၊ နှစ်သစ်ကို ဝမ်းပန်းတသာ ခင်းကျင်းကြိုဆိုခြင်း၊ တစ်နှစ်ကုန်၍ အသက်ဝါစသည့် ကြီးရင့်လာသည်ကို အသိအမှတ် ပြုသည့်သဘောဖြင့် သက်ကြီးဝါကြီး မိဘဘိုးဘွားတို့အား ပူဇော်ဂါရဝပြုခြင်း၊ ဘာသာဓလေ့များအရ စိတ်ကောင်းမွေး၍ ကောင်းမှုကုသိုလ်များ ပြုလုပ်ခြင်းတို့၌ကား တစ်သဘောတည်းနှင်နှင် တူကြသည်ဟု ဆိုရပေမည်။
မြန်မာလူမျိုးများကတော့ လာမည့်နှစ်သစ်တွင် အညစ်အကြေး ဘေးဘယာများ ကင်းစင်၍ ကြည်လင်အေးမြစေရန် ရည်ရွယ်၍ ရေဖျန်းကစားခြင်း၊ လူကြီးမိဘ ဆရာသမားတို့အား ပူဇော်ကန်တော့ခြင်း၊ အိမ်တွင်းအိမ်ပြင်ရှိ အညစ်အကြေး အမှိုက်သရိုက်များကို ရှင်းလင်းခြင်း၊ ဦးခေါင်းဆေးခြင်း၊ စေတီပုထိုး၊ ကျောင်းကန်များသို့ထွက်၍ ဥပုသ်သီတင်း ဆောက်တည်ကာ ဒါနပြုခြင်း၊ ဘုရားပုထိုး ရုပ်ပွားတော်များကို ရေသပ္ပာယ်ခြင်း စတဲ့အမှုများ ပြုလုပ်ကြသည်။
သို့သော် ယခုနောက်ပိုင်းမှာတော့ မြန်မာ့ရိုးရာ ယဉ်ကျေးမှုကို ထိခိုက်စေသော သရုပ်ပျက် ဝတ်စားဆင်ယင်မှုများနှင့် မြန်မာ့သင်္ကြန်ပွဲတော်က တစ်နှစ်ထက်တစ်နှစ် ပိုပိုကာ ရုပ်ပျက်ဆင်းပျက် ဖြစ်ဖြစ်လာသည်။ တစ်နှစ်တစ်နှစ် သင်္ကြန်ကာလအတွင်းမှာ အရက်သေစာ သောက်စားပြီး မူးရူးပြီး ရန်ဖြစ်ရိုက်နှက်မှုတွေ၊ ကားတိုက်မှုတွေနဲ့ လူသေဆုံးမှုက များများလာသည်။ အရက်သေစာသောက်စားမှုက ယောက်ျားလေးများသာမကတော့ မိန်းကလေးများကလည်း ယောက်ျားလေးတွေနဲ့အတူ ရင်ပေါင်တန်းသောက်ပြီး လူမသိသူမသိ မူးယစ်ကာ ဘဝပျက်သူတွေလည်း ရှိသည်။ ရေကစားတာထက် သောက်ပွဲစားပွဲကြီး ကျင်းပနေသလိုပင်။
ယခုနှစ်မှာလည်း သင်္ကြန်ပွဲတော်ကို ပျော်ရွှင်စွာဆင်နွှဲကြဖို့ နည်းလမ်းအမျိုးမျိုးဖြင့် ပြင်ဆင်နေကြပေပြီ။ ယခုနှစ်သင်္ကြန်က အခါတိုင်းနှစ်လိုမဟုတ်၊ ရက်ထပ်နှစ် ဖြစ်တာကြောင့် အကြတ်တစ်ရက်ပိုသည်။ ငါးရက်တိုင်တိုင် အားရပါးရ ပျော်ကြရပေမည်။ ရက်ထပ်နှစ်လည်းဖြစ်၊ အရပ်သားအစိုးရသစ်လည်းဖြစ်၊ နိုင်ငံအသစ်မှာ ထူးထူးခြားခြား ပထမဆုံးပျော်ရွှင်ရမယ့် သင်္ကြန်မှာ လူထုက စိတ်လှုပ်ရှားမှုများဖြင့် အပျော်ကြီးပျော်ကြဖို့ တာစူနေကြပေပြီ။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကလည်း သင်္ကြန်ကာလအတွင်း ပြည်သူများ သတိပြု ရှောင်ကြဉ်ရမည့် အချက်များကိုလည်း ထုတ်ပြန်ထားသည်။ သင်္ကြန်ကာလအတွင်း မှုခင်းများ မဖြစ်ပွားစေရန်၊ ယာဉ်မောင်းများ လိုက်နာရန်၊ အရက်သေစာ မူးယစ်ဆေးဝါးများ မသုံးစွဲရန်နှင့် တုတ်ဓားလက်နက်များ မကိုင်ဆောင်ရန် စသည့်အချက်များ ပါဝင်သည်။
မြန်မာနိုင်ငံအနေဖြင့် ယခုနှစ်က အခါတိုင်း နှစ်သစ်တွေထက် ပိုပြီးထူးခြားသည်ဟု ဆိုရမည်။ ယခုနှစ် ဧပြီ ၁၇ ရက်မှာ ကျသော နှစ်ဆန်းတစ်ရက်နေ့တွင် လူသစ်စိတ်သစ်တို့ဖြင့် ချမ်းမြေ့ပျော်ရွှင်ကြပါစေဟု ဆုတောင်းမှု ပြုလိုက်ရပေသည်။